Sunday, August 29, 2010

ဦးရုက္ခစိုး နတ်ပေါင်းမှားခြင်း

ရန်ကုန်သားတာတေ

“ပွဲဦးမင်းကြီး ကြွလာပြီဆို မောင်းမတွေကကြို … ပွဲသိမ်းမင်းကြီး ကြွလာပြီဆို မောင်းမတွေကကြို … ကြို ကြို ကြိုကြို … မောင်းမတွေက … မောင်းမတွေက ကြို”

ဆူညံ ပွက်လော ရိုက်ကာ ညှော်နံ့များ ဝေနေသည့် တောင်ပြုန်း ပွဲတော်ဝန်းအတွင်း လူစီးကြောင်းကြီးထဲတွင် ဦးရုက္ခစိုး ရောက်နေခြင်းဖြစ်သည်။

“ရွှေလမ်းငွေလမ်း ခင်းလို့ပေးမယ် ကျော် ကျော် ကျော် ကျော် … တို့ကိုကြီးကျော် … တို့ဖေဖေကျော်”

နတ်နန်း တဆောင်တွင် ထောင်တန်များ ကျဲလိုက်ပြီး နတ်ဒိုးသံဖြင့် အားပါးတရ ကခုန်နေသည့် သူကို မြင်ဖူးသည် အမှတ်ဖြင့် ဦးရုက္ခစိုး ကြည့်လိုက်ရာ … ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်း ဖြစ်နေသည်။ ဘေးတွင်လည်း မိတ်ကပ် အဖွေးသား လိမ်း၍ “ဟေးဟား” ဝိုင်းအော်နေကြသူများ ရှိသည်။ ရှေ့ဆုံးတွင် ထိုင်နေသူကို မှတ်မိစေရန် ဦးရုက္ခစိုး မနည်းကြည့်ယူရသည်။

ရုက္ခစိုး။ ။ ဟာ … ဝန်ကြီးချုပ် ဦးသိန်းဂိန်။ ဆံပင်တုကြီးလည်း စွပ်လို့ ဘယ်လိုဖြစ်တာလဲ။

သိန်းဂိန်။ ။ ဟယ် … ယူပါလား။ ကြည့်စမ်း လူဆိုး … အဲ နတ်ဆိုး … အခုမှ လာရလားလို့။ တို့က အခု မာမီဂိန်ဖြစ်နေပြီ။ ဦးသိန်းဂိန်လို့ ခေါ်နဲ့၊ ကြိုက်ဘူး။

ရုက္ခစိုး။ ။ ကြံ့ဖွံ့တဖွဲ့လုံး ဒီရောက်နေကြတာလား။ ဘယ်လိုဖြစ်ကုန်တာလဲ။

သိန်းဂိန်။ ။ အို … တို့ဆောင်ပုဒ်ကို ယူ မသိဘူးလားလို့။ “နိုင်ကိုနိုင်ရမည်။ ဘယ်လိုနိုင်နိုင်၊ နိုင်ဖို့သာ အရေးကြီးသည်၊ အောက်လမ်းနည်းနဲ့နိုင်နိုင်၊ ဂမ္ဘီရနည်းနဲ့ နိုင်နိုင်၊ နတ်မလို့ပဲနိုင်နိုင်၊ ကလိန်ကကျစ်လုပ်ပြီး နိုင်နိုင် … ကြိုက်သလိုသာ လုပ်၊ ကြံ့ဖွံ့နိုင်ရမည်” ဆိုတာလေ။

ဦးသိန်းဂိန်က အသံနေအသံထားဖြင့် ဆိုပြခြင်းဖြစ်သည်။

ရုက္ခစိုး။ ။ အဆိုတော် ခေါဖုခင် ဆိုတဲ့သီချင်းလား။ ကြားဖူးတယ်။

သိန်းဂိန်။ ။ အဲဒါ တို့ကြံ့ဖွံ့ဆောင်ပုဒ်လေ။ အခု အဲဒီဆောင်ပုဒ်ထဲက အတိုင်း နိုင်အောင် မစအောင်လို့ ဒီမှာ ရှိသမျှ အမေတို့၊ အဖေတို့၊ မမတို့၊ ကိုကြီးတို့၊ ကိုလေးတို့၊ ဦးတင်ဦးတို့ကို လာပြီး ပူဇော်ပသတာ။ ကန္နားလာပေးတာ … သိပြီလား။

ရုက္ခစိုး။ ။ ကိုကြီးတို့၊ ကိုလေးတို့၊ အဖေတို့၊ အမေတို့က ထားပါတော့ … ဦးတင်ဦးက ဘယ်က ပါလာတာလဲ။

ဦးသိန်းဂိန်။ ။ လေယာဉ်ပျက်ကျသွားတဲ့ ဦးတင်ဦးလေ။ သူလည်း အစိမ်းသေဆိုတော့ နတ်ဖြစ်မှာပဲမဟုတ်လား။ ဂယ်ပဲ ဂယ်ပဲ … ဦးရုက္ခစိုးဟာလေ၊ သိပ်ကို ရှင်းရတာပဲ။

ဦးရုက္ခစိုးကို လှည့်ပြောအပြီး တီးလိုက်သော နတ်ဒိုးနှင့်အတူ လက်ခုပ်တီး၍ “ရွှေလမ်း ငွေလမ်း ခင်းလို့ ပေးမယ် တို့ကြံ့ဖွံ့နော်၊ ကျော် ကျော်ကျော်ကျော် တို့ ကျော်ဆန်းနော်” ဆိုပြီး အော်ဆိုလိုက်သေးသည်။ ဦးဆော်ကြမ်း၏ ကြံ့ဖွံ့အမည်မှာ ဦးကျော်ဆန်းဖြစ်သည်။

ရုက္ခစိုး။ ။ မာမီဂိန်တောင် ပုဆိုးဝတ်တာ အတော်ကျွမ်းနေပြီပဲ။

ဦးသိန်းဂိန်။ ။ ဟေ့ … တို့က ပုဆိုးတင် မဟုတ်ဘူးနော်၊ ထဘီလည်း ဝတ်တတ်တယ်၊ ဝတ်ပြရမလား။

ဦးသိန်းဂိန်က ဦးရုက္ခစိုးကို ပြန်ပြောရင်း ပွဲခင်းတနေရာကို ကြည့်ကာ မျက်စောင်းထိုးလိုက်သည်။ ပွဲခင်းတနေရာတွင် တစည အဖွဲ့က ပါတီ စည်းရုံးရေး လုပ်နေသည်။

ဦးသိန်းဂိန်။ ။ ဟေးယူ … ကြည့်စမ်း ကြည့်စမ်း။ ဒီလိုနေရာမျိုးမှာ ပါတီစည်းရုံးရေး လာလုပ်နေတယ်။ တကယ်ပါပဲဟယ်။ သူတို့မို့လို့ နတ်ရိုက်မှာ မကြောက်မရွံ့။

တစည ပါတီထဲက တဦးက ဦးရုက္ခစိုးကို လက်ကမ်းကြော်ငြာ တစောင်လာဝေရင်း “ဦးရုက္ခစိုး သေချာဖတ်ကြည့်နော်။ ကျနော်တို့ပါတီက သူတို့လို ဖားတပိုင်းငါးတပိုင်းမဟုတ်ဘူး၊ ဟိုမရောက် ဒီမရောက်မဟုတ်ဘူး။ နောက်မှာ စစ်တပ်လည်း မရှိဘူး။ သန့်သန့်လေး သိလား” ဟု ပြောလိုက်ရာ ဦးသိန်းဂိန်က ပုဆိုးကို မ ရင်း “… ကြည့်စမ်း။ လူကိုများ ဖားတပိုင်း ငါးတပိုင်းတဲ့။ သူတို့ကမှ အထည်ကြီးပျက်တွေ။ ဟွန်း … နတ်ရိုက်မယ့်ဟာတွေ။ ကြည့်လို့ကို မရဘူး။ နင်တို့နဲ့ ရွေးကောက်ပွဲ စင်မြင့်ပေါ်မှာ တွေ့မယ် … သိလား။ အကောင်တွေရဲ့” ဟု နှုတ်ခမ်းထော်ရင်း ရန်တွေ့သည်။

ရုက္ခစိုး။ ။ ဦးသိန်းဂိန်တို့ရဲ့ ကြံ့ဖွံ့ပါတီက တစည ကိုလန့်နေပြီ ထင်တယ်။ ဟုတ်လား။

သိန်းဂိန်။ ။ အောင်မယ်။ ရာရာ စစ။ တို့လန့်တဲ့ပါတီဆိုတာ မရှိသေးဘူး သိလား။ တို့နောက်မှာ ချိုကုပ်ဒူးကြီးရှိတယ်။ သူတို့က အထည်ကြီးပျက်တွေလေ၊ ပိုက်ဆံလည်း မရှိဘဲနဲ့များ။ လာယှဉ်ချင်သေးတယ်။ သိန်းဂိန်ကို ဘာမှတ်နေလဲ။

ရုက္ခစိုး။ ။ ဒါဆို ဦးသိန်းဂိန်ပါတီက သေချာပေါက် နိုင်မယ်လို့ တွက်ထားပြီးသားပေါ့ ဟုတ်လား။

သိန်းဂိန်။ ။ သေချာပေါက် ကလိန်ကကျစ်ကျထားတာ … မနိုင်ဘဲ ရှိမလား။ ဟယ် … ယောင်လို့ (ပါးစပ်ကို လက်နှင့် အုပ်၍) တို့ပါတီက သေချာပေါက်ကို နိုင်ဦးမှာ။ အောင်ပွဲခံဦးမှာ။ အဲဒီအခါကျရင် ကိုးကြီးကျော်တို့ မမနှဲတို့နဲ့အတူ ဖလန်းဖလန်းကို ထလိုက်ဦးမှာ။

ရုက္ခစိုး။ ။ တစည ဘက်က ပြောနေကြတယ်၊ ဦးသိန်းဂိန်က တပ်ကထွက်ပြီလည်း ပြောသေးတယ်၊ အပြင်ထွက်ရင် စစ်သား အစောင့်အရှောက်နဲ့ ထွက်တယ်တဲ့။ အဲဒါမျိုး မဖြစ်သင့်ဘူးတဲ့ဗျ။

သိန်းဂိန်။ ။ မဖြစ်သင့်ဘူးဆိုတာ တို့တတွေရဲ့ အဘိဓာန်မှာ မရှိဘူးကွယ်။ အခုအချိန်အထိ လုပ်ချင်ရာ လုပ်နေကြတာ သိရဲ့သားနဲ့။

ရုက္ခစိုး။ ။ အင်း … မေးမိတဲ့ ကျုပ် အမှားပါ။

သိန်းဂိန်။ ။ ဟေ့ … ယူ့ကို ကြွားရဦးမယ် သိလား၊ တို့ ပါတီကို အတင်း သွပ်သွင်းထားတဲ့ သူငယ်လေးတွေဆို အခု ကွန်ပျူတာခလုပ်တွေ ကိုင်တတ်နေပြီ။ ရှယ်နော် … ရှယ်။

ရုက္ခစိုး။ ။ ကွန်ပျူတာ ခလုတ်ကိုင်တတ်တာ ကြွားစရာလား။

သိန်းဂိန်။ ။ အင်းလေ … အဲဒီလို ကိုင်တတ်ဖို့ဆိုတာ လွယ်မလား စဉ်းစားကြည့်စမ်းပါဦး။ မဆလ ခေတ်ကဆို စက်ဆိုလို့ ဂဏန်းပေါင်းစက်တောင် မြင်ဖူးဖို့ လွယ်တာမဟုတ်ဘူးလေ။ အဲဒါကြောင့် တို့က ပြောတာ၊ ခြင်္သေ့ကိုပဲ မဲပေးပါလို့။

“ဘာမှလည်း မဆိုင်ဘူး” ဟု စိတ်ထဲက ရေရွတ်လိုက်သည်။ ထိုစဉ် ရုတ်ရုတ်ရုတ်ရုတ်နှင့် လူတစု ရောက်လာသည်။ ကင်မရာများကို ထုတ်ရိုက်ကြသည်။ ငိုသူကငို … ရယ်သူကရယ်နှင့် တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားသည်။

သိန်းဂိန်။ ။ ဟယ် … ဘာဖြစ်ကြတာလဲ၊ ဘာဖြစ်ကြတာလဲ။ သူတို့က ဘယ်သူတွေလဲ။ လုပ်ကြပါဦးတော်။ ဒုက္ခပါပဲ။

ရုက္ခစိုး။ ။ ရုပ်ရှင်အဖွဲ့ထင်တယ်။ တောင်ပြုန်းနောက်ခံ ဇာတ်ကား လာရိုက်တာ ဖြစ်မယ်။

ဦးရုက္ခစိုးခန့်မှန်းသလို ရုပ်ရှင်အဖွဲ့ဖြစ်နေသည်။ ရုပ်ရှင်အဖွဲ့က ရိုက်ကောင်းကောင်းနှင့် ရိုက်နေစဉ် ပွဲခင်း တခင်းလုံးက နတ်ကတော်များ ဝိုင်းလာကြသည်။ နတ်ကတော် မူပိုင်ခွင့်ကိစ္စ ငြင်းကြခုန်ကြနှင့် တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားသည်။ နတ်ကတော် ဇာတ်ရုပ်ကို ရုပ်ရှင်ရိုက်လျှင် နတ်ကို အသိပေးသင့်သည်ဟု နတ်ကတော်များက အော်ကြသည်။

ထိုသို့ ရုတ်ရုတ်သည်းသည်း ဖြစ်နေစဉ် နတ်ဒိုးသံ ပြောင်းသွားသည်။ “ဝါကာ ဝါကာ အေ့အေ … ဝါကာ ဝါကာ အေ့အေ” ဆိုသည့် ကမ္ဘာ့ဖလား ဘောလုံးသီချင်းကို မြန်မာစာသား ထည့်ကာ နတ်ဒိုးဖြင့် တီးဆိုကြသည်။ ဘယ်အချိန်က ရောက်နေမှန်း မသိသော မြန်မာမှုပြု ပြန်လည်သီဆိုသူ အဆိုတော်နှင့် တေးရေးမှာ သီချင်းကို သူပိုင် ငါပိုင် ရန်ဖြစ်ကြပြန်သည်။

ရုတ်ရုတ်သည်းသည်း ဖြစ်သွားသော အခြေအနေကို ထိန်းရတော့မည်ဟူသော အသိဖြင့် ပြန်ကြားရေးဝန်ကြီးဆော်ကြမ်း အားပါးတရ ကနေရာက ရပ်လိုက်သည်။

“ရှင်းပေးပါ၊ ရှင်းပေးပါ” ဆိုသော အသံများဆူညံနေသည်။

ဆော်ကြမ်း။ ။ ကဲ … အားလုံးငြိမ် … ဒီပြဿနာတွေအားလုံး ပြေလည်ချင်တယ် မဟုတ်လား။ တို့ရှင်းပေးမယ်။

“ပြေလည်ချင်တယ်” ဟု လူအုပ်ကြီးက အော်လိုက်သည်။

ဦးသိန်းဂိန်က ဦးဆော်ကြမ်းကို “ကြုံတုန်းလေး ပါတီစည်းရုံးရေးလုပ်လိုက်” ဆိုသည့်သဘော မျက်ရိပ်ပြလိုက်သည်။ ဦးဆော်ကြမ်းမြင်ရန် အကောင်တကောင်ပါသော စာရွက် တရွက်ကိုလည်း ထောင်ပြလိုက်သည်။ ထိုအကောင်ကို မည်ကဲ့သို့ ခေါ်ရမည်မှန်း ရုတ်တရက် ဦးဆော်ကြမ်းက မေ့နေသေးသည်။ ခဏနေတော့မှ အော်လိုက်သည်။

“ပြဿနာတွေ ပြေလည်ချင်ရင် ခြင်္သေ့ကို မဲပေးပါ”

ဦးဆော်ကြမ်းအသံ အဆုံးတွင် ပရိသတ်ထဲက သောက်လက်စ အရက်ပုလင်းတလုံး ဝဲပျံလာပြီး သူ့ထိပ်တည့်တည့်ကို မှန်သည်။ နောက်တွင် ပြောင်းဖူးရိုးများ၊ ရေသန့်ဗူးများ၊ အမှိုက်ထုပ်များ ဝဲပျံလာသည်။

ဦးသိန်းဂိန်နားတွင် ရောက်နေသော နတ်ကတော်တဦးက “ပြဿနာ ရှင်းပါဆိုမှ … ပိုရှုပ်အောင် လုပ်ချင်ဦး။ ကဲဟယ် … မှတ်ပြီလား။ အဲဒါ နတ်ရိုက်တာ။ မှတ်ပြီလား” ဟုပြောရင်း ဦးသိန်းဂိန်၏ တင်ပါးကို ဝါးခြမ်းပြားဖြင့် တဖြန်းဖြန်း ရိုက်သည်။

နတ်ကတော်အပေါင်း၏ ဝိုင်းဝန်းဆွမ်းကြီးလောင်းသည့်ဒဏ်ကို မခံနိုင်သည့်အဆုံး ဦးသိန်းဂိန်နှင့်အဖွဲ့ ကမူးရှုးထိုး ထွက်ပြေးကြရာ သူတို့ကြားတွင်ရောက်နေသော ဦးရုက္ခစိုးပါ ဖနောင့်နှင့်တင်ပါး တသားတည်း ကျအောင် ပြေးရလေတော့၏။

လူစိတ်ဝင်စားမှုနည်းပါးတဲ့(၂ဝ၁ဝ)ရွေးကောက်ပွဲ

Kaowao ကောင်းဝါ

မြန်မာစစ်အစိုးရမှ နိုဝင်ဘာလ(၇)ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု ကြေညာ ခဲ့သလို တဖက်တွင်လည်း နိုင်ငံရေးပါတီများအနေနှင့် ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်း များလည်း ရှိပါသည်။ မွန်ပြည်နယ်အစွန်ဆုံး ရေးမြို့နယ်ဘက်တွင် နိုင်ငံရေးပါတီ(၃)ခုမှ အပြိုင်အဆိုင်မဲ ဆွယ်စည်းရုံးမှု ပြုလုပ်နေသည်ဟု သိရပါသည်။

အဆိုပါနိုင်ငံရေးပါတီများလှုပ်ရှားမှုနှင့်ပက်သက်၍ ရေးမြို့နယ်နေ နိုင်ငံရေးစိတ်ဝင်စားသူတစ်ဦးဖြစ်သော နိုင်သုဝဏ္ဏကို ကောင်းဝါသတင်းဌာနမှ အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းခဲ့ပါသည်။

မေး။ ။ အခု ရေးမြို့နယ်နဲ့ တခြားဆက်စပ်ရာမြို့နယ်တွေမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ လှုပ်ရှား မှုအခြေအနေ ဘယ်လိုရှိသလဲ၊ သူတို့ရဲ့ မဲဆွယ်စည်းရုံးရေးရဲ့ပုံစံကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ လောလောဆယ်တော့ သူတို့ကအထိုက်အလျောက်ပဲ ဥပမာ ရွာကြီးတွေမှာဆိုလို့ရှိရင် သူတို့စည်းရုံးရေး ဆင်းထားပြီးသား၊ အားလုံးလိုလိုပဲသူတို့ကဒီရွာကို အနည်းဆုံး ဥပမာ (၅)ယောက်ကို စည်းရုံးနိုင်တယ်၊ ကျန်တဲ့ဟာကို အဲဒီ(၅)ယောက်က ဆက်လုပ်သွားမယ်။
သူတို့စည်းရုံးရေးဆင်းတာကတော့ ထွေထွေထူးထူးသိပ်ပြီးဘာမှမပြောပါဘူး၊ သူတို့အနေနဲ့ ကတော့ ပြည်သူ လူထုကို မဲဆွယ်စည်းရုံးတဲ့နေရာမှာ တချို့အချက်အလက်တွေကတော့ ပြောသွားတာတော့ ရှိတာပေါ့၊ ဥပမာ ပါတီဝင် ကဒ်တွေထုတ်ပေးတယ်၊ ဒီကဒ်ကိုသုံးခြင်းအားဖြင့် ကျေးရွာကကောက်ခံတဲ့ ဝင်ငွေတွေကိုလုံးဝမပေးရဘူး။ ပေးစရာ မလိုဘူးဆိုတာမျိုးတွေကိုဟောပြောထားတယ်။
တချို့မွန်လူမျိုးတွေကိုလွှတ်ပြီး သူတို့ကဘဲမွန်ပါတီကို ကိုယ်စားပြု သယောင် လုပ်တာတွေတော့ရှိတယ်။ အဲဒါမျိုးကြုံတွေ့တာတွေရှိတယ်။

မေး။ ။ သူတို့ရဲ့အပေါ်မှာရော ပြည်သူတွေရဲ့ ယုံကြည်မှုတွေ ဘယ်လောက်ရှိသလဲ။

ဖြေ။ ။ အဲဒီအပေါ်မှာတော့ ပြည်သူတွေရဲ့ယုံကြည်မှုကတော့ အတိုင်းအတာတစ်ခုလောက်ပဲရှိတယ်။ ပြည့် ပြည့်ဝဝယုံကြည်တာတော့မရှိဘူးပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ နေရာဒေသကအခြေအနေခြင်း မတူညီကြဘူးလေ၊ သူတို့ လွန်ဆန်နိုင်တာ၊ မလွန်ဆန်နိုင်တာတွေ ဆိုတဲ့အချက်အလက်တွေရှိနေသေးတဲ့ အခါကျတော့ အပြည့်အဝတော့ သူတို့ ယုံကြည်မှာမဟုတ်ပါဘူး။

မေး။ ။ ဟုတ်ကဲ့ ပြည်ခိုင်ဖြိုးအသင်းအနေနဲ့ရော ဘယ်လိုစည်းရုံးမှုရှိနေပါသလဲ။

ဖြေ။ ။ ပြည်ခိုင်ဖြိုးအသင်းအနေနဲ့ကတော့ လောလောဆယ်မှာတော့ ဟိုတလောက ဗိုလ်ချုပ်အုန်းမြင့် ဆင်း လာပြီးနောက်ပိုင်း အခုသိပ်ပြီးတော့ လှုပ်ရှားမှုမရှိဘူးပေါ့၊ သူတို့အနေနဲ့ကတော့ သူတို့စည်းရုံးရေး ဆင်းတယ် ဆိုတာ ဥပမာကျေးရွာမှာသူတို့ခန့်ထားတဲ့ စည်းရုံးရေးမှူးအပါအဝင်(၅)ဦးပေါ့၊ အဲဒီ(၅)ဦးကိုပဲ အဓိကထားပြီးတော့ တစ်အိမ် တက်တစ်အိမ်ဆင်းဖြစ်စေ၊ ဒါမှမဟုတ် နီးစပ်ရာဖြစ်စေ၊ အဲဒီလို ကိုယ်နိုင်ရင်နိုင်သလိုပေါ့ စည်းရုံးထားဖို့ပဲ ညွန်ကြား တယ်၊ ကျန်တာတွေကတော့ ဒီထက်ပိုပြီးမလုပ်ဖို့ပဲ သူတို့ညွန်ကြားတယ်။

မေး။ ။ အခု ဒီရေးနယ်ဘက်မှာ လူငယ်တွေအနေနဲ့ပေါ့ ဒီရွေးကောက်ပွဲကိုစိတ်ဝင်စားမှုရှိပါသလား။

ဖြေ။ ။ ရေးမြို့နယ်ဘက်မှာကတော့ ရွေးကောက်ပွဲအပေါ်ကိုစိတ်ဝင်စားမှုတော်တော်လေးအားနည်းတယ် လို့ကျွန်တော်ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့လူငယ်တော်တော်များများက သူတို့စိတ်ထဲမှာ ဘယ်လို ယူဆထား လဲဆိုတော့ ဒီရွေးကောက်ပွဲဟာပေါ့အစိုးရကတစ်ဖက်တတ်နိုင်တဲ့ ရွေးကောက်ပွဲပဲ ဖြစ်တယ်၊ ဘယ်လိုပဲ လုပ်လုပ်သူတို့ပဲ နိုင်ရမှာပဲ၊ ဘယ်လိုပဲ ကိုယ့်အနေနဲ့ ကြိုးစားကြိုးစား ဒီရွေးကောက်ပွဲဟာ တဖက်သတ်ဖြစ်မယ်လို့ သူတို့ထင်မြင် ယူဆနေကြတယ်၊ အဲဒီအတွက်သူတို့က ရွေးကောက်ပွဲအပေါ်သိပ်ပြီးတော့ အာရုံမထားကြတော့ဘူး၊ ဘယ်လို ပြောကြလဲဆိုလို့ရှိရင် အချို့လူတွေကငါတို့လုပ်ရမှာကငါတို့အလုပ်ပဲ၊ ငါတို့တစ်နေ့လုပ်မှ ငါတို့ထမင်းစားရမယ်။ ဆိုတော့ ဒီရွေးကောက်ပွဲအပေါ် အာရုံစိုက်နေရင် ငါတို့အတွက်အချိန်ကုန်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ ပြောနေကြတာ ကြားရတယ် ခင်ဗျာ။

မေး။ ။ ပြီးခဲ့တဲ့ (၁၉၉ဝ) ရွေးကောက်ပွဲနဲ့ အခု (၂ဝ၁ဝ) ရွေးကောက်ပွဲဟာ ဘာကွာခြားလဲခင်ဗျား။

ဖြေ။ ။ (၁၉၉ဝ) ရွေးကောက်ပွဲနဲ့  ဒီ(၂ဝ၁ဝ) ရွေးကောက်ပွဲကြတော့ နည်းနည်းကွာခြားတာရှိတယ်ခင်ဗျာ၊ (၂ဝ၁ဝ) ရွေးကောက်ပွဲမှာကြတော့ ပြည်သူတွေတအားစိတ်ဝင်စားမှု သိပ်ပြီးတော့မရှိဘူးလို့ ကျွန်တော် မြင်တယ်ခင်ဗျ (၁၉၉ဝ) ရွေးကောက်ပွဲတုန်းကလူတွေ တော်တော်လေးထထကြွကြွနဲ့ နှိုးနှိုးကြားကြား ရှိကြတယ်။ လူတွေအားလုံး လိုလိုကလည်း တခဲနက်အားပေးကြတာမျိုးတွေရှိတယ်၊ အခုခလဲ့ကြတော့ သိပ်ပြီးအားပေး တာမျိုးမရှိဘူး၊ သာမန်အခြေအနေ လောက်ပဲ။ ဥပမာ ရေလိုက်ငါးလိုက်နေသွားမယ် ဆိုတဲ့ပုံစံမျိုးလေးတွေပဲ များတယ်ခင်ဗျာ။

မေး။ ။ ဟုတ်ကဲ့။ အဲဒီလိုစည်းရုံးရေးဆင်းတဲ့အထဲမှာ ဘယ်ပါတီကိုထူးထူးခြားခြား ပြည်သူတွေအားပေးမှုရှိပါသလဲ။

ဖြေ။ ။ ဒီထဲမှာထူးခြားမှုရှိတာက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ သိပ်ပြီးတော့ သိပ်ထူးခြားမှု မရှိဘူး၊ ထူးခြားမှုရှိတာက မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ အဲဒီမွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဒီမွန်ပြည်နယ်ကို ကိုယ်စားပြုပြီးတော့ ရွေးကောက်ပွဲထဲဝင်တာ ကျွန်တော်အနေနဲ့ မွန်ပြည်နယ်အတွက် ထူးခြားမှု တစ်ခုလို့ကျွန်တော် ထင်တယ်ခင်ဗျာ။

မေး။ ။ ဟုတ်ကဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရဲ့ စည်းရုံးရေးအပေါ်မှာပေါ့ ဘယ်လိုမြင်ပါ သလဲခင်ဗျ။

ဖြေ။ ။ သူတို့ရဲ့စည်းရုံးရေးကတော့ သာမာန်ပါပဲ၊ မွန်ပြည်သူတွေအပေါ်ကို သူတို့ကလူမျိုးရေးတစ်ခု အနေနဲ့ပဲ စည်းရုံးတယ်၊ ကျန်တဲ့အပိုင်းမှာ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်ဆိုပြီး စည်းရုံးတာမရှိဘူးခင်ဗျ၊ ရိုးရိုးပါပဲ၊ သူတို့ စည်းရုံးသွားတဲ့အပိုင်းအပေါ် မူတည်ပြီးပြောရမယ်ဆိုရင် ရည်ရွယ်ချက်တစ်ခုရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဒီမွန်လူမျိုးဆိုတာ ကျွန်တော်တို့တစ်ကြိမ်တစ်ခါမှ ဒီရွေးကောက်ပွဲထဲကို ပါဝင်ခဲ့ခြင်းမရှိဘူးပေါ့၊ အခုအချိန်မှာ ရွေးကောက်ပွဲထဲကိုပါဝင်ခဲ့ခြင်းအားဖြင့် မွန်လူမျိုးတွေအနေနဲ့ ဒီတိုင်းပြည်မှာရှိနေတဲ့ လူမျိုးတစ်မျိုးဆိုတာကိုပြ နိုင်တယ်၊ အကယ်၍ရွေးကောက်ပွဲမှာ နိုင်ခဲ့သည်ရှိရင်လည်း ကိုယ့်လူမျိုးအတွက်အထောက်အကူပြုမယ့် ပြောရေးဆိုခွင့် တစ်နေရာ ရနိုင်တယ်၊ တကယ်လို့ ရှုံးခဲ့တယ်ဆိုရင်လည်းအတွေ့အကြုံရတယ် ဒီလိုမျိုးပြောဆို စည်းရုံးသွားတာရှိတာပေါ့။

မေး။ ။ လက်ရှိအခြေအနေအရပေါ့နော် အဲဒီရေးမြို့နယ်နဲ့ဆက်စပ်ရာမြို့နယ်မှာ ဘယ်ပါတီကအားသာ ချက်ရှိ နေလဲခင်ဗျ။

ဖြေ။ ။ လက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့ရေးမြို့နယ်နဲ့ဆက်စပ်ရာမြို့နယ်မှာဆိုလို့ရှိရင် မြို့ပေါ်မှာ တော့ များသောအားဖြင့် ပြည်ခိုင်ဖြိုးပါတီကနည်းနည်းအားသာတယ်ဆိုပေမယ့် နယ်ဘက်မှာ ပြန်ပြီး လေ့လာ ကြည့်လိုက် လို့ရှိရင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက အားသာချက်တွေ အများကြီး ရှိတယ်ခင်ဗျ၊ သူတို့ရဲ့စည်းရုံးရေးက လူမျိုးရေးနဲ့မွန်ပြည်သူလူထုရဲ့အခွင့်အရေးအပေါ်မူတည်ပြီး စည်းရုံးထားတယ်ဆိုတဲ့အချက်လဲပါတယ်၊ နောက်ပြီး သူတို့ရဲ့ ရှင်းပြတဲ့အချက်အလက်လေးတွေကလည်း မွန်ပြည်သူတစ်ရပ်လုံးက လက်ခံနိုင်တဲ့ အချက်အလက်လေး တွေဖြစ်နေ တဲ့အခါကျတော့ သူတို့အပေါ်နဲနဲ အာရုံစိုက်တာလေးတွေ များတယ်လို့ ကျွန်တော် မြင်တယ်ခင်ဗျ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခြိမ်းခြောက် စည်းရုံး

ရိုးမ ၃။

ဧရာဝ တီတိုင်း၊ အင်္ဂပူမြို့ နယ်အတွင်း ကျေးရွာ များတွင် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီအား မထောက်ခံ ပါက ထောင်ချ မည်ဟု ဒေသခံ အာဏာပိုင် များက ပြောဆို ခြိမ်းခြောက် မှုများ ပြုလုပ် နေသည်။

“ကြံ့ဖွံ့ပါတီကို မထောက်ခံရင် စစ်ဆေးမယ်၊ ဖမ်းမယ်လို့ အင်္ဂပူမြို့နယ်၊ ကျဉ်ကြီးအုပ်စုက ဥက္ကဌနဲ့ စာရေးက ပြောထားတာတွေရှိတယ်” ဟု ဒေသခံက ပြောသည်။

သစ်တောဝန်ကြီး ဦးသိန်းအောင်သည် သိန်းပေါင်း သောင်းကျော်သည့် ငွေကြေးများ အသုံးပြု၍ ၎င်းဝင်ရောက်အရွေးခံမည့် အင်္ဂပူမြို့နယ်အတွင်း စည်းရုံးရေးများကို လုပ်ဆောင်နေကြောင်း ဒေသခံက ပြောသည်။

ဟင်္သာတမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦး၊ ဇလွန်မြို့နယ်တွင် သမဝါယမဝန်ကြီး ဦးတင်ထွဋ်တို့က အသီးသီးဝင်ရောက် အရွေးခံမည်ဖြစ်ကြောင်း အဆိုပါဒေသတွင်း သတင်းများထွက်ပေါ်နေပြီး စစ်အစိုးရ ဝန်ကြီးများအနေဖြင့် အဆိုပါဒေသအတွင်း စည်းရုံးမှုများကို နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေလျှက်ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဟင်္သာတခရိုင်အတွင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များ အစည်းအဝေးကို (၂၅) ရက်နေ့က ပြုလုပ်ခဲ့ပြီး အသက်(၁၈) နှစ်ပြည့်သူတိုင်း မှတ်ပုံတင် မဖြစ်မနေပြုလုပ်ရန် သက်ဆိုင်ရာ အာဏာပိုင်များက လိုက်လံကြေညာနေသည်။

ယခုလ (၂၅) ရက်နေ့မှ စတင်ကာ ပြုလုပ်ရန်ကြရန် လိုက်လံကြေညာနေခြင်းဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲပေးရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

“သူတို့က တမြို့လုံးအနှံ့ လိုက်ကြေညာတာ၊ အသက်ပြည့်ရင် လုပ်ကိုလုပ်ရမယ်ဆိုတဲ့သဘော၊ ငွေကြေး ပေးရမလား မပေးရလားတော့ မသိသေးဘူး” ဟု ဒေသခံတဦးက ပြောသည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စစ်အစိုးရဝန်ကြီးများနှင့် ထိပ်ပိုင်းခေါင်းဆောင် (၃၀) ကျော် အရပ်ဝတ်လဲ၍ ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည့် ဒေသများတွင် အစိုးရဘဏ္ဍာငွေနှင့် ရာထူးအာဏာများအသုံးပြုကာ စည်းရုံးမှု မျိုးစုံ ပြုလုပ်နေလျှက်ရှိသည်။

ပင်လုံကတိ ဖျက်သိမ်းခြင်း (သို့မဟုတ်) နိုင်ငံရေးပဋိပက္ခအသစ် ဖန်တီးမည့် ရွေးကောက်ပွဲ

ဇင်လင်း

စစ်တပ်က ၂၀၁၀ နိုဝင်ဘာ (၇) တွင် ရွေးကောက်ပွဲ ကျင်းပတော့မည်ဟု ကြေညာလိုက်ပြီ။ ရွေးကောက်ပွဲဝင်ရန် တန်းစီထားသော နိုင်ငံရေးပါတီ (၄၀) ခန့်မှာ မတရားဥပဒေဖြင့် သတ်မှတ်ထားသော အဖွဲ့ဝင် (၁,၀၀၀) ပြည့်မီရေးနှင့် နပန်းလုံးနေရဆဲ။ ခြိမ်းခြောက်နှောင့်ယှက်မှုများကြားတွင် ပါတီကိုယ်စားပြု အမတ်လောင်းများ ခက်ခက်ခဲခဲ ရှာနေရဆဲ။ အမတ်လောင်း မှတ်ပုံတင်ကြေး (တဦးလျှင် ကျပ် ၅ သိန်းနှုန်း) နှင့် မဲဆွယ်လှုပ်ရှားမှုရန်ပုံငွေ ရရှိရေးအတွက် စိုးရိမ်သောက ရောက်နေရဆဲ။ လွတ်လပ်စွာ စည်းရုံခွင့်၊ ဟောပြောခွင့် စာရွက်စာတမ်း ဖြန့်ဝေခွင့်များလည်း ဆုံးရှုံးနေရဆဲ။ သို့သော် စစ်တပ်က ဖွဲ့ထားသည့် ကြံ့ဖွံ့ပါတီကမူ အရှင်မွေးတော့ ညချင်းကြီး ဆိုသကဲ့သို့ ဥပဒေအထက်မှ အခွင့်ထူးရ၍ မတော်မတရား မဲဆွယ်စည်းရုံးနေသည်။ အခင်းအကျင်းက ရှင်းလင်းလွန်းသည်။ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအောက်တွင် ကြံ့ဖွံ့ပါတီက အနည်းဆုံး (၉၀) ရာခိုင်နှုန်း နိုင်ရန် ပြင်ဆင်ထားသည်ကို မြင်နေရသည်။

ထို့ကြောင့် ကျန်ရွေးကောက်ပွဲဝင်မည့် ပါတီများမှာ ပါတီစုံရွေးကောက်ပွဲဟု ဆိုရရုံ အဖြည့်ခံမျှသာ ဖြစ်တော့မည်။ ဖွတ်မရ ဓားမပါ ဆုံးမည့်ကိန်းဆိုက်နေ၏။ ထိုအဖြည့်ခံပါတီများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို သစ္စာခံသင့် မခံသင့် ပြန်လည်စဉ်းစားကြမည်ဆိုလျှင် အချိန်မီသေးသည်။ စင်စစ် ယနေ့ မြန်မာ့နိုင်ငံရေးပြဿနာဇာစ်မြစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စဖြစ်သည်။ ပင်လုံသဘောတူညီချက်နှင့် ၁၉၄၇ အခြေခံဥပဒေတို့မှ စတင်ခဲ့သော သမိုင်းရေးပြဿနာဖြစ်သည်။ ပင်လုံသဘောတူညီချက်ကို အခြေခံလျက် တိုင်းပြည်ပြုလွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် လမ်းညွှန်အဆို (၇) ချက်ကို ပြန်ကြည့်လျှင်…

“အဆို (၁) နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စုဟု ခေါ်တွင်စေသော၊ လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမည်။ အဆို (၂) ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရှိစေရမည်။ အဆို (၅) ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်။” စသည်ဖြင့် တွေ့နိုင်သည်။ ယခု နာဂစ်စစ်ဖွဲ့စည်းပုံသည် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချက်နှင့် လုံးလုံးဆန့်ကျင်နေရုံမက တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရေးတို့ကို ငြင်းပယ်ထားသဖြင့် လာမည့် ရွေးကောက်ပွဲသည် ပြည်တွင်း နိုင်ငံရေးပဋိပက္ခအသစ်တခုဆီ ဦးတည်နေပေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ဗိုလ်ချုပ်၏ လမ်းညွှန် (၇) ချက်ကို ယုံကြည်လေးစားခြင်း၊ လွတ်လပ်ရေး အမြန်ရလိုခြင်းတို့ကြောင့် တိုင်းရင်းသားခေါင်းဆောင်များသည် အခြေခံဥပဒေကို အလေးအနက် ဆွေးနွေးခြင်း မပြုကြတော့ဘဲ ရိုးရိုးသားသား လွယ်လွယ်ကူကူ လက်ခံအတည်ပြုခဲ့ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ် (Federal) မူအရဖြင့် ပြင်ဆင်ရေးအတွက် ရေးဆွဲတင်ပြသော “ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ချုပ်မှ စာတမ်း” (ဒို့တာဝန် ပုံနှိပ်တိုက်၊ ရန်ကုန်၊ ပုံနှိပ်နှစ်မပါ) တွင် ဖော်ပြခဲ့သည်။

ထိုစာတမ်းတွင် ၁၉၄၇ အခြေခံဥပဒေ၏ အားနည်းချက်များကို ဝေဖန်ပြရာ၌ “ပြည်နယ်ခေါင်းဆောင်များသည် တည်ဆဲဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မိမိတို့ပြည်နယ်တွင်းရှိ လူမျိုးပေါင်းစုံတို့၏ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး စသောကိစ္စများကို စိတ်ဆန္ဒရှိသလောက် ဆောင်ရွက်ရာတွင် ပြည်ထောင်စုဗဟိုအာဏာကို သိမ်းပိုက်ထားသော ပြည်မ၏ ချုပ်ချယ်မှုကြောင့် မဆောင်ရွက်နိုင်ခဲ့ကြပေ။ ပြည်နယ်သူ ပြည်နယ်သားများသည် ပြည်မ၏ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးများ၏ ဖိနှိပ်မှုအောက်တွင် အလူးအလှိမ့်ခံနေရလေသည်” ဟု လည်းကောင်း၊ “ထိုသို့တွေ့ကြုံရသော အခက်အခဲများကို ပြန်လည်သုံးသပ်ကြည့်သောအခါ အဓိက ချို့ယွင်းချက်သည် တည်ရှိဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပါရှိသော ဗမာပြည်မအစိုးရနှင့် ပြည်ထောင်စုဗဟိုအစိုးရတို့အား ခွဲမထားဘဲ အတူပူးပေါင်းထားခြင်းကြောင့် အစိုးရတဖွဲ့တည်း အုပ်ချုပ်သော စနစ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်” ဟု လည်းကောင်း၊ “ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုစစ်စစ် တည်ထောင်လိုချက်များ၊ လမ်းညွှန်ချက်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ၀ိညာဉ်ချုပ်သွားသည်မှာ ၀မ်းနည်းကြေကွဲစရာပင် ဖြစ်တော့သည်” ဟုလည်းကောင်း၊ “တည်ရှိဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ငြင်းပယ်သည်။ တန်းတူရေးမူကိုလည်း မပေးစွမ်းနိုင်။ ပြည်ထောင်စုအာဏာဟူသရွေ့ကို ပြည်ထောင်စု ဗဟိုအစိုးရအမည်နှင့် ဗမာပြည်မက လက်ဝါးကြီးအုပ် သိမ်းကျုံးယူပြီး ပြည်နယ်များကို မိမိလက်အောက်ခံပြည်နယ်များ (Vassal States) အဖြစ် သွတ်သွင်းခဲ့သည်” ဟု လည်းကောင်း စာတမ်းတွင် သုံးသပ်ဖော်ပြထားသည်။

ယင်း တိုင်းရင်းသားတို့၏ မကျေနပ်ချက်၊ ခံစားချက်များသည် ယခုတိုင် အရိုးစွဲနေသည်ကို စစ်အစိုးရက မသိကျိုးကျွံ လုပ်နေသည်။ နာဂစ်ဖွဲ့စည်းပုံတွင် တိုင်းရင်းသားတို့ ရပိုင်ခွင့်များကို လုံးဝလျစ်လျူပြုထားသည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို သစ္စာခံခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်သွေးစည်းရေးအား ဥပေက္ခာပြုရာကျပေသည်။

မျက်မှောက်အခြေအနေအထိ မြန်မာ့နိုင်ငံရေးပဋိက္ခ၏ အဓိကအချက်မှာ တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေးကိစ္စဖြစ်သည်။ ထိုအချက်အပေါ် နိုင်ငံရေးသမားများက မျှမျှတတ စဉ်းစားသုံးသပ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ထောင်စု (Federal) မူအရ ပြင်ဆင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ စစ်တပ်ကမူ တမိန့်တအာဏာ တပြည်ထောင်စနစ်ဆီသို့သာ ဇွတ်တိုးသွားမြဲသွားနေသည်။

၁၉၆၀ ခုနှစ်အခြေအနေကို ပြန်ကြည့်လျှင် ဦးနု၏ ပြည်ထောင်စု (ပထစ) အစိုးရလက်ထက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရသည်။ ပြည်သူ့လွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရေး အဆိုကို အတည်ပြုပြဋ္ဌာန်းပြီးနောက် ၁၉၆၀ နိုဝင်ဘာ (၇) ရက်တွင် တောင်ကြီးမြို့၌ ရှမ်းပြည်နယ်အစိုးရက အစည်းအဝေးတရပ် ကျင်းပသည်။ ထိုအစည်းအဝေးသို့ ပါလီမန်အမတ်များ၊ ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်တခုစီမှ ကိုယ်စားလှယ် (၂) ဦးစီ၊ ရှမ်းပြည်နယ်ရှိ နိုင်ငံရေးပါတီတခုစီမှ ကိုယ်စားလှယ် (၃) ဦးစီ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်မှ တိုင်းပြည်ပြုလွှတ်တော် ကိုယ်စားလှယ်ဟောင်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးမှ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီကို အဖွဲ့ဝင် (၃၂) ဦးဖြင့် ဖွဲ့ခဲ့သည်။ ထိုကော်မတီက ၁၉၆၁ ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မူတရပ်ချမှတ်ခဲ့သည်။

ထိုမူတွင် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြည်နယ်နှင့် လူမျိုးစုတိုင်းအတွက် လုံလောက်သည့် တန်းတူညီမျှမှုအခွင့်အရေး ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် တန်းတူညီမျှမှု လုံလောက်စွာရရှိရေးအတွက် အခြေခံဥပဒေအား ပြည်ထောင်စုစစ်စစ်မူဖြင့် ပြုပြင်ရေးဆွဲရန် ဖော်ပြထားသည်။ ထိုမူချပြီးနောက် ဦးထွန်းမြင့် (တောင်ကြီး)၊ မိုင်းပွန်စော်ဘွား စ၀်ဆေးဟုမ်၊ စည်သူဦးတင်၊ ဦးကျော်စိန်၊ ဦးကြာပုနှင့် ဦးလှရှိန်တို့ပါဝင်သည် ဆပ်ကော်မတီကို ဖွဲ့ခဲ့သည်။ ဆပ်ကော်မတီက အခြေခံဥပဒေဆိုင်ရာ အထောက်အထားများ ရှာဖွေစုဆောင်းလေ့လာကာ အစီရင်ခံစာကို (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီသို့ တင်သွင်းသည်။ ယင်းအစီရင်ခံစာကို ကော်မတီက ပြင်ဆင်ဖြည့်စွက်၍ “ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးစာတမ်း” ကို ပြုစုသည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့ တောင်ကြီးမြို့တွင် ကျင်းပသော ပြည်လုံးကျွတ်ညီလာခံက ရှမ်းမူဟု လူသိများသော ထိုစာတမ်းကို အတည်ပြုခဲ့သည်။

အထက်ပါစာတမ်းတွင် အာဏာနှင့် အခွင့်အရေးခွဲဝေပုံမှာ မျှတမှုမရှိဘဲ ဗဟိုပြည်ထောင်စုအစိုးရက အာဏာအရပ်ရပ် ချုပ်ကိုင်ထားသဖြင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် မကျေနပ်ကြကြောင်း၊ ဗမာများက လက်ဝါးကြီးအုပ်ထားသည်ဟု မယုံသင်္ကာဖြစ်ကြောင်း တင်ပြထားသည်။ ပါလီမန်ဖွဲ့စည်းပုံနှင့် စပ်လျဉ်း၍လည်း လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) တို့ အခွင့်အာဏာမတူကြောင်း၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့်မရကြောင်း၊ ပြည်ထောင်စုအစိုးရသည် လူမျိုးစုလွှတ်တော်အား တာဝန်မခံဘဲ ပြည်သူ့လွှတ်တော်ကိုသာ တာဝန်ခံသဖြင့် လူမျိုးစုလွှတ်တော်မှာ ဂုဏ်သိက္ခာမရှိသည့်ပြင် ပြည်နယ်များ၏ အခွင့်အရေးကိုလည်း အကာအကွယ်မပေးနိုင်ကြောင်း၊ ထို့ကြောင့် လွှတ်တော် (၂) ရပ် တန်းတူအာဏာရှိရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့်ရရှိရေး တင်ပြထားသည်။

အထက်ပါစာတမ်းကို ဆွေးနွေးရန်နှင့် တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့ကို ပြန်လည်အသက်ဝင်စေရန် ရည်ရွယ်လျက် ၁၉၆၁ ဇွန်လ (၈) ရက်တွင် “ပြည်နယ်ပေါင်းစုံညီလာခံ” ကို တောင်ကြီးမြို့တွင် ကျင်းခဲ့သည်။ ထိုညီလာခံတွင် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းရန် အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ဇွန်လ (၁၃) ရက်၌ ဥက္ကဋ္ဌစ၀်ခွန်ချို၊ ဒု-ဥက္ကဋ္ဌ စ၀်ဝဏ္ဏ၊ အတွင်းရေးမှူး စ၀်ထွန်းအေး၊ တွဲဖက်အတွင်းရေးမှူး ဦးလှဖေ (ပအို့ဝ်) တို့ အပါအ၀င် (၂၂) ဦးပါ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ခဲ့သည်။

အဖွဲ့၏ ရည်ရွယ်ချက်မှာ “(၁) ပြည်ထောင်စုခိုင်မြဲရေးအတွက် အစွမ်းကုန် ဆောင်ရွက်ရန်။ (၂) ပြည်ထောင်စုအတွင်း ပါဝင်သော ပြည်နယ်များသည် မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ခွင့်ရှိသည့်အားလျော်စွာ ထိုအခွင့်အရေးကို လွတ်လပ်စွာ ဖန်တီးနိုင်ရန်။ (၃) ပြည်ထောင်စုအတွင်း တဦးနှင့်တဦး ခွဲခြားခြင်းမပြုဘဲ လူမျိုးမရွေး၊ ဘာသာမရွေး ပြည်ထောင်စုတိုင်းရင်းသားမှန်သမျှ ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံခြင်းကို အားပေးကူညီရန်။ (၄) ကမ္ဘာ့ဒီမိုကရေစီဝါဒအရ ရသင့်ရထိုက်သော လူ့အခွင့်အရေးမှန်သမျှကို ပြည်ထောင်စုတိုင်းရင်းသားတိုင်း တန်းတူညီမျှမှု မဆုံးရှုံးရေးအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ရန်။ (၅) ပြည်နယ်အသီးသီးရှိ လူမျိုးစုတိုင်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်ရန်။ (၆) ဤအဖွဲ့တွင် ပါဝင်သော ပြည်နယ်များသည် ပြည်နယ်များနှင့် သက်ဆိုင်လာမည့် ကိစ္စအ၀၀တို့တွင် တညီတညွတ်တည်း စုပေါင်း၍ ပြဿနာရပ်များကို တစည်းတလုံးတည်း ဆောင်ရွက်ရန်” စသဖြင့်ဖြစ်သည်။

ထိုရှမ်းမူစာတမ်းနှင့်ပတ်သက်၍ ဇူလိုင်လ (၁၁) ရက်နေ့တွင် ၀န်ကြီးချုပ် ဦးနုသည် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် ဦးနုက “ရှမ်းမူနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ လေ့လာပြီးတဲ့အတွက် ဒီနေ့ သတင်းစာကွန်ဖရင့်ခေါ်ကာ ပြောပြခြင်းဖြစ်ပါတယ်။ ကျနော် လေ့လာကြည့်တဲ့အခါမှာ သူတို့လုပ်နေတာ မမှားဘူး။ ပြည်ထောင်စုအစိုးရက ယခုအပတ် ပါလီမန်တွင် ဖြစ်နိုင်ရင် အခြေခံဥပဒေထဲမှာ လုပ်ငန်းလုပ်ရာမှာ အခက်အခဲတွေ့နေတဲ့ ပုဒ်မတွေကို ပြင်ဖို့ စိတ်ကူးခဲ့ပြီး ပြင်ဆင်ချက်ရှိတာတွေကို ပြင်ချင်ရင် တင်ပြရန် ခွင့်ပေးချက်အရ လုပ်ကိုင်ကြခြင်းသာဖြစ်ပါတယ်။ အစိုးရခွင့်ပြုချက်အရ ဒါတွေ လိုချင်တယ်ဆိုတာ ဆုံးဖြတ်ချက်ချပြီး တောင်းတာဟာ ဒီမိုကရေစီအခွင့်အရေးကို သူတို့အသုံးပြုခြင်းသာ ဖြစ်ပါတယ်။ သူတို့ဟာ ဒီမိုကရေစီအခွင့်အရေး သုံးတာကို အစိုးရအဖွဲ့က စိတ်ဆိုးစရာမရှိဘူး။ … ရှမ်းမူရေးဆွဲခြင်းကို စိတ်မဆိုးဘူး။ … ဒါပေမယ့် တိုင်းပြည်မှာ သို့လောသို့လော အထင်မှားဖြစ်တယ်။ ကျနော့်အနေနဲ့လည်း အထင်မှားချက် တချက်နှစ်ချက် ရှိခဲ့တယ်။ ဒီအထင်မှားချက်တွေကို စ၀်ခွန်ချိုနဲ့ နှစ်ကြိမ်တွေ့ဆုံပြီး ရှင်းလင်းပြောပြတဲ့အခါမှာ အထင်မှားချက်တွေ ပျောက်ကုန်တယ်။ … … … အခု သူတို့လုပ်နေတဲ့ လမ်းစဉ်ဟာ ပေးရင်ပေး မပေးရင် ချမယ်ဆိုတဲ့ လမ်းစဉ်မဟုတ်၊ ကျနော်တို့ကလည်း မင်းတို့ချရင် ဒို့ကလည်း ချမယ်ဆိုတဲ့ လမ်းစဉ်မဟုတ်”

“ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲစေချင်ရင် ငါတကော ကော၍မရဘဲ တိုင်တိုင်ပင်ပင်နဲ့ လုပ်ကိုင်သွားပြီး အဖြေရှာရပါမယ်။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲချင်ရင် မလိမ့်တပတ်မလုပ်နဲ့။ မိသားစုအနေနဲ့ ဖြေရှင်းသွားကြရန်၊ လူနည်းစုတွေရော မြန်မာတွေကိုပါ ဒီနေရာက သတိပေးလိုက်ပါတယ်။ ရှမ်းမူခေါ်တဲ့ ဖက်ဒရယ်မူကို မျက်လုံးမပြူးကြပါနဲ့။ မိသားစုအနေနဲ့ ရှင်းသွားပါမယ်” ဟု ဦးနုက ရှင်းလင်းပြောဆိုခဲ့သည်။

ထိုအခြေအနေများကိုကြည့်လျှင် ရှမ်းမူစာတမ်းမှာ ပြည်ထောင်စုစစ်စစ်ဖြစ်ရေးကို တောင်းဆိုသော်လည်း ခွဲထွက်ရန်သဘော လုံးဝမတွေ့ရချေ။

ဝန်ကြီးချုပ် ဦးနု ရှမ်းမူသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့်နေ့မှာပင် (ဖက်ဒရယ်မူနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ သဘောထားကြေညာချက်) ကို ဖြန့်ဝေခဲ့သည်။ ကြေညာချက်တွင် ဖက်ဒရယ်မူနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ ၀န်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပထစ၊ ဖဆပလ၊ ပမညတခေါင်းဆောင်များ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အမှူးပြုသော ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်များ၊ သတင်းစာဆရာမျာနှင့် စာရေးဆရာများအား ရှင်းလင်းတင်ပြခဲ့ကြောင်း၊ လူမျိုးပေါင်းစုံချစ်ကြည်ရေး လူမျိုးစုတိုင်း တန်းတူညီမျှရေးနှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ဖက်ဒရယ်မူရေးဆွဲထားကြောင်း၊ ပါတီအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက လက်ခံတွေ့ဆုံကာ ညီရင်းအစ်ကိုသဖွယ် အကြံပေးဆွေးနွေးကြသည်ကို အားရကျေနပ်ကြောင်း၊ ပြည်နယ်ပေါင်းစုံညီလာခံနှင့် ထိုညီလာခံတွင် ဖွဲ့စည်းလိုက်သော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းပြခွင့်ရသဖြင့် ဖက်ဒရယ်မူနှင့်ပတ်သက်၍ သံသယနှင့် အထင်အမြင်လွဲမှားမှုများ ပပျောက်ကာ ပြည်မနှင့် ရှမ်းပြည်နယ်အကြား နားလည်မှုပိုမိုရရှိမည်ဟု ယုံကြည်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

၁၉၄၇ အခြေခံဥပဒေတွင် ချို့ယွင်းချက်များ ဖြစ်ခဲ့ရခြင်းနှင့်စပ်လျဉ်း၍ ဦးထွန်းမြင့် (တောင်ကြီး) က ၁၉၆၂ ဖေဖော်ဝါရီ (၂၄) ရက်နေ့က ရန်ကုန်၊ ပြည်လမ်း၊ အသံလွှင့်ရုံခန်းမ ပြည်ထောင်စုမူဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောခဲ့ဖူးသည်။ …
(တိုင်းပြည်ပြုလွှတ်တော်တွင် အခြေခံဥပဒေရေးဆွဲကြစဉ် ကော်မတီအစည်းအဝေးတခု၌ အခြေခံဥပဒေအကြံပေးအရာရှိ ဦးချန်ထွန်းက အခြေခံဥပဒေပြဋ္ဌာန်းချက်များ တပုံတခေါင်းကြီး ရေးဆွဲတင်ပြလာသည်ဟုဆိုသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက “ဦးချန်ထွန်း၊ ခင်ဗျား လန်ဘားကျောက်ဒရား* တွေ ရေးနေလို့ ဘယ်ဖြစ်မလဲ။ Broad Principle ကျယ်ပြန့်တဲ့ သဘောတရားလောက်ပါရင် တော်ရောပေါ့။ လွတ်လပ်ရေးရပြီးတဲ့နောက် လိုတာတွေကို By Act ပါလီမန်မှာ အက်ဥပဒေလုပ်ရင် ပြီးတာပဲ။ ဒီလောက် ရှည်ရှည်လျားလျားနဲ့ လုပ်နေရင် နှစ်လ၊ သုံးလနဲ့ ဘယ်မှာပြီးနိုင်ပါ့မလဲ” စသဖြင့် ပြောခဲ့သည်ဟု ဦးထွန်းမြင့်က ဆိုသည်။ ထို့ပြင် ဗိုလ်ချုပ်က “ဥပဒေဆိုတာ Gospal Truth ဘုရားဟောတွေ မဟုတ်ပါဘူး။ လူလုပ်ထားတဲ့ ဥပဒေကို လူက ပြင်လို့မရဆိုတာ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့အနေနဲ့ ဘာမှမပြောလိုပါဘူး။ ပြင်ဆင်ချင်တဲ့ စေတနာရှိ မရှိက အရေးကြီးပါတယ်” ပြောခဲ့ကြောင်း ဦးထွန်းမြင့်က သူ့အသံလွှင့်ရုံ မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။ *လန်ဘားကျောက်ဒရား = ကုလားစကား = ရှည်လျားသောဟု အနက်ဆိုလိုသည်။) ယခု နာဂစ်ဖွဲ့စည်းပုံကို ပြန်ပြင်ဆင်မှု မပြုနိုင်ရန် လုပ်ထားပုံအရ စစ်ဗိုလ်များ၏ စေတနာကို မြင်နိုင်သည်။

ဤသမိုင်းအဖြစ်အပျက် ပုံကြမ်းကို အကျဉ်းမျှ တင်ပြရသည့် ရည်ရွယ်ချက်မှာ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက် ဗိုလ်နေ၀င်း၏ ကလိန်ကျမှုကို သိသာစေရန် ဖြစ်သည်။ ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်ကြောင့် မလွှဲမရှောင်သာ နိုင်ငံတော်အာဏာကို ၀င်ရောက်ထိန်းသိမ်းခဲ့ရကြောင်း တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေ၀င်းက ပြည်သူလူထုအား လိမ်လည်လှည့်ဖြားကာ အာဏာသိမ်းခဲ့သည်။ ဒီမိုကရေစီနည်းအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ငြင်းကြခုန်ကြဆွေးနွေးကြရသည်မှာ ကမ္ဘာနှင့်အ၀ှမ်းတွင် ဖြစ်ရိုးဖြစ်စဉ်ကိစ္စမျှသာဖြစ်သည်။ ဤသို့ဆွေးနွေးငြင်းခုန်မှုကြောင့် တိုင်းပြည်ပြိုကွဲမည့်အန္တရာယ် မရှိပေ။

တကယ့်စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်ခဲ့ချိန်မှာ တော်လှန်ရေးကောင်စီက လမ်းစဉ်ပါတီထောင်သည့်အချိန် ဖြစ်သည်။ လမ်းစဉ်ပါတီမထောင်မီ ဗိုလ်နေ၀င်းက ပထစ၊ ဖဆပလနှင့် ပမညတခေါင်းဆောင်များအား မတ်လ (၄) ရက်တွင် တကြိမ်၊ မေလ (၇) ရက်တွင် တကြိမ်နှင့် မေလ (၁၇) ရက်တွင် တကြိမ် (၃) ကြိမ် သီးခြားစီတွေ့ခဲ့သည်။ ပထမအကြိမ်တွင် မလွှဲသာ၍ အာဏာသိမ်းရကြောင်း ရှင်းပြသည်။ ဒုတိယအကြိမ်တွင် တော်လှန်ရေးကောင်စီ၏ ဧပြီ (၃၀) ရက်နေ့ ထုတ်ပြန်သည့် ၀ါဒသဘောထားကြေညာချက်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရှင်းပြသည်။ တတိယအကြိမ်တွင် နိုင်ငံရေးပါတီများက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အပေါ် မည်သို့သဘောထားကြောင်း မေးမြန်းသည်။ ထိုအချိန်မှစ၍ နိုင်ငံရေးပါတီများအတွင်း သဘောထားကွဲမှုများ ဖြစ်ပွားခဲ့သည်။

၁၉၆၂ ခု ဇူလိုင်လ (၄) ရက်တွင် လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ် ထူထောင်လိုက်သောအခါ ဖဆပလ၊ ပထစ၊ ပမညတ ခေါင်းဆောင်များသည် တော်လှန်ရေးကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့တွေ့ဆုံမှု၊ ၎င်းတို့ပါတီအသီးသီး၏ လမ်းစဉ်ပါတီအပေါ် သဘောထားထုတ်ပြန်ကြေညာချက်များ၊ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ၊ ဆွေးနွေးပွဲများ လုပ်ခဲ့ကြသည်။ လက်အောက်ခံပါတီများ၊ အလုပ်သမား လယ်သမားသမဂ္ဂများအထိ လမ်းစဉ်ပါတီဝင်ရေး-မ၀င်ရေး အကြီးအကျယ် သဘောထားကွဲခဲ့ကြသည်။ ဤသို့ဖြင့် ပါတီပေါင်းစုံမှ နိုင်ငံရေးသမားအများအပြား လမ်းစဉ်ပါတီဝင်ရေး ဆုံးဖြတ်၍ စစ်တပ်ပါတီကို အလုပ်အကျွေးပြုခဲ့ကြသည်။ လမ်းစဉ်ပါတီဆန့်ကျင်သူများ ထောင်ကျတန်းကျ ဖြစ်ကြရသည်။ ပါတီစုံပါလီမန်ဒီမိုကရေစီစနစ်လည်း နင်းခြေခံလိုက်ရသည်။

ထိုစဉ်က စစ်အာဏာသိမ်းမှုကို နိုင်ငံရေးသတိရှိရှိ ကန့်ကွက်ရှုတ်ချခဲ့ကြသော အဖွဲ့အစည်းများတွင် ကျောင်းသားသမဂ္ဂများမှာ ထိပ်ဆုံးကဖြစ်သည်။ လူငယ့်တပ်ဦး (ဗမာနိုင်ငံ) နှင့် မဟာမိတ် (၁၀) ဖွဲ့တို့က “စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်ရှုတ်ချကြ” ကြေညာချက်များ ဖြန့်ဝေခဲ့သည်။ မန္တလေးခရိုင် လူငယ့်တပ်ဦး၊ တက္ကသိုလ်တပ်ဦးသစ်၊ ရခိုင်သံဃာ့တပ်ဦး (ဗဟိုဌာနချုပ်)၊ ရခိုင်သောတုဇန(သစ်)ဌာနချုပ်၊ စစ်ဆန့်ကျင်ရေး သံဃာ့အဖွဲ့ဌာနချုပ်၊ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားများအဖွဲ့ချုပ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများအဖွဲ့ချုပ်၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်နှင့် ပုသိမ်ကောလိပ် ကျောင်းသားသမဂ္ဂများ အစရှိသော အဖွဲ့များကလည်း စာရွက်စာတမ်းများ ထုတ်ပြန်ရှုတ်ချခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်ကျောင်သားညီညွတ်ရေးတပ်ဦး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ဗကသတို့၏ ၁၉၆၂၊ (၇) ဇူလိုင် အရေးတော်ပုံသည် ထင်ရှားသော သမိုင်းသာဓကဖြစ်သည်။ ယနေ့လည်း ရွေးကောက်ပွဲသပိတ်မှောက်ရေးကို ကျောင်းသားများပင် ဦးဆောင်နေသည်။

ယခု လက်ငင်းဖြစ်ပေါ်နေသည့် စစ်အာဏာသိဒ္ဓိတင်မည့် ရွေးကောက်ပွဲ ၀င်ရေး-မ၀င်ရေးပြဿနာမှာ ဗိုလ်နေ၀င်းခေတ် လမ်းစဉ်ပါတီဝင်ရေး-မ၀င်ရေးနှင့် သံတူကြောင်းကွဲဖြစ်ပေသည်။ စစ်အာဏာရှင်၏ ခွေးကတက်တွင် နိုင်ငံရေးလုပ်ပိုင်ခွင့် (Political Space) ရနိုးနိုးဖြင့် မိမိတို့ယုံကြည်ချက်ကို စွန့်၊ မိမိတို့ပါတီကို ဖျက်သိမ်းကာ၊ ကျွန်ခံခဲ့ကြရဖူးသည့် သမိုင်းအတွေ့အကြုံကို ပြန်လည်စောင်းငဲ့ကြည့်သင့်၏။ ယခုရွေးကောက်ပွဲအခင်းအကျင်းက သာမန်နိုင်ငံရေးပါတီများအတွက် ခွေးကတက်မှာပင် နေရာမရှိကြောင်း မြင်နေရသည်။ ရွေးကောက်ပွဲဥပဒေစည်းမျဉ်း အကန့်အသတ်များ၊ မလျှော်အာဏာသုံး ဟန့်တားမှုများ၊ ငွေကြေးအခက်အခဲ အတားအဆီးများနှင့် အာဏာပါးကွက်သား အင်အားသုံးခြိမ်းခြောက်မှုများအပြင် နောက်ထပ် မမြင်သာသော အနှောင့်အယှက်များလည်း ရှိလိမ့်ဦးမည်။

တိုင်းရင်းသားပါတီများ အခြေအနေကောင်းမည်လားဟု မျှော်လင့်နေကြသည်။ ၁၉၄၇ ကတည်းကစခဲ့သော ဖက်ဒရယ်ပြည်ထောင်စုမူကို စစ်တပ်က လုံးဝပယ်ချ တိုက်ဖျက်နေဆဲရှိသည်ကို မမေ့သင့်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ယခုစစ်အာဏာရှင်တို့၏ အဓိက နိုင်ငံရေးပဋိပက္ခမှာလည်း ဖက်ဒရယ်ပြည်ထောင်စုကိစ္စပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေး လမ်းစဉ်အတိုင်း သွားနေသည်။ စစ်တပ်က ဟန်ပြ ပြည်ထောင်စုဖြင့် ဗဟိုအစိုးရက အာဏာအလုံးစုံ ချုပ်ကိုင်ရေး လမ်းစဉ်အတိုင်းသွားရန် ယခုရွေးကောက်ပွဲကို ပြင်နေခြင်းဖြစ်သည်။ ထို့ကြောင့် စစ်အာဏာသိဒ္ဓိတင်ရေး ရွေးကောက်ပွဲသည် အဖြည့်ခံ နိုင်ငံရေးပါတီများအတွက် ထောင့်စေ့အောင် ဆင်ထားသော သတ်ကွင်းထောင်ချောက်ဖြစ်သည်။ လေးလေးနက်နက် စဉ်းစားသင့်လှ၏။


စစ်တပ်၏ လက်သုံးဝါဒဖြန့်ချက်ဖြစ်သည့် “ပြည်ထောင်စုကြီး ပြိုကွဲမည့်အန္တရာယ်” ဆိုသည်မှာ တိုင်းရင်းသားအချင်းချင်း သွေးကွဲစေရန်၊ စစ်အာဏာခိုင်မြဲစေရန်၊ ကောလာဟလ ထုတ်လွှင့်ချက်ဖြစ်သည်ကို မမေ့သင့်။ တိုင်းရင်းသားလူမျိုးအားလုံး သွေးစည်းညီညွတ်လျှင် စစ်အာဏာသက်ဆိုးမရှည်နိုင်။ ဤသတ်ကွင်းထောင်ချောက်မှ လွတ်မြောက်ရေးအတွက် ဗမာလူမျိုး အပါအ၀င် တိုင်းရင်းသားလူမျိုးအားလုံး ညီညီညွတ်ညွတ် ပိုင်းဖြတ်မှုရှိရှိ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြင်ဆင်ကြရပေလိမ့်မည်။




ယနေ့ မြန်မာ့ရေးရာ သတင်းများ Aug,29th,2010

( 17 )Burma’s Elections in Name Only

( 16 )မဲရုံမှူးအတွက် ဒီးမော့ဆိုမှ ကျောင်းဆရာ/မများကို ပိုမိုယုံကြည်

( 15 )Military Shake-up Reveals Junta’s Plans for New Gov’t

( 14 )စာရေးဆရာ ကဗျာဆရာ ကိုရွှေ အောင်သင်းရဲ့ “မြောက်ဦး ဧကရီ” လုံးချင်း ဝတ္ထု ထွက်ရှိ

( 13 )Burma's vote to nowhere

( 12 )ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး စစ်ဘက်ရာထူးမှ အနားယူ

( 11 )Than Shwe Seen Following in Ne Win's Footsteps

( 10 )ကေအိုင်အို အရေးပေါ် ညီလာခံခေါ်

( 9 )Top brass in Burma resign to run in poll

( 8 )ငွေကြေးကောက်ခံမှုများကြောင့် ကျောင်းထွက်ရသည့် ကျောင်းသားဦးရေ များလာ

( 7 )How The CIA Bedded Down In Burma

( 6 )အချိန်ကတ်သန့် မှုကြောင့် ကျားဖြူပါတီက နေရာတချို့ လက်လွှတ်လိုက်ရ

( 5 )Junta lays down bases to ensure its electoral victory, Burmese exile says

( 4 )နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် စစ်အစိုးရက မွန်ပြည်သစ်ပါတီအား ဖိအားပေး

( 3 )Burma's non-military junta

( 2 )ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်

( 1 )Burmese top officials resign ahead of elections

Saturday, August 28, 2010

ဂူဂဲလ် Call Phone လာပြီ

ကိုထွေး Saturday, August 28, 2010

ဂူဂဲလ် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီကြီးက ဂျီမေးလ်မှ တဆင့် ကမ္ဘာတ၀န်းလုံးရှိ ကြိုးဖုန်းများ အပါအ၀င် လက်ကိုင် ဖုန်းများကို ခေါ်ဆိုနိုင်မည့် Call Phone ၀န်ဆောင်မှုကို ကြာသပတေးနေ့က မိတ်ဆက် လိုက်ကြောင်း သိရသည်။

အမေရိကန်ရှိ ဂျီမေးလ် အသုံးပြုသူများသို့ ဂျီမေးလ်မှ တဆင့် ဖုန်းများ ခေါ်ဆိုနိုင်မည့် ဂူဂဲလ်၏ ဖိတ်ခေါ်ချက်ကို ယမန်နေ့က ပေးပို့ထားကြောင်း တခြားသော နိုင်ငံများတွင် အသုံးပြုသူများ ထံသို့လည်း မကြာမီ ပေးပို့မည် ဖြစ်ကြောင်း ဂူဂဲလ် ကုမ္ပဏီ၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

Call Phone ၀န်ဆောင်မှုကို အသုံးပြုမည် ဆိုပါက Voice and Video Plug-in ဆော့ဖ်ဝဲလ်ကို ကွန်ပျူတာ အတွင်း ဦးစွာ ထည့်သွင်းရန် လိုအပ်ကြောင်းလည်း သိရသည်။

ထို့နောက် ဂျီမေးလ်ရှိ Chat List စာရင်း အပေါ်ဆုံးတွင် ပေါ်လာမည့် Call Phone မှတဆင့် ခေါ်လိုသည့် နံပါတ်ကို နှိပ်၍ သာမန် ဖုန်းများ အသုံးပြုသကဲသို့ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး ကွန်ပျူတာရှိ နားကြပ်နှင့် မိုက်ခရို ဖုန်းများကို အသုံးပြုကာ ပြောဆို ဆက်သွယ်နိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် ၂ နှစ်က ဂျီမေးလ်မှတဆင့် အသုံးပြုနိုင်သော အရုပ်နှင့် အသံပါ မြင်တွေ့ကြားသိနိုင်သည့် Video Chat ကို ဂျီမေးလ် အသုံးပြုသူများထံသို့ မိတ်ဆက်ပေးခဲ့သည်။

ယခု Call Phone ၀န်ဆောင်မှုသည် ဖုန်းလိုင်းမကောင်းသည့် နေရာများတွင်လည်း အလုပ်ဖြစ်နိုင်ဖွယ်ရှိပြီး ကုမ္ပဏီတွင် အချိန်အတန်ကြာ စမ်းသပ်ထားကြောင်း ဂူဂဲလ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ အခမဲ့ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ခေါ်ဆိုပါက တမိနစ်လျှင် အမေရိကန် ဒေါ်လာ ၃၅ ဆင့် (ကျပ် ၃၅၀ ခန့်) ကုန်ကျမည် ဖြစ်သည်။

https://www.google.com/voice/rates အင်တာနက် စာမျက်နှာတွင် ဖုန်းခေါ်ဆိုခ နှုန်းထားများကို အသေးစိတ် ဖတ်ရှုနိုင်သည်။

အဆိုပါ Call Phone ၀န်ဆောင်မှုကြောင့် ဂူဂဲလ် အနေဖြင့် အင်တာနက်မှတဆင့် တယ်လီဖုန်း ၀န်ဆောင်မှု ပေးနေသည့် Skype အပါအ၀င် တခြားသော တယ်လီဖုန်း ၀န်ဆောင်မှု ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရဖွယ် ရှိကြောင်း လေ့လာသူများက သုံးသပ်သည်။

ကမ္ဘာတ၀န်းလုံး၌ လစဉ် Skype အသုံးပြုသူ ၁၂၄ သန်းရှိပြီး ဖုန်းခေါ်ဆိုမှုကြောင့် တလလျှင် အမေရိကန် ဒေါ်လာ ၈.၁ သန်း ၀င်ငွေရရှိကြောင်း သိရှိရသည်။

ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုနိုင်သော မြို့ကြီးများရှိ အင်တာနက်ဆိုင်များတွင် Pifingo အင်တာနက် ဆော့ဖ်ဝဲလ်ကို အသုံးပြု၍ နိုင်ငံအသီးသီးသို့ ခေါ်ဆိုနိုင်သည့် ၀န်ဆောင်မှုကို အင်တာနက်ဆိုင်များက ပေးနေ ကြောင်း သိရသည်။

ဂျီမေးလ် အသုံးပြုသည့် အရေအတွက်ကို ဂူဂဲလ်က ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း သန်း ၂၀၀ ရှိသည်ဟု လေ့လာသူ များက ခန့်မှန်းသည်။

ဖေဖော်ဝါရီလတွင်လည်း ဂူဂဲလ်က ၎င်းတို့ အသစ်ဖန်တီးလိုက်သည့် လူမှု ကွန်ရက် အင်တာနက် စာမျက်နှာ Google Buzz အား ဂျီမေးလ် အသုံးပြုသူများကို မိတ်ဆက်ပေးခဲ့သည်။

၂၀၀၉ ခုနှစ် စက်တင်ဘာလကလည်း ဂူဂဲလ် ကုမ္ပဏီကြီးက ကမ္ဘာ့သတင်း ဌာနများမှ လူကြိုက် အများဆုံး သတင်းများကို တနေရာတည်းတွင် ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ အင်တာနက် ၀န်ဆောင်မှုတခု ဖြစ်သည့် Google Fast Flip ကို မိတ်ဆက် ပေးခဲ့သည်။

အရှေ့တောင် အာရှ နိုင်ငံများတွင် စင်္ကာပူနှင့် မြန်မာနိုင်ငံတို့သည် Apple iPhone အမျိုးအစား လက်ကိုင်ဖုန်းကို အများဆုံး အသုံးပြုနေကြောင်း Cellular news အင်တာနက် သတင်းတရပ်တွင် ရေးသားထားသည်။

ရွေးကောက်ပွဲအတွက် တော်လှန်သူတို့ ထွက်ဆိုသံ

စေးရယ်စိုး

နယ်စပ်မျဉ်းပေါ်က လမ်းလျောက်သူများ

ထိုင်းနဲ့ ကရင်နီပြည် နယ်စပ်က လူသွားလမ်း တလျှောက်မှာ ရထားတွဲကြီးလို ရာနဲ့ချီတဲ့ လူအုပ်က ကရင်နီတပ်မတော် အမာခံ တပ်စခန်းတခု ဖြစ်တဲ့ ညာမိုတပ်စခန်းဆီကို တသီတတန်းကြီး ချီတက်နေကြတယ်။

ပင်လယ် ရေမျက်နှာပြင်အထက် ပေပေါင်းသုံးထောင်ကျော် မြင့်တဲ့ နယ်စပ်တောင်တန်းပေါ်က လူသွားလမ်းလေးကနေ အနောက်ဘက်ကို ကြည့်လိုက်ရင် လွမ်းမောဖွယ်ကောင်းလှတဲ့ ကရင်နီပြည်က တောင်ပြာတန်းတွေနဲ့ ဌာနေဟောင်းကို မျက်စိတဆုံး မြင်တွေ့ရတယ်။ ခဏလေး အနားယူပြီး အဲဒီ မြင်ကွင်းလေးတွေကို တ၀ကြီး ငေးမောကြည့်နေခိုက် ငယ်စဉ်က နေထိုင်သွားလာခဲ့ရတာတွေက စိတ်ကူးထဲ ပေါ်လာပါတယ်။

နယ်စပ်မျဉ်းပေါ်မှာ အခုလို လျှောက်နေကြသူ အများစုက ထိုင်းနိုင်ငံမှာ ဒုက္ခည်အဖြစ် ထွက်ပြေးခိုလှုံနေရတဲ့ သူတွေမို့ ကိုယ်စီခံစားချက်တွေ ရှိကြမှာပါပဲ။

လမ်းလျှောက်သူတွေဟာ ညာမိုတပ်စခန်းမှာ ယခု သြဂုတ်လ ၉ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့မှာ ကျရောက်မယ့် ၆၂ ကြိမ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့နဲ့ ကရင်နီတပ်မတော်နေ့ ဆိုတဲ့ နေ့ထူးနေ့မြတ် အခမ်းအနားကို ရှုစားလေ့လာဖို့ သွားကြတာပါ။

ဒေါင်းအလံလွင့်ထူထားတဲ့ တပ်စခန်းဆီသို့

ကရင်နီ ထိန်းချုပ်နယ်မြေထဲကို ရောက်သွားချိန်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စခန်းက ကျနော်တို့ကို ဆီးကြိုနေပါတယ်။ ဒေါင်းအလံ လွှင့်ထူထားတဲ့ ကျောင်းသားတပ်မတော် တပ်ရင်း (၄) မှာ တာဝန်ကျနေတဲ့ ရဲဘော်တွေက မောမောနဲ့ ရောက်လာတဲ့ ကျနော်တို့ကို အနားယူဖို့ တပ်စခန်းရဲ့ တန်းလျားတခုမှာ အမောဖြေခိုင်းပါတယ်။ တခြားအုပ်စုတွေကတော့ အခမ်းအနား ကျင်းပမယ့် ကရင်နီ ဗဟိုစစ်သင်တန်းကွင်း ရှိရာ ညာမိုတပ်စခန်းဆီကို မနားတမ်း ဆက်သွားခဲ့ကြတယ်။

ကျောင်းသား တပ်စခန်းကို ရောက်တုန်းရောက်ခိုက် တပ်စခန်းကို ဦးစီးနေတဲ့ ဒု တပ်ရင်းမှူး ကိုတင်မောင်ထွန်းနဲ့ သတင်းကိစ္စအတွက် စကားစမြည် ပြောဖြစ်ပါတယ်။

မကြာခင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ စတင်ပါတော့မယ်။ ပြည်တွင်းမှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ နိုင်ငံရေး အဖွဲ့တွေကတော့ ပါတီတွေ ဖွဲ့ပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြာယာခတ်နေကြပါတယ်။ ဒါပေမယ့် စစ်အစိုးရကို လက်နက်ကိုင်ပြီး ခုခံတိုက်ခိုက်နေတဲ့ ABSDF မှာတော့ ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး ထွေထွေထူးထူး ရိုက်ခတ်မှု မရှိပါဘူး။

စစ်အစိုးရ ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ကျောင်းသားတပ်မတော်က လက်မခံတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း စဉ်းစားနေစရာအကြောင်း မရှိဘူးလို့ ဒု-တပ်ရင်းမှူး ကိုတင်မောင်ထွန်းက ပြောပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲတော့ ကျနော်တို့ အဖွဲ့အစည်းရဲ့ သဘောထားဟာ အရင်ကတည်းက ရှိထားပြီးသားပါ။ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံခဲ့ပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံကို လက်မခံတဲ့အတွက် ၂၀၁၀ ကို ထည့်စဉ်းစားစရာ မလိုပါဘူး။ ကျနော်တို့ ဒါကို လုံးဝ ကန့်ကွက်ရှုတ်ချရမှာပါ”

ဆက်လက်ပြီး ကိုတင်မောင်ထွန်းက “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း သူစဉ်းစားမှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို သူလည်း လက်ခံခဲ့တာ မဟုတ်ပါဘူး။ NLD တခုလုံး အနေနဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဆန့်ကျင် သပိတ်မှောက်ထားပါတယ်။”

ကိုတင်မောင်ထွန်းက သူနေတဲ့ တဲပုတ်လေးထဲမှာ ဆိုလာပြားက နေရတဲ့ လျှပ်စစ်နဲ့ အသုံးပြုနေတဲ့ လက်ပ်တော့ ကွန်ပြူတာထဲက ကျောင်းသားတော်လှန်ရေး ပုံရိပ်ဟောင်းတွေကို ပြပြီး လက်ရှိ အခြေအနေနဲ့ နှိုင်းယှဉ်ပြပါတယ်။ လိုအပ်မယ်လို့ ယူဆရတဲ့ ဓာတ်ပုံဟောင်းတွေနဲ့ အချက်အလက်တွေကိုလည်း ကျနော်တို့ကို ဝေမျှပေးခဲ့ပါတယ်။

နောက်ပြီး တပ်သားတဦး ဖြစ်တဲ့ ကိုဇော်မင်းထွန်းနဲ့ အင်တာဗျူး လုပ်ဖို့ တပ်ရင်းမှူး ကိုတင်မောင်ထွန်း ကိုယ်တိုင် စီစဉ်ပေးပါတယ်။ ကိုဇော်မင်းထွန်းဟာ ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေထဲမှာ အခြေစိုက်ထားတဲ့ ABSDF တပ်ရင်း-၄ ထဲကို ပြီးခဲ့တဲ့၂၀၀၈ ခုနှစ်မှ စပြီး ရဲဘော် အဖြစ်နဲ့ ၀င်ရောက်လာခဲ့သူပါ။

“ကျောင်းသားတော်လှန်ရေးမှာ ကျနော် ပြည်တွင်းမှာ နေကတည်းက ပါဝင်တာပါ။ ပြည်တွင်းမှာ နေရင်းနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ စစ်ရေးနည်းလမ်း ဆိုတာ ရှိပါတယ်။ အဲ့ဒါကျနော်က စစ်ရေးနည်းလမ်းမှာ ပိုအားသာတဲ့အတွက် ဒီဘက်ကို ရောက်လာတာပါ” ဟု ကိုဇော်မင်းထွန်းက ပြောပြပါတယ်။

၈၈ အရေးခင်းပြီးတဲ့နောက်ပိုင်း ကျောင်းသားတပ်မတော် စတင်ထူထောင်ခါစက တနိုင်ငံလုံးမှာ ရှိတဲ့ တပ်အင်အားဟာ ထောင်နဲ့ ချီပြီး ရှိခဲ့ပေမယ့် နိုင်ငံခြားကို ထွက်သွားကြတဲ့သူတွေက များလာတဲ့အတွက် အင်အားတဖြည်းဖြည်း လျော့နည်းလာရပါတယ်။

ဒါပေမယ့် ကိုဇော်မင်းတို့လို စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးကို လိုလားကြတဲ့သူတွေက ABSDF ထဲကို ၀င်လာသူတွေ ရှိနေသေးတဲ့အတွက် ကျောင်းသားတော်လှန်ရေးကြီး ဆက်ရှိနေသေးတယ်လို့ ဆိုရမှာပါ။

တပ်ရင်း (၄) မှာ အနားယူရင်း အင်တာဗျူးတွေလုပ်၊ ညနေစာကို စခန်းမှာပဲ ချက်ပြုတ်စားသောက်ပြီး ကရင်နီ ဗဟိုစစ်သင်တန်းကွင်း ရှိရာ ညာမိုတပ်စခန်းဆီသို့ ဆက်လက် ချီတက်လာခဲ့ပါတယ်။

လင်းယုန်ငှက်အလံ လွင့်နေတဲ့ စစ်သည်များ

ဗဟိုစစ်ရေး လေ့ကျင့်ရေးကွင်းကို ရောက်သွားခဲ့ သြဂုတ်လ ၉ ရက်နေ့မှာ ကျင်းပတဲ့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့နဲ့ ၁၇ ရက်နေ့မှာ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားကို လေ့လာရှုစားခွင့်ရခဲ့ပါတယ်။

အနီရောင်ပေါ်မှာ အနက်ရောင် လင်းယန်ငှက် တံဆိပ်ရှိတဲ့ အလံသုံးခုကို ကိုင်ထားတဲ့ အလံကိုင် စစ်သည် သုံးဦးရဲ့ နောက်က စစ်သည် ၄၀ ကျော်ဟာ ချီတက်လာပါတယ်။ နေ့ထူးနေ့မြတ် အခမ်းအနားကို လာရောက်အားပေးတဲ့ လူငယ်မောင်မယ်နဲ့ ပြည်သူ ၂၀၀၀ ကျော်က စစ်ရေးအလှပြ ချီတက်ခြင်းကို ကြည့်ရှုအားပေးကြပါတယ်။

ယခု ၂၀၁၀ခုနှစ် ကရင်နီတပ်မတော်သင်တန်း အပတ်စဉ် ၅၇ မှာ ကရင်နီတပ်သားသစ် ၄၀ ကျော် မွေးထုတ်လိုက်ပြီ အဲ့ဒီထဲမှာ စစ်သမီးအချို့ကိုလည်း တွေ့ရှိရတယ်။ နေ့ထူးနေ့မြတ် အခမ်းအနားက မျှော်လင့်ထားတာထက် စည်ကားတယ်လို့ ဆိုရမှာပါ။ မိုးတွေ စိုစိုစွတ်စွတ်နဲ့ တောင်ကုန်းတောင်တန်း ရွံ့တွေကြားကနေ လူဦးရေ ထောင်နဲ့ချီပြီး တက်ရောက် အားပေးခဲ့ကြတာကို တွေ့ခဲ့ရတယ်။

မြန်မာစစ်အစိုးရကို နှစ်ပေါင်း ၆၀ ကျော် ခုခံတော်လှန် တိုက်ခိုက်နေကြတဲ့ ကရင်နီတပ်မတော် အနေနဲ့လည်း မကြာခင် ကျင်းပပြုလုပ်တော့မယ့် မြန်မာပြည် ရွေးကောက်ပွဲအပေါ် အယုံအကြည် မရှိကြဘူးလို့ ဆိုပါတယ်။

ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှမှု မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့လည်း သြဂုတ်လ ၉ ရက်နေ့မှာ အခမ်းအနားမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး -၁ ခူဦးရယ်က ယခုလို ပြောကြားခဲ့ပါတယ်။

“ဒီမိုကရေစီကို ရှေးရှုတဲ့ အခြေခံဥပဒေ ပုဒ်မတွေ တခုမှ ပြဌာန်းတာ ကျနော်တို့ မတွေ့ရဘူး။ နောက်ပြီးတော့ ဆန္ဒခံယူပွဲ လုပ်တဲ့ အချိန်တုန်းက တကယ်လူထုဆန္ဒကို လွတ်လွတ်လပ်လပ် သူတို့ ရယူပြီးတော့ အတည်ပြုခဲ့တာ မဟုတ်ပါဘူး။”

ဆက်လက်ပြီး “အခြေခံဥပဒေကို ကျနော်တို့ လက်မခံတာနဲ့ တကြိမ်ထဲမှာဘဲ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့မယ်ဆိုရင်လည်းပဲ ဘယ်လိုရလဒ်မျိုးပဲ ထွက်လာထွက်လာ ကျနော်တို့ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုဘူးဆိုတာ ကျနော်တို့ အတိအလင်း ထုတ်ပြန်ကြေညာပြီး ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲကိုလည်း ကျနော်တို့ တတ်နိုင်တဲ့ နည်းလမ်း အသွယ်သွယ်ကနေပြီးတော့ ကျနော်တို့ ဆန့်ကျင်တိုက်ပွဲဝင်သွားဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်”

သြဂုတ်လ ၁၇ ရက်မှာ ကျရောက်တဲ့ တပ်မတော်နေ့က ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ကရင်နီ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးအား မေးမြန်းကြည့်ရာ အခြေခံဥပဒေအကြောင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ယခုလို ဖြေကြားပေးခဲ့ပါတယ်။

“Election (ရွေးကောက်ပွဲ) က နောက်တပိုင်းဘဲ။ ကျနော် သိပ်ပြောစရာ များများစားစား ပြောစရာမလိုဘူး။ ပြည်သူအကျိုးတွက်လည်း ဘာမှ ရှိမှာ မဟုတ်ဘူး။ စစ်အုပ်စုတွေ အာဏာတည်မြဲရေးအတွက်ဘဲ သူတို့ လုပ်တာ ဖြစ်တယ်။ ဘာဖြစ်လဲဆို constitution (၂၀၀၈ အခြေခံဥပဒေ) အတည်ပြုတဲ့ အချိန်မှာ ကျနော် ပြည်တွင်းမှာ ရှိတယ်။ ပြည်သူဆီမှာ ဓါးမြတိုက်ပြီးတော့ ယူခဲ့တဲ့ မဲတွေဘဲ ဖြစ်တယ် ဆိုတာ ကျနော် ယုံကြည်တယ်။ ကျနော် ပြည်သူကြားမှာ နေလို့ ကျနော် ပြောတာနော်”

လာမည့် ရွေးကောက်ပွဲနဲ့ စာအုပ်စိမ်း

ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ စစ်အစိုးရက ယခု သြဂုတ်လ ၁၃ ရက်နေ့မှာ ကြေညာထားပါတယ်။ နေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည့် ရက်သတ္တပတ် မတိုင်ခင်မှာ ရွေးကောက်ပွဲရက်ကို ရွေးချယ်သတ်မှတ်လိုက်တာပါ။

လာမည့် ရွေးကောက်ပွဲကို လွတ်လတ်ပြီး တရားမျှတတဲ့အပြင် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါတီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) လည်း ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရှိစေရန် နိုင်ငံတကာက စစ်အစိုးရကို တောင်းဆိုထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လာမည့် ရွေးကောက်ပွဲမှာ မပါဝင်နိုင်ရန် ရွေးကောက်ပွဲ ဥပဒေက ပြဌာန်းထားတဲ့အတွက်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆန္ဒပြ သပိတ်မှောက်ထားပါတယ်။

လက်နက်ကိုင်ပြီး တော်လှန်ရေး လုပ်နေတဲ့ ဗိုလ်ချုပ် ဘီထူး ပြောသလိုဘဲ အတိုက်ခံ နိုင်ငံရေးသမားတွေလည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး ရွေးကောက်ပွဲထက် အခြေခံဥပဒေကို ပြန်လှည်ပြင်ဆင်သုံးသပ်ရန် လိုအပ်ကြောင်းကို မီးမောင်းထိုးပြပါတယ်။

စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲချမှတ်ထားတဲ့ လမ်းပြမြေပုံအရ ၂၀၀၈ ခု အခြေခံဥပဒေထဲမှာ လွတ်တော် ၂၅ ရာနှုန်းကို နေရာကို စစ်တပ်အား အလိုအလျောက် ပေးထားပြီး အခြေခံဥပဒေအား ပြင်ဆင်ဖြည့်စွက်လိုပါက လွှတ်တော် ၇၅ ရာခိုင်နှုန်း အတည်ပြုမှသာလျင် ပြင်ဆင်ခွင့်ရှိကြောင်း ရေးဆွဲပြဌာန်းထားပါတယ်။

စစ်အစိုးရဟာ မည်သည့် ဝေဖန်ရှုန့်ချမှုနဲ့ ဖိအားပေးမှုတွေကို ဂရုမစိုက်ဘဲ မြန်မာအနာဂတ်နိုင်ငံရေးမှာ အတိုက်အခံ အဖွဲ့တွေကို ဖယ်ရှားပစ်ဖို့ ချမှတ်ထားတဲ့ လမ်းပြမြေပုံအတိုင်း စနစ်တကျ ဖိနိပ်ထားပြီး လာမည့် ရွေးကောက်ပွဲ ရလဒ်ကိုလည်း မိမိတို့ အလိုကျတိုင်း ဖြစ်လာစေဖို့ အစီအစဉ်တကျ အသေအချာ ပြင်ဆင်ထားတာပါ။

အတိုက်ခံ နိုင်ငံရေး အင်အားစုတွေနဲ့ ကရင်နီ၊ ကျောင်းသား တပ်မတော်တို့လို လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ လာမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသွားကြဖို့ အစီအစဉ်တွေ ရှိနေပေမယ့် နိုင်ငံရေးပါတီ ၄၇ ပါတီက ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားကြပါတယ်။ ဒါပေမယ့် ယှဉ်ပြိုင်မည့် ပါတီအများစုဟာ ပါတီသစ်တွေ ဖြစ်သလို လူသိရှင်ကြား မဟုတ်တဲ့ ပါတီတွေ ဖြစ်နေတဲ့အတွက် ငွေရေးကြေးရေးနဲ့ အဖွဲ့ဝင် အင်အားအရ တနိုင်ငံလုံးမှာ စစ်တပ်မှ ဖွဲ့စည်း ကြိုးကိုင်ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယှဉ်နိုင်ဖို့ လွယ်ကူလိမ့်မယ်လို့တော့ မထင်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲအပြီး တက်လာမည့် စစ်တပ်အစိုးရလက်ထက်မှာ အတိုက်အခံနိုင်ငံရေး အင်အားစုတွေနဲ့ လက်နက်ကိုင် တော်လှန်နေတဲ့ အင်အားစုတွေကြားမှာ တင်းမာမှုတွေ ဘယ်အတိုင်းအတာထိ ရှိလာဦးမလဲ ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။


ယုဇနကုမ္ပဏီ စီမံကိန်း ဆိုးကျိုးများဟု ကချင်လူမှုအဖွဲ့ ပြော

စိုင်းမျိုးကြီး

ယုဇနကုမ္ပဏီ၏ စိုက်ပျိုးရေးစီမံကိန်းသည် ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း ဒေသခံများ လူမှုဒုက္ခခံ စားရခြင်း သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းများ ကြုံတွေ့စေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (KDNG) က သြဂုတ် လ ၂၅ ရက် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

Tyrants Tycoons and Tiger” အမည်ရှိ အစီရင်ခံစာတွင် ယုဇနကုမ္ပဏီက ဟူးကောင်းချိုင့်ဝှမ်းရှိ မြေဧက ၂ သိန်းခန့် ကြံနှင့်ပီလောပီနံ စိုက်ပျိုးခဲ့ရာ ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ဖေါ်ထုတ်ထားသည်။

အမေရိကန်အခြေစိုက် သဘာဝတောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့် နအဖပူးပေါင်း ဆောင်ရွက်သော ၆၃ရ၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ကျားထိန်းသိမ်းရေးနယ်မြေကိုပါ ထိခိုက်နေသည်ဟု ဆိုသည်။နအဖထိပ်ပိုင်း စစ်ခေါင်းဆောင်များနှင့်နီးစပ်သူ စီးပွားရေးသမား ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီအား နအဖက အဆိုပါ ဒေသ အတွင်း ၂၀၀၆ မှ စိုက်ပျိုးရေးလုပ်ပိုင်ခွင့် စတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယုဇနကုမ္ပဏီ၏ စီမံကိန်း ၃ ခုရှိအနက် တနိုင်းမြို့နှင့်ဖားကန့်မြို့နယ် အကြား အလယ်ပိုင်းစီမံကိန်းအတွင်းရှိ ဆိုးကျိုး များကို အဓိက ရည်ညွန်းကြောင်း အဆိုပါအဖွဲ့၏ အတွင်းရေးမှူး ဦးဆာဂျီးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အခုပိုပြီး ဆိုးကျိုးသက်ရောက်တာက အလယ်ပိုင်းစီမံကိန်းမှာ။ ရွာတွေကတော့ နောင်းမီ ၊ ရှဒူဇွတ် ၊ ၀ါရာဇွတ် ၊နမ်ဆိုင် ၊ ဗန်ကောက် ၊ အောင်ရာယန် ၊ လဂျာပါ အဲဒီရွာ ရ ရွာက ခံနေရတယ် ” ဟု သူက ပြောသည်။

အဆိုပါ ကျေးရွာများရှိ ကချင်ဒေသခံ ၅၀၀၀ ကျော် မြေယာ ၃၅၉၈ ဧက သိမ်းယူခံရပြီး နေအိမ် ၁၆၃ လုံး အဓမ္မ ရွေ့ပြောင်းခံခဲ့ရကြောင်း အစီရင်ခံစာက ဆိုသည်။

“ဟူးကောင်းချိုင့်ဝှမ်းက သားရဲ တိရိစ္ဆာန်တွေအတွက် လုံခြုံစိတ်ချရတဲ့နေရာဖြစ်တော့လို့ ဆိုပြီး ပြောနေတာနဲ့ တကယ့် လက်တွေ့ ဖြစ်နေတာကို ပြချင်တာပေါ့နော် ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်မယ်ဆိုရင် ဒေသခံတွေနဲ့ညှိနိုင်းသင့်တယ် လက်တွဲ လုပ်ရင်ကောင်းမယ်လို့ ကျနော်တို့က နိုင်ငံတကာ အဖွဲ့အစည်းတွေ သိစေချင်တယ်” အစီရင်ခံစာ၏ ရည်ရွယ် ချက်ကို သူက ဆက်ပြောသည်။

ဒေသခံများ၏ ထိခိုက်နစ်နာမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွေအထိ အကြိမ် ၂၀ ခန့် တင်ပြတောင်းဆို ခဲ့သော်လည်း ယနေ့အထိ ကုမ္ပဏီက ဂရုတစိုက်ဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီက ကျားထိန်းသိမ်းရေး နယ်မြေအနီး စိုက်ပျိုးရေးလုပ်ရန် မြေပြုပြင်ထားပုံကို ဓါတ်ပုံများနှင့်တကွ ဖေါ်ပြ ထားသော်လည်း သဘာဝတောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့က ကျားထိန်းသိမ်းရေးနယ်မြေ ထိခိုက်ကြောင်း ပြော ကြားမှု မရှိသေးကြောင်း သိရသည်။

လာဒ်ငွေ မပေးနိုင်သူ အမျိုးသမီးကို ရဲက တရားစွဲရန် စီစဉ်

နိရဉ္စရာ

သြဂတ်စ်လ ၂၃ ရက်နေ့က ဘင်္ဂလာ လက်ကိုင်မိုဘိုင်းဖုံး တစ်လုံးဖြင့် ဖမ်းဆီးခံခဲ့ရသူ ရခိုင်ပြည်နယ် မောင်တောမြို့မှ မနီနီစိုး (၃၀ နှစ်) ကို တောင်းခံထားသော လာဒ်ငွေကို မပေးနိုင်သဖြင့် ရဲက တရားစွဲဆိုရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ စံပြရပ်ကွက်မှ ဆွေမျိုး တဦးက “တောင်းတဲ့ငွေကလည်း အရမ်းးများတယ်။ ၁၀ သိန်းတဲ့။ ဘယ်လိုလုပ်ပြီး ဒီမိသားစုက ပေးနိုင်မှာလဲ။ အခုတော့ နီနီစိုးကို ရဲက တရားစွဲဖို့ စီစဉ် နေပါပြီ” ဟု ပြောသည်။

မနီနီစိုးအား သြဂတ်စ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒုရဲအုပ် အောင်ကျော်ခန့်မှ ရှောင်တခင် ရှာဖွေ စစ်ဆေးစဉ် ဘင်္ဂလာ မိုဘိုင်းလက်ကိုင်ဖုံး တလုံးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းနောက်ပိုင်း ဒုရဲအုပ် အောင်ကျော်ခန့်မှ ငွေတောင်းခံရာ မပေးနိုင်သဖြင့် မောင်တောမြို့မှ ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။

“စစပိုင်း တောင်းတာကတော့ တစ်သိန်း နှစ်သိန်းပါဘဲ။ အခု ရဲစခန်းကို ရောက်သွားတော့ ၁၀ သိန်းထိ တောင်းလာပါတယ်။ မနီနီစိုးက ဘင်္ဂလာဒေခ်ျ့ဘက်ကို ပစ္စည်းတွေ အသယ်အပြောင်း လုပ်ပြီး ထမင်းစားနေရတဲ့ ကလေးနှစ်ဦးရဲ့ အမေဖြစ်ပါတယ်။ သူတို့ အနေနဲ့ ရဲက တောင်းတဲ့ ငွေကို ပေးနိုင်မယ့် အနေအထားမှာ မရှိဘူး။ သူမကို ထောင်ချနိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

မနီနီစိုးမှာ မောင်တော အမှတ် ၄ ရပ်ကွက်မှ ဖြစ်ပြီး ဆင်းရဲနွမ်းပါးကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အစိုးရ အရာရှိများ အပါအ၀င် ၀န်ထမ်း ၆၀ ရာခိုင်နုန်းခန့်မှာ ဘင်္ဂလာမှ တရားမ၀င် တင်သွင်းလာသော လက်ကိုင် မိုဘိုင်း ဖုံးများကို အသုံးပြုနေကြသည်။ ထိုအထဲတွင် ထိပ်ပိုင်း ခရိုင်၊ မြို့နယ် အဆင့် အရာရှိများ၊ နစက ဌာနချုပ်မှ အရာရှိများနှင့် နယ်မြေမှူးများ၊ ဥပဒေအရာရှိများ၊ တရားသူကြီးမှ အစ တရားရေး ၀န်ထမ်းများအားလုံး၊ ကျောင်းဆရာ ဆရာမများ၊ စာရေးစာချီများ၊ စီးပွားရေး သမားများ အားလုံး ဘင်္ဂလာဒေခ်ျ့မှ တင်သွင်းသော ဆက်သွယ်ရေး လက်ကိုင်ဖုံးများကို အသုံးပြုနေကြခြင်း ဖြစ်သည်။

တချို့နစက နယ်မြေမှူးများနှင့် ရဲအရာရှိများဆိုလျှင် ဘင်္ဂလာ လက်ကိုင် မိုဘိုင်းဖုံးများကို ပုဂ္ဂလိကများ လက်သို့ ဌားရမ်းပြီး ဖုံးဆိုင်ဖွင့်ကာ တွင်တွင်ကျယ်ကျယ် လူသိရှင်ကြား လုပ်ကိုင်စားသောက် နေကြသည်ဟု သိရသည်။

မောင်တောမြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးကလည်း “ မောင်တောမြို့နယ်မှာ ဈေးသက်သာပြီး သယ်ယူရ လွယ်ကူတဲ့ ဘင်္ဂလာဒေခ်ျ့က လက်ကိုင်ဖုံးကို လူတိုင်းလိုလိုက အသုံးပြုနေကြတာ ဖြစ်ပါတယ်။ အစိုးရ ထိပ်ပိုင်း အရာရှိကြီးတွေလည်း ကိုင်နေကြတာပါဘဲ။ ဥပဒေ ဘက်တော်သားတွေ ဖြစ်ကြတဲ့ အစိုးရ ထိပ်ပိုင်းအရာရှိကျတော့ ဥပဒေ ချိုးဖေါက်နေပေမယ့် မဖမ်းဆီးဘဲ မရှိ ဆင်းရဲတဲ့ အမျိုးသမီးကို ကျတော့ ဖမ်းဆီးပြီး တရားစွဲမယ်ဆိုတာကတော့ လုံးဝ လက်သင့် မခံနိုင်တဲ့ ကိစ္စပါ။ မြေနိမ့်ရာ လှံစိုက်ဆိုတဲ့ သဘောမျိုး ဖြစ်နေတဲ့အတွက် မောင်တော လူထုကတော့ နားမချမ်းသာ စိတ်မကောင်း ဘူးပေါ့ဗျာ” ဟု ပြောသည်။

ဘင်္ဂလာဒေခ်ျ့မှ တင်သွင်းလာသော လက်ကိုင်မိုဘိုင်းဖုံးများမှာ မြန်မာနိုင်ငံ မောင်တော နယ်စပ် တလျှောက်တွင် ဆက်သွယ် အသုံးပြုနိုင်ပြီး တန်ဖိုးမှာလည်း အနိမ့်ဆုံးဈေး မြန်ကျပ်ငွေ ၃၀၀၀၀ ခန့်ဖြင့် ၀ယ်ယူ အသုံးပြုနိုင်သဖြင့် လူတိုင်းလိုလိုက ဘင်္ဂလာဒေခ်ျ့ မိုဘိုင်းကို မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် တလျောက်တွင် အသုံးပြု နေကြခြင်း ဖြစ်သည်။

SNDP နောက်ကွယ်၌ လက်နက်ကိုင်တပ်ဖွဲ့ ပံ့ပိုးနေသည်ဟု USDP ပြောဆိုစည်းရုံး

မွေခေါင်

လားရှိုး ကြံ့ဖွတ် ပါတီက ကျေးလက် ဒေသ မဲဆွယ် စည်းရုံးရေး ဆင်းစဉ် သျှမ်း တိုင်းရင်းသားများ ဒီမိုကရေတစ် ပါတီ ခေါ် ကျားဖြူ ပါတီ နောက်ကွယ်တွင် လက်နက်ကိုင်တပ်ဖွဲ့ထောက်ကူပံ့ပိုး နေသည်ဟု ပြောဆို စည်းရုံးကြောင်း စုံစမ်း သိရှိရပါ သည်။

“ကျားဖြူပါတီက သျှမ်းပြည်မှာရှိတဲ့တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဘူး။ သူတို့ကသျှမ်းလူမျိုးတွေအတွက်ဘဲ လုပ်တာ။ သူတို့ကိုရွာသူရွာသားတွေကအားပေးထောက်ခံရင် အနာဂတ်မှာအခက်အခဲတွေ့ဒုက္ခရောက်မယ်။ ဘာ ကြောင့်လဲ ဆိုတော့ သူတို့ကိုလက်နက်ကိုင်တပ်ဖွဲ့တွေနောက်ကွယ်မှာထောက်ပံ့နေလို့ဘဲ” ဟု ပြောဆိုကြောင်း အသက် ၃၀ နှစ်ရှိ အီနိုင်းရွာသားတစ်ဦးက ပြောပါသည်။

သြဂတ်စ် ၂၄ ရက် လားရှိုးကြံ့ဖွတ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနော်ခမ်းဦး ဦးဆောင်၍ အပေါင်းအပါ များနှင့် လားရှိုးအနောက်ဘက် ၇ မိုင်အကွာ အိမ်ခြေ ၅၀၀ ကျော်ရှိ အီနိုင်းရွာသို့စည်းရုံးရေးဆင်းခဲ့၏။ သျှမ်း၊ ပလောင်နှင့် လီရှောလူမျိုးများနေထိုင်ပြီး ရွာသူရွာသားများအား ဘုန်ကြီးကျောင်း၌စုဝေးစေ၍ဟောပြောစဉ်ထိုကဲ့သို့ပြောဆိုခြင်းဖြစ် သည်။

“ကြံ့ဖွတ်ပါတီဘဲ တိုင်းရင်းသားအားလုံးကိုကိုယ်စားပြုတယ်။ ကြံ့ဖွတ်ပါတီကိုမဲပေးထောက်ခံမယ်ဆိုရင် ရွာသူရွာသား တွေ အေးအေးချမ်းချမ်းနေနိုင်မယ်။ ဒါကြောင့်ကြံ့ဖွတ်ပါတီကိုဘဲမဲပေးပါ” ဟုပြောဆိုကြောင်း အီနိုင်းရွာသူတစ်ဦးကလည်းပြော ပါသည်။

“ကျားဖြူပါတီကို လက်နက်ကိုင်တပ်ဖွဲ့က နောက်ကွယ်မှာထောက်ပံ့နေတယ်လို့ပြောတာဟာ အခြေအမြစ်မရှိတဲ့ပုပ်ခတ်မှု ဘဲ။ မဟုတ်မမှန်တဲ့အရာတွေကို ဖန်တီးပြောဆိုတာဖြစ်တယ်” ဟု လားရှိုးကျားဖြူပါတီဝင်တစ်ဦးက ပြောပါ သည်။

ကချင်ပြည်နယ် မိုးကောင်းကြံ့ဖွံ့ပါတီစည်းရုံးရေးဆင်းစဉ် ကျားဖြူပါတီအား အလားတူဖန်တီးပြောဆိုခဲ့ဖူးသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းက လက်နက်ကိုင်တပ်ဖွဲ့များနှင့်လုံးဝမပတ်သက်ကြောင်း ရှင်း လင်းပြောဆိုခဲ့ဖူးသည်။

အသက် ၅၂ နှစ်ရှိ လားရှိုးကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးနော်ခမ်းဦးသည် ကျောက်မဲဇာတိဖြစ်ပြီး လွန်ခဲ့သော ၄ နှစ်က လားရှိုးသို့ပြောင်းရွှေ့နေထိုင်သည်။ ၎င်းသည်ကျောက်မဲထွေအုပ်ရုံး၌ စာရေးအဖြစ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်၏။

ရုန်းမထွက် နိုင်သေးသော နာဂစ်ဒေသ ဘဝများ

မိုးယံ

ဓနိကျဲကျဲ မိုးထားသော ခေါင်မိုးပေါ်သို့ တပေါက်ပေါက် ကျနေသော မိုးစက်သံမှ လွဲလျင် ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ် နေသည်။ ရုတ်တရက် ကုန်ပစ္စည်း တခုခုကို အော်ဟစ် ရောင်းချသံ လိုလို အသံ သဲ့သဲ့ကြောင့် အသံလာရာသို့ ဦးဘမြင့် နားစွင့်မိသွားသည်။ အသံသဲ့သဲ့လေးသည် တဖြည်းဖြည်းနီးကပ်လာပြီး ပီသစွာ ကြားလိုက်ရချိန်တွင် လဲလျောင်းနေရာမှ ကုန်းထပြီး တဲအောက်သို့ အပြေးကြည့်လိုက်မိသည်။

အပြာရောင် ပုဆိုးပိုင်းပြတ် ကလေးနှင့် ထုပ်ပိုး ထားသည့် ရက်သား အရွယ် ကလေး တဦးကို ပိုက်ချီရင်း “ဘယ်သူ ယူမလဲ။ ဘယ်သူ ခေါ်မွေးမလဲ” ဟု တအိမ်ဝင် တအိမ်ထွက် ကလေး လိုက်လံ ပေးနေသော ခြေဆုံး ခေါင်းဆုံး နနွင်းများ ၀ါထိန်နေအောင် လိမ်းထားသော အမျိုးသမီးငယ် တဦး၏ အသံကြောင့် ဦးဘမြင့် တုန်လှုပ် ချောက်ချားပြီး မိမိနားနှင့် မျက်စိကိုပင် မယုံနိုင် ဖြစ်နေသည်။

“ဒီလိုနေရာမှာ အခြေအနေတွေ ဆိုးဝါးတယ် ဆိုတာ သိပေမယ့် ဒီလောက် ဖြစ်နေမှန်း မသိဘူး” ဟု မိမိဝမ်းနှင့် လွယ်မွေး ထားသော
ကလေးကို လိုက်ပေး နေသည့် အသက်၂၀ ကျော်အရွယ် အမျိုးသမီးငယ်ကို ကြည့်ပြီး ဦးဘမြင့်က ဆိုသည်။ဦးဘမြင့်သည် လပွတ္တာမြို့မှ ၄ နာရီကျော်ကြာ စက်လှေဖြင့် သွားရသော ကျားချောင်းကျေးရွာ၌ နာဂစ်မုန်တိုင်းလွန် တည်ဆောက် ရေးလုပ်ငန်းများ လုပ်ကိုင်ရန် တာဝန်ကျလာသည့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ ၀န်ထမ်းတဦးဖြစ်သည်။

ကျားချောင်းကျေးရွာတွင် နေထိုင်သော မဌေးနိုင်သည် မလွှဲသာမရှောင်သာသည့် ကိစ္စကြောင့် ကလေးကိုယ်ဝန်ရရှိပြီး မွေးဖွား လိုက်ရသော်လည်း ယင်းကလေးကို လူလားမြောက်အောင် ကျွေးမွေးရန် မဖြစ်နိုင်သည့်အတွက် သူများကို မွေးစားရန် လိုက်ပေး နေရကြောင်းကို ဦးဘမြင့်ကို ရှင်းပြနေသည်။

“ငတ်တလှည့် ပြတ်တလှည့်ဖြစ်နေတဲ့ ကျမနဲ့နေရင် ဒီကလေး သေသွားမှာ” ဟု မဌေးနိုင်က ပြောရင်း ငိုကျွေးနေရှာသည်။ မုန်တိုင်း တိုက်ခိုက်ပြီး ၂ နှစ်ကျော်ထိ အလုပ်အကိုင် အတည်အကျမရှိသည့်အတွက် နေ့စဉ်စားဝတ်နေရေး အခက်အခဲကို
ကြုံသလို ကျော်ဖြတ်နေရသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် တရွာလုံးနီးပါး သေကြေပျက်စီး ဆုံးရှုံးခဲ့ရသည့် ကျားချောင်းကျေးရွာ၏ တိတ်ဆိတ်ငြိမ်သက်သော
နေ့လယ်ခင်းသည် တခဏတာဆူညံပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသော်လည်း ဦးဘမြင့်ရင်ထဲတွင် ဆူပွက်လျက် ကျန်ခဲ့သည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ပြင်းထန်လှသည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးခဲ့ပြီး ၅၀၀၀၀ ကျော် ပျောက်ဆုံးခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီး ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ မုန်တိုင်းဒဏ်သင့် ဒေသခံများကို ဘ၀သစ်များပြန်လည် စတင်နိုင်ရန် ကူညီခဲ့သော်လည်း ထိရောက်သည်ဟု မဆိုနိုင် သေးပေ။

ကျောင်းစိမ်းဘောင်းဘီအတိုနှင့် စွပ်ကျယ်လက်ပြတ် အနက်ရောင်အစင်း ၀တ်ဆင်ထားပြီး အညိုရောင် ဦးထုပ်ကလေးကို
ဦးခေါင်းပေါ် တင်ရုံတင်ထားသော အသက် ၁၁ နှစ်ရှိ မောင်မဲလုံးမှာ ပူပြင်းပြီး အက်ကွဲနေသော မြေကြီးများပေါ် ဖိနပ်မပါဘဲ
ရွှံ့များအထပ်ထပ် ပေကျံနေသည့် ခြေဗလာဖြင့် လျှောက်လာရင်း “မေကြီး ရွာမှာပဲနေပြီး ဈေးရောင်းလို့မရဘူးလား။ မေကြီး မေကြီး”ဟု မိခင်မျက်နှာကို မော့ကြည့်ပြီး တဂျီဂျီနှင့် လှေဆိပ်ရောက်သည်အထိ မနားတမ်းပြောလာသည်။

မိခင်မျက်နှာကိုသာ မော့ကြည့်ပြီး သူဖြစ်ချင်သည့်စကားတွေ ရေရွတ်လာရာ မြေကြီးပေါ်မှ ခဲလုံးများ၊ ငုတ်များ၊ အချွန်အတက်များ နှင့် သူ၏ ခြေထောက်တို့ တိုက်မိ နင်းမိ ဆူးမိမှုများကို ဂရုမပြုနိုင်။ နာကျင်လို့ နာကျင်မှန်းမသိ။ အပြင်ပန်း နာကျင်မှုသည် သူ၏
ရင်ထဲမှနာကျင်မှုကိုတော့ အံမတုနိုင်ပါ။

မောင်မဲလုံး လိုက်ပါသွားမည့် ပဲ့ထောင်ကို ကျောခိုင်းရပ်ပြီး ကျပ်ငွေ ၄၅၀၀၀ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အံကျိတ် ငိုကျွေးနေသော မိခင်ကို “မေကြီး၊ မေကြီး” ဟု အော်ဟစ်နေသည့် မောင်မဲလုံး၏ ပုံရိပ်သည် လေယာဉ်ကွင်းကျေးရွာမှ ပဲ့ထောင်လေး တဖြည်းဖြည်း ကွယ်ပျောက်သွားသော်လည်း မိခင်အတွက် ရင်နင့်ပြီး မမေ့ပျောက်နိုင်သော ပုံရိပ်ပါ။

ရန်ကုန်မြို့ရှိ နေအိမ်များ၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်စသော နေရာများတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ လူများ မုန်တိုင်း မတိုက်ခတ်စဉ်ကတည်းက သွားရောက် အလုပ်လုပ်ကိုင်မှုများ ရှိသော်လည်း မုန်တိုင်းပြီးနောက်ပိုင်းတွင် သွားရောက်လုပ်ကိုင်မှု
နှစ်ဆမြင့်တက်လာကြောင်း အပြည်ပြည်တိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှ တာဝန်ရှိသူတဦးက ဆိုသည်။

နေ့စဉ်စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် သားသမီးများကို ရင်နာစွာဖြင့် စွန့်လွှတ်ခဲ့ကြသကဲ့သို့ မိဘမဲ့ကာ ခိုကိုးရာမဲ့သော ဆယ်ကျော်သက် မိန်းကလေးများသည် ခန္ဓာကိုယ်ကို ရောင်းစားပစ်ခြင်း၊ ခန္ဓာကိုယ်နှင့် ရင်းပြီး ငွေရှာခြင်းများ ပြုလုပ် လာကြသည်။

ဆယ်ကျော်သက် မိန်းကလေးအများစုသည် ကျေးရွာအတွင်းရှိ အသက်အရွယ်ကြီး မုဆိုးဖိုများနှင့် အိမ်ထောင်ကျမှု များပြားနေ သည်။

“မိဘမရှိတော့ အားကိုးမရှိဘဲ ထမင်းငတ်တဲ့ဒဏ် မခံနိုင်လို့ ယူလိုက်တာ” ဟု အသက် ၁၆ နှစ်အရွယ် သစ်ပုတ်ကျေးရွာရှိ
မိန်းကလေးတဦးသည် အသက် ၄၅ နှစ်ရှိ မုဆိုးဖိုတဦးနှင့် အိမ်ထောင်ပြုရခြင်း အကြောင်း ပြောပြသည်။

မုန်တိုင်းတိုက်ခတ်ပြီး ၂ နှစ်နှင့် ၃ လကြာမြင့်ချိန်တွင် အရာရာပြောင်းလဲစ ပြုလာသော်လည်း မုန်တိုင်းသင့်ဒေသတွင်
မပြောင်းလဲနိုင်သောအရာသည် စားဝတ်နေရေး ခက်ခဲခြင်းပင်ဖြစ်သည်။

ရွေးမြစ်နှင့် ပြာမလော့မြစ်ကို မှီခိုပြီး ဘိုးစဉ်ဘောင်ဆက် ကွန်ပစ်ရင်း ငါးဖမ်းဝမ်းစာရှာလာသည့် တံငါသည်များသည် အချိန်တိုင်း ငါးဖမ်းထွက်သော်လည်း ငါးမရသော နေ့ရက်က တရက်မကသောကြောင့် ၀မ်းရေးမမှန်။ အုံ့မှိုင်းနေသော မိုးသားအောက်တွင် အချိန်လုပြီး လယ်စိုက်နေသော လယ်သမားများမှာလည်း ငွေကြေးနှင့် အားအင်များ အပြည့်ထည့် စိုက်ပျိုးသော်လည်း စားမလောက်။

ရာသီဥတုမမှန်သောကြောင့် ဆားလုပ်ငန်း လုပ်ကိုင်သူများလည်း အရှုံးများသဖြင့် ဆားလုပ်ငန်းများ ရပ်ဆိုင်းထားရသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၏ အဓိကလုပ်ငန်းကြီး ၃ ခုဖြစ်သော လယ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့် ဆားလုပ်ငန်းများမှာ အခက်အခဲများကြောင့် စားဝတ်နေရေးကို ဆိုးဝါးစွာထိခိုက်ပြီး လူမှုရေးကဏ္ဍများပါ ထိခိုက်လာကြောင်း ဒေသခံများက
ပြောသည်။

“အလုပ်အကိုင် မကောင်းတော့တာလည်း ပါတယ်။ ရွာသူရွာသားတွေက ထောက်ပံ့မှုတွေအပေါ် မှေးလိုက်နေတဲ့ အချက်လည်း ရှိတယ်”ဟု NGO၀န်ထမ်း တဦးက ဆိုသည်။
အဖန်ဖန်သုံးပါများပြီး စွန်းထေးနေသော အ၀တ်စတစကို ညာဘက်လက်မှကိုင်ပြီး စားပွဲကို အားပါးတရ သုတ်ကာ “ငွေသုံးသောင်းလောက်ရဖို့ တနေ့ ၅ နာရီလောက်ပဲ အိပ်ပြီး နေ့တိုင်း အလုပ်လုပ်နေရတော့ အမေ့ကို စိတ်ဆိုးမိတယ်” ဟု လေသံသဲ့သဲ့ဖြင့် ဖိုးဇော်က ပြောသည်။

ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံနှင့် သင်တန်းများကို အမှီပြုဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်တဆိုင်တွင် အသက် ၁၃ နှစ်မှစ၍
စားပွဲထိုးလုပ်ကိုင်လာခဲ့ရသည်။ သုံးလတခါ၊ ငါးလတခါ ရွာသို့ပြန်ပြီး လစာငွေ အမေ့ဆီ သွားပေးချိန်တွင်သာ အချိန်တော်တော် ကြာ လွတ်လပ်စွာ အိပ်စက်ရသော်လည်း “ ထ ထ ရန်ကုန်ပြန်ဖို့ လုပ်တော့” ဆိုသော အမေ့စကားသံကို တွေးမိတိုင်း ၀မ်းနည်း နာကျင်ခဲ့ရသည်။

သူသည် ငွေမရှိလျင် မရပ်တည်နိုင်သော မိသားစုဘ၀အခြေအနေကြောင့် ရန်ကုန်သို့ ပြန်မလာချင်ဘဲ ပြန်ပြန်လာရသော နေ့ရက်များကို မုန်းတီးနေဆဲဖြစ်ပါသည်။

Call for Burma Election Boycott

ယနေ့ မြန်မာ့ရေးရာ သတင်းများ Aug,28th,2010

( 30 )ရွေးကောက်ပွဲ ဆန့်ကျင် သပိတ်မှောက်သည့် အပေါ် ပါတီဝင် တစ်ချို့ သဘောထား

( 29 )'Biggest change in decades'

( 28 )အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီဝင်တစ်ဦးကို စွမ်းအားရှင် တစ်ဦးက လေးဂွနှင့် ပစ်

( 27 )Burma's junta leaders quit posts

( 26 )ဆန် ပြည်ပပို့ခွင့် စီးပွား ကူးသန်း ကိုင်တွယ်မည်

( 25 )KIO ကွန်ဂရက် အစည်းအဝေး လိုင်ဇာတွင် ကျင်းပ

( 24 )မိုးမရွာသဖြင့် ကျောက်ဖြူနှင့် ရမ်းဗြဲတွင် လယ်ယာ လုပ်ငန်းများ အပြီးမသတ်နိုင်ဘဲ ဖြစ်နေ

( 23 )Tension Mounts Between Regime and Ceasefire Militias

( 22 )ရခိုင် “ဂီတအဟာရ စီးရီးခွေ“ မကြာမှီ ထွက်မည်

( 21 )Sex and the Capital City

( 20 )မဟာမုနိ ဗုဒ္ဓ၀ိဟာရမှ မိန်းခလေး ၃ ဦးကို အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထား

( 19 )Karen refugees from Myanmar prepare for new life in Japan

( 18 )မိုးသည်းမှုကြောင့် ကျေးရွာများ ရေနစ်မြုပ်

( 17 )Big tiger reserve under threat

( 16 )လက်နက်မချလိုကြောင်း ကချင်ကိုယ်စားလှယ်အများစု တင်ပြ

( 15 )Burma’s Aggressive Generals Start the Game of Changing New Face

( 14 )ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးမှ အနားယူပြီ

( 13 )Myanmar army chief Than Shwe has quit

( 12 )မြန်မာနိုင်ငံတွင် မည်သည့် လျှို့ဝှက် နျူကလီယာ အစီအစဉ်မျှ မရှိပါဟု နယူးဒေလီပြော

( 11 )မြန်မာမှ ရေနံတင်ပို့မည့် ပိုက်လိုင်း ၃ ခု တရုတ်က ဆောက်လုပ်ရန် ပြင်ဆင်

( 10 )Senior Burmese military leaders resign to take part in election

( 9 )စစ်ခေါင်းဆောင်များ ရာထူးမှ နုတ်ထွက်

( 8 )Burmese leaders quit military ahead of election

( 7 )ရပ်ဆောက်မြို့ အားကာ ၀န်ထမ်း ၅ ဦး အလုပ်မှနုတ်ထွက်

( 6 )ဗိုလ်ချုပ်ကြီးတွေ အရပ်ဝတ်လဲတာ အဆန်းမဟုတ်

( 5 )Burma's ailing dictator resigns military post

( 4 )ကလေးမြို့ ရေနံမြေတွင် အလုပ်သမားများ ဆန္ဒပြ

( 3 )Burma junta leader steps down from army

( 2 )စစ်အစိုးရ ရာဇသံ KIO ပယ်ချ

( 1 )Call for Burma Election Boycott

Friday, August 27, 2010

ဘုရားသုံးဆူမိုင်းကွဲမှု တပ်ရင်းမှူးအပါအ၀င် လေးဦးဒဏ်ရာရ

ဇော်ကြီး။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့၌ မိုင်းဗုံးတစ်လုံးထပ်မံပေါက်ကွဲ ခဲ့ပြီး စစ်အစိုးရတပ်မှ တပ်ရင်းမှူးအပါအ၀င် လေးဦးဒဏ်ရာရခဲ့သည်။

မြို့နယ် စိုက်ပျိုးရေးရုံးနှင့် မြို့နယ်ဆေးရုံကြီးကြား၊ ရပ်ကွက်(၃)တွင် ထောင်ထားသည့် မိုင်းအား ဒေသခံ စစ်အစိုး ရတပ်ဖွဲ့နှင့် တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်မတော် (DKBA)တပ်ဖွဲ့တို့က ရှင်းလင်းခဲ့ပြီး ဖောက်ခွဲရန်ပြင် ဆင်နေစဉ် ပေါက်ကွဲခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ဒဏ်ရာပြင်းထန်တာက နှစ်ယောက်တစ်ယောက်က ရဲဘော်စိုးဝင်း၊ ကန်ချနဘူရီဆေးရုံမှာ ဘယ်ဖက် ခြေထောက် ဖြတ်ရမယ်ထင်တယ်။ နောက်တစ်ယောက်ကတော့ ဒီကေဘီအေ က နာမည်မသိသေး ဘူး။ အဲတာတော့ ၀င်းကဆေးရုံရောက်နေတယ်လို့ကြားတယ်။ပေါင်မှာထိတယ်။ အားလုံးလေးယောက် ထိတယ်။”

ဒဏ်ရာရသူ လေးဦးအနက် “အဲဒီထဲမှာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်တင့်ခိုင်ပါတယ်။ လက်မောင်း မှာ ရှပ်ထိတာပေါ့ဗျာ။ပြီးတော့ ဗိုလ်ကြီးနိုင်လင်းဦး၊ သူက IO (ထောက်လှမ်းရေး)၊ သူကပါးမှာ ရှပ်ထိ တယ်။” ဟု ၎င်းကဆက်ပြောသည်။

ယခုလအတွင်း ဘုရားသုံးဆူမြို့ပေါ်တွင် မိုင်းဗုံးများ မကြာခနဆိုသလိုတွေ့နေရပြီး ပေါက်ကွဲမှုများ ဖြစ်ပေါ်နေ သည့်အတွက် ဒေသခံလူထုများ ထိတ်လန့်နေကြသည်ဟု ဆက်ပြောသည်။

“ဒီနေ့လည်း ဗုံးအတုတစ်လုံးတွေ့တယ်။ အမှိုက်ထုပ်ပေါ့ဗျာ။ ဗုံးထင်ပြီး ဒီမှာ လှုပ်လှုပ်ရွရွ ဖြစ်လိုက် သေးတယ်။ ရေကန်ဘေးနားက လမ်းဘေးတောထဲမှာ သွားပစ်ထားတာ။ ကြည့်ရတာ ၀ါယာကြိုးစ တွေလည်းပါတော့ မိုင်းထုပ်ထင်ပြီး အရပ်သားက လာပြောတော့ ဒီကောင်တွေ(စစ်တပ်)ကသွားကြည့် တာ အမှိုက်ထုပ်ဖြစ်နေရော။”

ယမန်နေ့ညနေ ငါးနာရီကျော်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မည်သူမည်ဝါ၏ လက်ချက် ဖြစ်သည်ကို မသိရသေးပေ။

ဘုရားသုံးဆူမြို့နယ်အတွင်း၌ မြန်မာစစ်အစိုးရ၏ ခလရ(၃၂)တပ်ရင်းအပါအ၀င် ရဲ၊ ပြည်သူ့စစ်တပ်ဖွဲ့များအပြင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ထားသည့် တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားရာဒေသ ဖြစ်သည်။

ရွေးကောက်ပွဲ မဲမပေးကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ကြည်ဝေ Friday, August 27, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ယုံကြည် ထောက်ခံ အားပေးသော ပြည်သူလူထု အနေဖြင့် ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေနိုင်ကြောင်း NLD ခေါင်းဆောင်များက ပြောဆိုလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်၊ ရွေးကောက်ပွဲမှာ NLD ကိုပဲ မဲပေးချင်တယ်၊ NLD ရွေးကောက်ပွဲ မ၀င်တော့ ကျနော် ကျမတို့ ဘာလုပ်ကြမလဲ၊ ဒီလို မေးခွန်းမျိုးတွေကို မီဒီယာတွေကနေ ကြားရတယ်တဲ့၊ အဲတော့ NLD ကိုပဲ မဲပေးချင်တယ် ဆိုတဲ့ ပြည်သူတွေအနေနဲ့ NLD မရှိရင် မဲမပေးဘဲ နေရုံပဲ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း က ပြောသည်။

နေအိမ် အကျယ်ချုပ် ကျခံနေရသော NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် ရှေ့နေများ သြဂုတ်လ ၂၄ ရက်နေ့က တွေ့ဆုံခွင့် ရရာမှာ ဒေါ်အောင်ဆန်း စုကြည်က ပြည်သူ လူထုကို မှာကြား လိုက်ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပြ သည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ကျင်းပမည့်ရက် နိုဝင်ဘာ ၇ ရက်မှာ အချိန်တိုလွန်း၍ မတရားဟု ပြောဆိုကြောင်း၊ ပြည်သူများကို မလေးမစား လုပ်ခြင်းဟု မြင်ကြောင်း၊ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ သတင်း ထုတ်ပြန်ခွင့်၊ လွတ်လပ်စွာ သတင်း ရယူခွင့်၊ မိမိ ဆန္ဒ ထုတ်ဖော်ခွင့် မရခြင်းဟာ တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ဟု ပြောဆိုကြောင်း၊ ပြည်သူ လူထုအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ နောင်ဖြစ်လာမည့် အစိုးရသည် ပြည်သူ့ လွှတ်တော်က ထိန်းညှိ နိုင်သော၊ ပြည်သူ့ လွှတ်တော်က တည့်မတ်နိုင်သော အစိုးရ မဟုတ်ဘဲ၊ သမ္မတ လွှမ်းမိုးမည့် အစိုးရသာ ဖြစ်သည်ကို ပြည်သူများ လေ့လာသင့် ကြောင်း၊ ထို့အပြင် အခြေခံဥပဒေတွင် ပြဌာန်းထားသော တရားမျှတမှုမရှိသည့်အချက်များ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများမှ တရားမျှတမှုမရှိသည့် အချက်များကိုပြည်သူများ သိရန် တတ်နိုင်သမျှ ဥပဒေပညာပေးရန် လိုအပ်ကြောင်း၊ ယင်းတို့ကို မသိဘဲ မဲဆန္ဒရှင်များက မဲပေးပါက အဓိပ္ပာယ်မှမရှိနိုင်ဟု ပြောလိုက်ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

NLD အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ရွေးကောက်ပွဲကို ယုံကြည်မှု မရှိသူများအနေနှင့် မဲမပေးဘဲ နေနိုင်ကြောင်း၊ မဲမပေးသူများကိုလည်း အရေးယူခွင့်မရှိကြောင်း၊ ပြည်သူလူထု အနေဖြင့် ကြောက်စရာမလိုကြောင်း ပြောဆိုသည်။

“မဲသွားမပေးလို့ အရေးယူစရာမရှိဘူး ဆိုတာကလည်း ရာဇသတ်ကြီးမှာ ပါပြီးသားပါ၊ ရာဇသတ်ကြီးမှာ ထည့်သွင်းထားတာက လူတိုင်းဟာ မဲပေးပိုင်ခွင့်ရှိသည်၊ မဲမပေးဘဲလည်း နေပိုင်ခွင့်ရှိသည် လို့ ရှိထားပြီးသားပါ၊ ဒါ လူ့အခွင့်အရေးပါ”ဟု ဦးတင်ဦးက ပြောဆိုသည်။

NLD ခေါင်းဆောင် တဦးဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင် ကလည်း အခြေခံဥပဒေကို လက်မခံနိုင်သောကြောင့် အဖွဲ့ချုပ် အနေနှင့် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံမတင်ခဲ့ဘဲ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက် ထားကြောင်း၊ သပိတ်မှောက်သည် ဆိုခြင်း မှာလည်း မဲမပေးဘဲနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် NLD ကို အားပေး ထောက်ခံ ယုံကြည်သူများ အနေနှင့် ကလည်း မဲမပေးဘဲ နေခွင့်ရှိကြောင်း၊ မဲမပေးသောကြောင့် ဥပဒေအရ အရေးယူခြင်းမပြုနိုင်ကြောင်း ပြောဆိုသည်။

“ရွေးကောက်ပွဲ ဥပဒေမှာလည်း ဒီကိစ္စက ပါတယ်၊ လူထုအနေနဲ့ မဲပေးခွင့်ရှိသလို၊ မဲမပေးဘဲနဲ့လည်း နေပိုင်ခွင့်ရှိတယ်ဆိုတာကို၊ ဒေါ်စုကလည်း ဒါကို အလေးအနက်ထားပြီး ပြောပါတယ်၊ လူထုအနေနဲ့ NLD ကို ထောက်ခံ အားပေးတယ်ဆိုရင် မဲမပေးဘဲ နေခွင့် ရှိတယ်ဆိုတော့ ပြည်သူလူထု တရပ်လုံးအနေနဲ့ NLD လိုပဲ ဆုံးဖြတ်ကျပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဟောင်း ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကလည်း အခြေခံဥပဒေကို လက်မခံနိုင်သော ကြောင့် ရွေးကောက်ပွဲမ၀င်သည်ကို သဘောတူကြောင်း၊ အခြေခံဥပဒေကို လက်မခံသူတိုင်း မဲထည့်စရာမလိုအပ်ဟု နားလည် မိကြောင်း ပြောသည်။

“ကျနော့်သဘောကလည်း ဒီလိုရှိတဲ့၊ ကိုက်ညီတဲ့အတွက်ကြောင့် အဖွဲ့ချုပ်က ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်တာကို ကျနော်က က သဘောလည်းကျတယ်၊ ထောက်လည်း ထောက်ခံတယ်၊ ကျနော်ကိုယ်တိုင်ကလည်း မဲမပေးဘူး၊ ပြည်သူလူထု အနေနဲ့လည်း မဲမပေးဘဲ နေနိုင်ခွင့်ရှိပါတယ်”ဟု ဦးဝင်းထိန်က ပြောဆိုသည်။

စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်း ရွေးကောက်ပွဲဝင်ရန် တရားဝင်ကြေညာ

NEJ / ၂၇ သြဂုတ် ၂၀၁၀

ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပမြို့နယ်တွင် ၀င်ရောက်အရွေးခံမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများကို တရားဝင် ပြောကြားနေပြီဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် (၂၆) ရက်နေ့ ရက်စွဲဖြင့် ထွက်ရှိသော ပြည်တွင်းသတင်းဂျာနယ် တစောင်ဖြစ်သည့် ရန်ကုန်တိုင်း(မ်) သတင်းဂျာနယ်တွင် မြို့တော်ဝန်က မီဒီယာနှင့်တွေ့ဆုံမေးမြန်းခန်း၌ တရားဝင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်ဝန်သည် ၎င်းနှင့်နီးစပ်သည့် စာပေနှင့်စာနယ်ဇင်းကိုသာ တွေ့ဆုံသတင်းပေး ပြောကြားခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် နီးစပ်သောအသိုင်းအ၀န်းက ပြောဆိုသည်။

ကြံ့ဖွံ့ပါတီကို ကြံ့ဖွံ့အသင်းဆောင်ရွက်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ အသင်းရှိစဉ်က အသင်းငွေကြေးများကိုပင် အတိုးချကာ ပါတီအတွက် သုံးစွဲသွားမည်ဟုလည်း ဦးအောင်သိန်းလင်းက အဆိုပါဂျာနယ်တွင် ပြောကြားထားသည်။

ဦးအောင်သိန်းလင်းသည် ရန်ကုန်တိုင်းအတွင်း စည်းရုံးရေး အပတ်စဉ်ဆင်းနေသူဖြစ်သော်လည်း ယင်းသို့ စည်းရုံးရေးဆင်းကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

စမ်းချောင်း ဗားကရာလမ်းတွင် နေထိုင်သူတဦးက “ကျမတို့ စမ်းချောင်းကို ပြီးခဲ့တဲ့ သုံးရက်လောက်က လာတယ်။ သူက ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ကိုပဲ မဲပေးပါလို့ပြောတယ်။ အဲဒါစည်းရုံးတာပေါ့။ ဒါပေမယ့် သူက အခုမြို့တော်ဝန်ပဲလေ။ မြို့တော်ဝန်အနေနဲ့ပဲ လာတာဆိုတော့လည်း ပါတီအနေနဲ့စည်းရုံးတာ မဟုတ်ပါဘူးလို့ ငြင်းနိုင်တာပေါ့။ အမှန်တော့ ပါတီအတွက်ပဲ လုပ်နေတာလေ” ဟု ပြောဆိုသည်။

သို့သော် ရန်ကုန်တိုင်း (မ်)ဂျာနယ်တွင် ဖော်ပြထားသည်မှာ ယခုလကုန်တွင်မှသာ ပါတီစည်းရုံးရေးလုပ်ငန်းများကို စတင်မည်ဟု မြို့တော်ဝန်က ပြောဆိုသည်။

မြို့တော်ဝန်က ပြည်သူအတွက် ပညာရေး၊ ကျန်းမာရေးကို အဓိက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကြံ့ဖွံ့အသင်းအနေဖြင့် (၆) နှစ်ခန့် လုပ်လာသော သင့်တင့်သည့် အရင်းနှီးကို ရထားပြီးဖြစ်ကြောင်း ပြောဆိုထားသည်။

၂၀၁၀ ပြည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် ကိုယ်စားလှယ်လောင်းများ တင်ရန် ငွေကြေး အခက်အခဲရှိနေသောကြောင့် အချို့ပါတီများမှာ ထင်သလောက် မပေါက်ဘဲဖြစ်နေကြသည်။

ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း (၂၀၀) ခန့် မှန်းထားသော်လည်း ယခုအခါ (၁၀၀) ပြည့်ရန်ပင် ရုန်းနေရကြောင်း ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောကြားသည်။

၎င်းက “ကြံ့ဖွံ့ပါတီကတော့ အရာရာသာတယ်လေ၊ ငွေကြေး ပြောစရာမရှိဘူး။ နိုင်မယ်ဆိုတာလည်း သူတို့က တထစ်ကျတွက်ထားတဲ့ ပါတီဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့တော်ဝန်က ပြီးခဲ့သည့် သြဂုတ် ( ၂၀) ရက် ရန်ကုန်တိုင်းရှိ ကြံ့ဖွံ့ပါတီရုံးဖွင့်ပွဲတွင် ပြည်ခိုင်ဖြိုးနိုင်ရမည်ဟု သုံးကြိမ်တိုင်တိုင် ကြွေးကြော်ခဲ့သူဖြစ်သည်။

တပ်မမှူးနှင့်တိုင်းမှူးအချို့ ရာထူးအပြောင်းအလဲလုပ်၊ ဒု-ဗိုလ်ချုပ်ကြီးများ နုတ်ထွက်

ခိုင်လင်း / ၂၇ သြဂုတ် ၂၀၁၀

နအဖစစ်တပ်အတွင်း တပ်မမှူးနှင့် စစ်တိုင်းမှူးအချို့ ရာထူးတိုးမြှင့်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနရှိ ဒု-ဗိုလ်ချုပ်ကြီး အတော်များများ စစ်ဘက်ရာထူးမှ နုတ်ထွက်ကာ ရွေးကောက်ပွဲဝင်ရန် ရှိသည်။

ယနေ့မှစတင်၍ တပ်မမှူးများကို စစ်တိုင်းမှူးအဖြစ်လည်းကောင်း၊ စစ်တိုင်းမှူးများကို ကာကွယ်ရေးဝန်ကြီးဌာန၊ အထူးစစ်ဆင်ရေးအဖွဲ့ (ကစထ) မှူးအဖြစ်လည်းကောင်း ရွှေ့ပြောင်းမှု စတင်ခဲ့သည်ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

တပ်မ (၃၃) တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောအား ယနေ့မှစ၍ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးအဖြစ် ခန့်အပ်လိုက်ပြီး ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်အား ကစထမှူးအဖြစ် တာဝန် ပြောင်းရွှေ့ခဲ့ကြောင်း၊ တပ်မ (၂၂) တပ်မမှူးအား အနောက်တောင်တိုင်း (နတခ) တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ နေရာတွင်လည်းကောင်း၊ တပ်မ (၉၉) တပ်မမှူးအား ကမ်းရိုးတိုင်း တိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦး နေရာတွင်လည်းကောင်း၊ တပ်မ (၈၈) တပ်မမှူးအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) တိုင်းမှူး ဗိုလ်ချုပ် လှမင်းနေရာတွင် လည်းကောင်း ပြောင်းရွှေ့တာဝန်ချထားခဲ့သည်ဟု အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “တပ်မမှူးတွေက တိုင်းမှူးတွေ တက်ဖြစ်ခဲ့တယ်။ တပ်မ (၁ဝ၁) က ဗိုလ်မှူးချုပ် စိန်ဝင်းတယောက်ကတော့ နိုင်ငံခြားရေးဌာနကို ရောက်သွားတယ်။ လက်ရှိ ကစထမှူးတွေ (၆) ယောက် ရှိတယ်။ အားလုံး စစ်တပ်က အနားယူ၊ ရွေးကောက်ပွဲ ဝင်ရမယ်ဆိုပြီး သတင်းထွက်နေတာ (၃) ရက်လောက်ရှိပြီ” ဟု ပြောသည်။

စစ်တိုင်းများကို ထပ်ဆင့်ကွပ်ကဲနေရသည့် ကစထမှူး (၆) ဦး ရှိနေပြီး ၎င်းတို့မှာ ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်၊ ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု-ဗိုလ်ချုပ်ကြီး သာအေး၊ ဒု-ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု-ဗိုလ်ချုပ်ကြီး ကိုကိုနှင့် ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်တို့ဖြစ်သည်။

နအဖ စစ်တပ်အတွင်း ယခုကဲ့သို့ ရာထူးအပြောင်းအလဲ လုပ်ကာ စစ်ယူနီဖောင်း ချွတ်စေပြီး ရွေးကောက်ပွဲတွင် အမတ်အဖြစ် ဝင်ရောက်အရွေးခံရန် ပြင်ဆင်နေသကဲ့သို့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စု လွတ်တော်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင် အမတ်နေရာ၏ (၂၅) ရာနှုန်းအတွက် တပ်မတော်သားများအား ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်မည်ဖြစ်၍ အနာဂတ်လွှတ်တော်တွင် စစ်ယူနီဖောင်းချွတ်နှင့် စစ်ယူနီဖောင်းဝတ်များသာ ကြီးစိုးရန် အလားအလာ ရှိနေကြောင်း နိုင်ငံရေးအကဲခတ်များက ဝေဖန်နေကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့လည်း စစ်ဘက်ဆိုင်ရာတပ်ရာထူးများမှ နုတ်ထွက်လိုက်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်နေသည်။

စီးပွားရေးလုပ်ခွင့် ပါမစ်များဖြင့် ကြံ့ဖွံ့ စည်းရုံး

ဝီရ / ၂၇ သြဂုတ် ၂၀၁၀

ပါတီဝင်အင်အား ပြည့်မီခြင်း မရှိသေးသည့် မြို့နယ်အချို့တွင် ကြံ့ဖွံ့ပါတီက အခြားနိုင်ငံရေးပါတီများ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသည့် အရက်ချက်လုပ် ရောင်းဝယ်ရေး လိုင်စင်အပါအ၀င် စီးပွားရေးဆိုင်ရာ အခြားလုပ်ကိုင်ခွင့် ပါမစ်တို့ဖြင့် ပြည်သူတို့အား စည်းရုံးနေကြောင်း သိရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ် အဇင်ရွာမှ စီးပွားရေးသမားတဦးက “ကြံ့ဖွံ့ပါတီဝင်ဖြစ်ရင် အရက်ချက်တာ၊ ရောင်းတာ လုပ်ခွင့်ပေးမယ်၊ စားသောက်ဆိုင် ဖွင့်ရင်လည်း အခွန်ကင်းလွတ်တာတို့ကအစ ပြောပြီး ရေးမြို့နယ်က ကျေးရွာတွေမှာ လိုက်စည်းရုံးနေတာ။ ဒီလိုလိုင်စင်တွေရဖို့ လွယ်တာမဟုတ်တော့ အကွက်ချောင်းနေသူတွေ ဝင်ကြတာပေါ့” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အများနည်းတူ သြဂုတ် (၂၀) ရက်နေ့က ကျင်းပခဲ့သည့် ရေးမြို့နယ် ကြံ့ဖွံ့ပါတီရုံး ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဝင်အင်အား (၁) ထောင်ကျော် တက်ရောက်ခဲ့သော်လည်း ရေးမြို့နယ်အတွက် လျာထားသည့် ပါတီဝင်အင်အား (၂) သောင်း ပြည့်မီခြင်း မရှိသေး၍ ၎င်းတို့၏ အမာခံပါတီဝင်များမှတဆင့် ကျေးလက်ပြည်သူတို့အား စီးပွားရေးလုပ်ကိုင်ခွင့်များဖြင့် ယင်းသို့ စည်းရုံးမှုများ စတင်လာခြင်းဖြစ်သည်။

ကြံ့ဖွံ့ပါတီက ယခုအခွင့်အရေးပေးမှုများအနက် ဝက်သတ်လိုင်စင်၊ ထီဖြန့်ဖြူးခွင့်၊ ဖုန်းလျှောက်ခွင့်၊ စားသောက်ဆိုင်လိုင်စင်၊ ဆိုင်ကယ်၊ ကားတင်သွင်းခွင့်လိုင်စင်၊ လမ်းတံတားလုပ်ကိုင်ခွင့်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်၊ ငါးဒိုင်၊ ဆန်ရောင်းဝယ်ဒိုင် လိုင်စင် စသည့် လုပ်ကိုင်ခွင့်များစွာ ပါဝင်ကြောင်း သိရသည်။

“အဇင်၊ ဇီးဖြူသောင်မှာဆိုရင် ငါးလုပ်ငန်း ရှိတယ်။ ရေးမြို့နယ် ကြံ့ဖွံ့ခေါင်းဆောင်ထဲမှာလည်း အဇင်းရွာ ဥက္ကဋ္ဌ ဦးမောင်မြင့်က တယောက် အပါအဝင်ဆိုတော့ ကြံ့ဖွံ့ပါတီဝင်ဖြစ်ရင် လုပ်ချင်တာ အားလုံးလုပ်နိုင်တယ်။ ဥပမာ မြဝတီကနေ ကော့သောင်းအထိ ဝစ်တောက် (လိုင်စင်မဲ့) ဆိုင်ကယ်၊ ကား စီးသွားရင်တောင်မှ သူတို့ပါတီဝင်ကတ် ပြလိုက်ရင် ပြဿနာမတက်ဘူး။ မဖမ်းဘူးပေါ့။ အဲဒီလို မသမာတဲ့နည်းလမ်းတွေနဲ့ စည်းရုံးနေတာ ဖြစ်တယ်” ဟု အဆိုပါ စီးပွားရေးသမားက ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ် ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးထွန်းမြင့်သည် ညောင်နှစ်ပင် ညီလာခံသို့ မွန်တိုင်းရင်းသား ကိုယ်စားပြု ကိုယ်စားလှယ်တဦးအဖြစ် တက်ရောက်ခဲ့သူဖြစ်ပြီး အရက်ချက်လိုင်စင်၊ အရက်ရောင်းဝယ်လိုင်စင်တို့ကို တဦးတည်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ဖြန့်ဖြူးခွင့် ရထားသူဖြစ်သည်။

“ရေးမြို့၊ သီရိနန္ဒာရပ်ကွက်က နောက်ထပ် ဦးထွန်းမြင့် တယောက်ကလည်း ဝက်သတ်လိုင်စင် ရထားတဲ့ ကြံ့ဖွံ့ခေါင်းဆောင် ဖြစ်နေတယ်။ ကြံ့ဖွံ့က အာဏာရှိတဲ့လူတွေချည်းပဲဆိုတော့ ပြည်သူတွေ ကျပ်တည်းနေတာကို အခွင့်ကောင်းယူပြီး သူတို့ပါတီ နိုင်အောင် ရတဲ့နည်းနဲ့ လုပ်နေတာတွေ ရှိတယ်။ တခြားပါတီတွေကိုကျတော့ ဟိုမလုပ်ရ ဒီမလုပ်ရ တားနေတယ်။ ဒါက မျှမျှတတ မရှိနိုင်တော့တဲ့ စည်းရုံးရေးနည်းတွေပဲ” ဟု ရွေးကောက်ပွဲဝင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (အေအမ်ဒီပီ) မှ ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သြဂုတ် (၂၆) ရက်အထိ နိုင်ငံရေးပါတီ (၄၂) ခုအနက် ပါတီဝင်အင်အား စာရင်းတင်ပြပြီးသည့် ပါတီပေါင်း (၃၀) ရှိပြီးဖြစ်သော်လည်း ကြံ့ဖွံ့ပါတီမှာမူ အခြားသော နိုင်ငံရေးပါတီများကဲ့သို့ ပြည်နယ်၊ မြို့နယ်အဆင့် ရွေးကောက်ခံ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို တိတိကျကျ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

တနိုင်ငံလုံးအနှံ့ ရုံးခွဲပေါင်း (၄၀၀) ကျော် ဖွင့်လှစ်ပြီး ဖြစ်သော ကြံ့ဖွံ့ပါတီသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လွှတ်တော် (၃) ရပ်စလုံး၌ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၄၅) ဦး၊ တိုင်းဒေသကြီး လွှတ်တော်အတွက် (၉၀) ဦး၊ အမျိုးသားလွှတ်တော်အတွက် (၁၂) ဦးအပါအဝင် ရခိုင်နှင့် ကရင်တိုင်းရင်းသားရေးရာ အမတ်နေရာအတွက် (၂) ဦး ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာတိုင်း (မ်) ဂျာနယ်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီး စစ်ရာထူးက အနားယူ

ရန်ပိုင် Friday, August 27, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ တပ်မတော် ရာထူးများမှ အနားယူ လိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်သည်။

၎င်းတို့နေရာတွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

အဓိက ကျသည့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်းခြင်း ရှိမရှိကိုမူ မသိရသေးပေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ ရွေးကောက်ပွဲ အပြီး တက်လာမည့် သမ္မတကို အာဏာလွှဲအပ်ပြီး ၂၀၁၁ ခုနှစ် မတ်လ ဘတ်ဂျက် အကုန်တွင် အနားယူမည် ဟုလည်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်းလည်း စစ်တပ် ရာထူးမှ အနားယူကြောင်း သတင်း ထွက်ပေါ် နေသည်။ ၎င်းကို လာမည့် အနာဂတ် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရာထားသည်ဟု စစ်တပ် အတွင်း ပြောဆိုနေ ကြသည်။

ထို့အတူ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ နေပြည်တော်ရှိ မဲဆန္ဒ နယ်များမှ ၀င်ရောက် အရွေးခံမည်ဟု နေပြည်တော်နှင့် နီးစပ်သူက ဆိုသည်။

“သူတို့သုံးယောက် နေပြည်တော်ကနေ ၀င်မယ်၊ အခုပုံစံ အတိုင်းဆို ဗိုလ်ချုပ်ကြီးရွှေမန်းက သမ္မတ ဖြစ်ဖို့ သေချာသလောက်ပဲ”ဟု ၎င်းက ပြောသည်။

နေပြည်တော်ခရိုင်တွင် ဇေယျာ သီရိ၊ ဇမ္မူ သီရိ၊ ဒက္ခိဏ သီရိ၊ ဥတ္တရ သီရိ၊ ပုဗ္ဖသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း စသည့် မြို့နယ် များကို ပြည်ထောင်စု နယ်မြေဟု မကြာသေးမီက ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် စစ်တိုင်းမှူးများကိုလည်း စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ) များနှင့် တခြားသော စစ်ဘက်ရာထူးကြီးများကို ပြောင်းလဲ လိုက်ကြောင်း၊ ကစထ မှူး များမှာ နေရာအပြောင်းအလဲမရှိဘဲ မူလတာဝန်ယူခဲ့သည့် ဒေသများတွင်သာ တာဝန်ယူရမည် ဖြစ် သည်။

ထို့အတူ ဗိုလ်ချုပ်ဝေလွင်သည် စစ်ထောက်ချုပ်၊ စစ်ရေးချုပ် အဖြစ် ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်ချုပ်ဝင်းမြင့်မှာ စစ်ရာထူးခန့်ချုပ် စစ်ဥပဒေချုပ် အဖြစ် ဗိုလ်ချုပ်ရာပြည့် တို့ကို ခန့်အပ်လိုက်ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ(ကြံ့ဖွံ့ပါတီ)၀င် ၀န်ကြီးများကို နေပြည်တော်ရှိ ၎င်းတို့၏ နေအိမ်များမှ ဖယ်ရှား ခိုင်းသည့် အတွက် ယခုအခါ ၀န်ကြီးများ ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

ထို့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက ကြားဖြတ်အစိုးရကို ဦးဆောင်မည်ဖြစ်ကြောင်း အတည်မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က စစ်အစိုးရ ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင် အေး၊ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း အပါအ၀င် ၀န်ကြီးချုပ် ဦးသိန်းစိန် တို့က ဦးဆောင်ပြီး နေပြည်တော်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူခဲ့ရာ ထိုအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူများက ပြောသည်။

ထိုအစည်းအဝေးနှင့် ပတ်သက်၍ အစိုးရ သတင်းစာများတွင်မူ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့၏ (၂/၂၀၁၀) ညှိနှိုင်း အစည်းအဝေးဟု ဖော်ပြထားသည်။

“ ၀ ” တပ်နှင့် မွန်ပြည်သစ် ပါတီ နယ်ခြားစောင့် ထပ်မံငြင်းဆို

စိုင်းဇွမ်ဆိုင်း Friday, August 27, 2010

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သော “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မွန်ပြည်သစ် ပါတီ (NMSP) တို့သည် နယ်ခြား စောင့်တပ် ဖွဲ့စည်းရန် လက်ခံမှု မရှိသေးကြောင်း သိရှိရသည်။

“နယ်ခြား စောင့်တပ် မဖွဲ့ဘူး၊ လက်နက်လည်း မချဘူး၊ ဒီအတိုင်းပဲ နေသွားမယ်လို့ ကျနော်တို့ ဘက်က ပြီးခဲ့တဲ့ နှစ်ရက် လောက်က အကြောင်းပြန် လိုက်ပါတယ်၊ နအဖ အစိုးရ ဘက်ကနေ ဘာတွေ လုပ်လာမလဲ ဆိုတာကို မပြောတတ် သေးပါဘူး၊ သူတို့ရဲ့လုပ်ရပ်အပေါ် မူတည်ပြီးတော့ ကျနော်တို့ ဘက်က တုံ့ပြန်သွား မှာပါ”ဟု UWSA မှ အရာရှိ တဦးက ပြောသည်။

ယခုလ ၂၀ ရက်နေ့တွင် ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့၌ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် UWSA မှ တာဝန်ရှိသူများ တွေ့ဆုံရာတွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ထပ်မံ ဆွေးနွေးစရာ မရှိတော့ကြောင်း၊ နယ်ခြားစောင့်တပ် မဖွဲ့လျှင် မတရား အသင်း ကြေညာမည်ဟု ပြောဆိုပြီး နောက်တွင် UWSA ဘက်မှ ယခုကဲ့သို့ အကြောင်းပြန်ထားခြင်းဖြစ်သည် ဟု လည်း UWSA အရာရှိက ဆိုသည်။

UWSA သည် တန့်ယန်းမြို့၌ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံပြီးချိန်တွင် ၎င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းမှ ဟိုပန်နှင့် မက်မန်းမြို့နယ်သို့ ရွေးကောက်ပွဲ စည်းရုံးရေး ကိစ္စ ဆောင်ရွက်မည့်သူများကို ဝင်ရောက်ခွင့်ပြုခဲ့သည်။

သို့သော် UWSA ၏ ထိန်းချုပ်နယ်မြေအတွင်းမှ ကျန်မြို့နယ် လေးခုဖြစ်သော မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း မြို့နယ် များတွင်လည်း ဝင်ရောက်မည်ဟု ယူဆရကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် တစုံတရာ မချရသေးကြောင်း UWSA အရာရှိက ပြောသည်။

“ရွေးကောက်ပွဲအတွက် မဲဆွယ်တာတွေ လုပ်မယ့်သူတွေကို လုံခြုံရေးယူပေးမယ့် ဗမာတပ်တွေလည်း လာမယ် ပြောတယ်၊ အဲဒီလိုမျိုး လုံခြုံရေးယူတာကို အကြောင်းပြပြီး ကျနော်တို့ကို ဝင်တိုက်တာမျိုးတွေ ဖြစ်မလာလောက်ဘူး လို့ မျှော်လင့်ပါ တယ်၊ ကျနော်တို့ဘက်ကတော့ ဘယ်သူနဲ့မှ ပြဿနာမဖြစ်ချင်ဘူးလေ”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မွန်ပြည်သစ်ပါတီ (NMSP) ၏ ဥက္ကဋ္ဌဖြစ်သူ နိုင်ထောမွန်က“ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို မပေးဘဲနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းခိုင်းနေတာကို ကျနော်တို့အနေနဲ့ လက်မခံနိုင်ပါဘူး”ဟု ယမန်နေ့က ကျရောက်သော ၆၃ နှစ် မြောက် မွန်တော်လှန်ရေး နေ့တွင် ပြောဆိုကြောင်း နီးစပ်သူတဦးထံမှ သိရှိရသည်။

နအဖ အစိုးရဘက်မှ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို အတင်းအကျပ် ဖိအားပေးလာမည်ဆိုပါက NMSP နှင့် နအဖ အကြား ထားရှိသော အပစ်ရပ် သဘောတူညီမှုကို ဖျက်ရလိမ့်မည်ဟု NMSP ၏ ထိပ်ပိုင်း ခေါင်းဆောင်များက ပြောဆို ထားသည်။

ယခုနှစ် ဧပြီလ ၂၈ ရက်နေ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို NMSP မှ အတိအလင်း ငြင်းဆန်ပြီးနောက် နအဖ အစိုးရ နှင့် ဆက်ဆံရေး တင်းမာလာခဲ့သည်။

ယခု အချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၏ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ လှိုင်းဘွဲ့မြိုနယ် ပိုင်ကျုံမြို့ ထန်းတပင် ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာ၊ မြဝတီ မြို့နယ် အတွင်းကွင်းကလေး ဒေသတို့မှ တပ်ဖွဲ့ဝင်များနှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ဖြစ်သော ဟောင် သရော အဖွဲ့တို့သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိ သည်။

ရွေးကောက်ပွဲကို တိုက်ဖျက်မည်ဟု မဒမခ က ပြောဆို

မြင့်မောင်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို လူထုတိုက်ပွဲအပါအဝင် နည်းလမ်းစုံဖြင့် တိုက်ဖျက်မည်ဟု တောတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ ဒီမိုကရေစီရေး လိုလားသည့် အဖွဲ့များ ပူးပေါင်းထားသည့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (မဒမခ) က ပြောဆိုလိုက်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲသည် ၂ဝဝ၈ အခြေခံဥပဒေကို အခြေခံထားသဖြင့် စစ်ရေး၊နိုင်ငံရေးတို့ဖြင့် တိုက်ဖျက်မည်ဟု ညီလာခံကိုယ်စားလှယ် ၄၄ ဦးက ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြန်မာ-ထိုင်းနယ်စပ်တွင် ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“၂ဝဝ၈ အခြေခံနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်မခံဘူး။ အဲဒါကြောင့် ၂ဝဝ၈ အခြေခံ ဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ တိုက်ဖျက်ရေးကို စစ်ရေး၊ နိုင်ငံရေး၊ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ပေါင်းစပ်ပြီး တိုက်ပွဲဝင်နိုင်ရေးအတွက် အခြေအနေထူးရင် ထူးသလို ကြေညာချက်တွေ ထုတ်ပြန်သွားမှာပါ” ဟု ညီလာခံကြီးက ရွေးချယ်လိုက်သည့် (မဒမခ) အထွေထွေ အတွင်းရေးမှူး ရဲဘော်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။

မဒမခ ညီလာခံက စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စုကို ဖျက်သိမ်းပြီး ဖယ်ဒရယ်ဒီမိုကရက်တစ် အစိုးရတရပ် ဖွဲ့စည်းရေးကို မဟာဗျူဟာ လုပ်ငန်းစဉ် ရည်မှန်းချက်အဖြစ် ချမှတ်ခဲ့ပြီး ၎င်းရည်မှန်းချက် အကောင်အထည်ဖော်ရေးအတွက် မဟာဗျူဟာ လုပ်ငန်းစဉ် ၇ ရပ်ကိုပါ ချမှတ်ခဲ့သည်။

လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်နိုင်ရေး ကြိုးပမ်းသွားရန်၊ ဘက်ပေါင်းစုံ အုံကြွမှု အခြေခံပြီး လူထုတိုက်ပွဲ ဖြစ်အောင် လုပ်ဆောင်ရန်၊ တပ်တွင်း စည်းရုံးရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဖော်ဆောင်သွားရန်၊ စစ်အုပ်စုကို နိုင်ငံတကာက ထိရောက်စွာ အရေးယူနိုင်ရေးကို ဆောင်ရွက်ရန် ပါရှိသည်။

ထို့အပြင် ပြည်တွင်းရှိ စစ်အုပ်စု ဆန့်ကျင်ရေး၊ ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသား အင်းအားစုများ တတ်နိုင်သမျှ ဝိုင်းဝန်းလုပ်ဆောင်ရန်၊ အပစ်ရပ် အဖွဲ့အစည်းများကို ဝန်းရံပံ့ပိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားရန်တို့ ဖြစ်သည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးနေသည့်အပေါ် မဒမခ အနေဖြင့် လက်မခံကြောင်း အထွေထွေ အတွင်းရေးမှူးက ပြောသည်။

ညီလာခံက ဥက္ကဋ္ဌ ပဒိုစောအားတိုး၊ ဒုဥက္ကဋ္ဌ ဦးအေးဆောင်နှင့် အထွေထွေ အတွင်းရေးမှူးအဖြစ် ရဲဘော်မျိုးဝင်းတို့ ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦးကို ရွေးချယ်တာဝန်ပေးအပ်လိုက်သည်။

မဒမခ ကို ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ကျောင်းသားတပ်မတော် ABSDF ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) စသည့် အဖွဲ့အစည်းများ အပါအဝင် အဖွဲ့ပေါင်း ၂၅ ဖွဲ့ခန့်ဖြင့် အမျိုးသား လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဖွဲ့စည်းခဲ့သည်။

အသက် ၅၀ ကျော် သက်ကြီးပိုင်းများအား ကြံ့ဖွံ့ပါတီဝင်အဖြစ် အဓမ္မ သွတ်သွင်းနေ

မွေခေါဝ်

တာချီလိတ်မြို့ကြံ့ဖွံ့ပါတီကော်မတီဝင်များ အချို့ရပ်ကွက်များအတွင်းလှည့်လည်ပြီး တစ်အိမ်တက်ဆင်း အသက် ၅၀-၆၀ ကျော်(အမျိုးသမီးခပ်များများ)အား ဓါတ်ပုံရိုက်ယူပြီးနောက် ပါတီဝင်ကဒ်ပြားပြုလုပ်ကာ ပါတီဝင်အဖြစ် အဓမ္မသွတ်သွင်း လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

“ခြံဝင်းထဲဝင်လာပြီးဘာမှမရှင်းပြဘူး။ ဓါတ်ပုံအတင်းခေါ်ရိုက်တယ်။ ဓါတ်ပုံပြန်ပို့လာပေးမယ်လို့ပြောတယ်။ ဘာ အတွက်ရိုက်လဲမသိဘူး။ ပြီးတော့ပြန်သွားကြတယ်။ အင်္ကျီဖြူထမီပုဆိုးစိမ်းကိုယ်စီနဲ့ဆိုတော့ ကျေးလက်ကနေမြို့ထဲ ပြောင်းနေတဲ့ မသိနားမလည်သူခပ်များများက ကြောင်အန်းအန်းနဲ့ဘာမှသိပ်မမေးရဲကြဘူး။ ၂-၃ ရက်ကြာတော့ ပါတီဝင်ကဒ်ပြားပို့လာတယ်” ဟု ပုန်းထွန်သူတစ်ဦးကပြောပါသည်။


သြဂတ်စ် ၂၀ ရက်မှစ၍ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးတို့က ကြံ့ဖွံ့ဝတ်စုံဖြင့် တာချီလိတ်မြို့ပေါ်ပုန်းထွန်နှင့် ဆန်ဆိုင်းရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းပြီး ထိုကဲ့သို့ဓါတ်ပုံရိုက်ယူကြသည်ဟုဆို၏။

“အသက် ၅၀-၆၀ လူကြီးပိုင်းအမျိုးသမီးခပ်များများဘဲယူတယ်။ လူငယ်ပိုင်းတော့သိပ်မပါဘူး။ အမျိုးသား ၂ ယောက် က သူတို့ပါလာတဲ့မိုးပြာရောင်နောက်ခံပိတ်စကို နံရံနားရပ်ပြီးကာထားပေးတယ်။ ပိတ်စရှေ့ရပ်ခိုင်းပြီး အမျိုးသမီးက ရိုက်ယူတယ်” ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်မှဒေသခံတစ်ဦးက ပြောပါသည်။

မယက၊ လ၀ကရုံးရှိ အိမ်ထောင်စုစာရင်းများတောင်းယူမိတ္တူလုပ်၍ နာမည်ရွေးကာဖောင်ဖြည့်ထားပြီး ဓါတ်ပုံကပ်ရန် ထိုကဲ့သို့ဓါတ်ပုံလိုက်ရိုက်ကြခြင်းဖြစ်ကြောင်း၊ ကြံ့ဖွံ့ပါတီအင်အားတောင့်တင်းရန် နည်းမျိုးစုံသုံး၍လုပ်နေခြင်းဖြစ် ကြောင်း တာချီလိတ်ဒေသခံတစ်ဦးကပြောပါသည်။

ဂျွန်လဆန်းပိုင်း ကြံ့ဖွံ့အသင်းမှကြံ့ဖွံ့ပါတီသို့ကူးပြောင်းစဉ် ကျိုင်းတုံမြို့နယ်ကြံ့ဖွံ့အကြီးအကဲများက ဒေသခံလူထု အား “အသက် ၁၈ နှစ်အထက် ရွာသူရွာသားအားလုံး ကြံ့ဖွတ်ပါတီဝင်ရမယ်။ မ၀င်တဲ့သူတွေ နိုင်ငံတော်ကိုပုန်ကန်တဲ့ စာရင်းထဲပါသွားမယ်” ဟု ခြိမ်းခြောက်၍အဓမ္မသွတ်သွင်းခဲ့ကြောင်း ကျိုင်းတုံသားတစ်ဦးကပြောပါသည်။


အရပ်သားလွှတ်တော်၊ ဘောင်းဘီဝတ် ဥပဒေနှင့် ဒီမိုကရေစီ ဗလုံးဗထွေးဆီသို

မောင်အောင်ထက်

“အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ရလဒ် ဖြစ်လာနိုးနိုး၊ ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်တဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်” ဒေါ်အောင်ဆန်းစုကြည် (၁၉၉၈ ခုနှစ်၊ မေလ ၂၈ ရက်)

(က)

သြဂုတ်လ ၁၃ ရက်နေ့က ၂ဝ၁ဝ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာချက်အမှတ် ၈၉/၂ဝ၁ဝ နှင့် ကြေညာချက်ကို စစ်အုပ်စုမှ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ဆိုင်းမဆင့် ဗုံမဆင့်ပင်။ ၈၅ ရက်ခွာကာ ကြေညာလိုက်သော ရွေးကောက်ပွဲသည် မည်မျှတရားမျှတမှုရှိမည်၊ မည်မျှလွတ်လပ်မှုရှိမည်ကို မည်သူမျှ ကံသေကံမ,မတွက်ချက်နိုင်သေး။

သို့သော်လည်း တရားမျှတမှု အရှိဆုံးနှင့် အကြမ်းဖက်မှု အကင်းဆုံးဟုဆိုခဲ့သည့် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲရလဒ်အား ယခု ၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ချေဖျက်ကာ စစ်တပ်ကြီးစိုးသောလွှတ်တော်ကို နိုင်ငံတကာအသိအမှတ်ပြုစေရန် စစ်အုပ်စုက ကြံဆောင်နေခြင်းဖြစ်သည်ကိုမူ ငြင်း၍မရချေ။

နှစ်,နှစ်ဆယ်ကျော်ကြာ ပြတ်လပ်နေခဲ့ရသည့် ရွေးကောက်ပွဲအား ပြည်သူတို့လိုလားတောင့် တသော်လည်း စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအား အပြည့်အဝယုံကြည်၍မရနိုင်။ မြန်မာပြည်သူလူထုသည် တရားမျှတပြီး လွတ်လပ်သည့် ဒီမိုကရေစီအစိုးရကို လိုလားတောင့်တနေသည်မှာ အချိန်ကာလအားဖြင့် အတော်အတန် ကြာမြင့်ပြီ ဖြစ်သည်။


(ခ)

“ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအနေဖြင့် မိမိတို့ကိုအုပ်ချုပ်မည့်သူများကို ရွေးချယ်ပိုင်ခွင့် (သို့မဟုတ်) ငြင်းပယ်ပိုင်ခွင့်ဟူသည့် အခွင့်အလမ်းကို ရရှိစေခြင်းပင်ဖြစ်လေသည်” ဟူသည့် စကားတခွန်းရှိခဲ့သည်။ ဒီမိုကရေစီအတွက် ရွေးကောက်ပွဲသည် မရှိမဖြစ်။ သို့သော် တရားမျှတမှုနှင့် လွတ်လပ်မှုတို့ရှိရန်သည် အလွန်အရေးကြီးသည်။

နှစ်,နှစ်ဆယ်ကျော်ကျော် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား အသွယ်သွယ်ကို ဘိုးဘွားပိုင်အမွေသဖွယ် ဖက်တွယ်ထားသည့် စစ်အုပ်စုသည် ဖြစ်နိုင်လျှင် အာဏာအား မည်သူ့မျှ မပေးလို။ တိုင်းပြည်အား “အဖေသေ၊ သားနန်းရ” စနစ်မျိုးအတိုင်း အမျိုးတော် အဆွေတော်တို့ဖြင့် စဉ်ဆက်မပြတ် လက်ဝါးကြီးအုပ်ထားလိုသည်မှာ ဆိုဖွယ်ရာပင်မရှိ။

အလုပ်လက်မဲ့ထူပြောလှသော တိုင်းပြည်တွင် ပြည်သူသည် စစ်အုပ်စု၏ ရွေးကောက်ပွဲအား စိတ်ဝင်စားဟန် မပြ။ တက်လာသည့်အစိုးရများအနေဖြင့် သူတို့၏လွတ်လပ်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီး ပေးနိုင်ရန်သာ အရေးကြီးသည် ဟုဆိုသည်။ ထို့ကြောင့် မည်သည့်အစိုးရပင်ဖြစ်ဖြစ် သူတို့အတွက် အရေးမကြီး။ အရေးကြီးသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ဆုံးရှုံးနေရသည့် သူတို့အခွင့်အရေးများကို ဖန်တီးပေးနိုင်မည့် အစိုးရတရပ်ဖြစ်ဖို့သာ အရေးကြီးသည်။

အများအစုအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် လွတ်လပ်မှုမရှိသော တိုင်းပြည်သည် အနှစ်၊ နှစ်ဆယ်ကျော်လုံးလုံး အာဏာရှင်တစု၏ ထင်သလို ခြယ်လှယ်မှု လက်အောက်တွင် စိစိညက်ညက် ကျေနေခဲ့ပြီမှာ ဆိုဖွယ်ရာပင်မရှိ။ အနှစ်,နှစ်ဆယ်ကျော်အတွင်း ပြည်သူလူထုကြီး၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးအတွက် ထိရောက်သည့် ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များကို တွန်းတွန်းတိုက်တိုက် လုပ်သည်ဟူ၍မတွေ့ရ။

ထိုနေရာများတွင်သုံးစွဲရမည့် စားရိတ်များအား စစ်တပ်အခိုင်အမာ တည်ဆောက်ရေးနှင့် စစ်လက်နက် ဝယ်ယူစုဆောင်းရေးဘက်တွင် အိတ်သွန်ဖာမှောက် အပြည့်အဝ အသုံးပြုခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်သော်လည်း လုပ်ဆောင်နေသည့်သူများအား ဟန့်တား နှောင့်ယှက်ရန်အတွက်မူ စစ်အုပ်စုသည် ဝန်လေးခြင်းမရှိ။

ယခု စစ်အုပ်စု ကျင်းပပေးမည့်ရွေးကောက်ပွဲအား မည်သည့် “တရားမျှတမှုပေတံ”မျှနှင့်ပင် တိုင်းကြည့်ရန်မလို။ ထင်ထင်ရှင်းရှင်းပင် တွေ့နိုင်မြင်နိုင်သည်။ စစ်အုပ်စုပုံဖော်နေသည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့် ပျက်ပြားဦးမည်ဆိုသည်မှာ၂ဝဝ၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့်ပင်သိမြင်ပြီး ဖြစ်သည်။


(ဂ)

မြန်မာနိုင်ငံတွင် လူဦးရေ ၅၉ သန်းရှိသည့်အနက် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့်သူမှာ သန်း ၃ဝ ခန့် ရှိသည်ဟူသော ထုတ်ပြန်ချက်တွင် စစ်အုပ်စု၏ ထောက်တိုင် ပါတီကြီးဖြစ်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ အမည်ပြောင်းထားသော ကြံဖွံ့ပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်သူ စက်မှု ၁ ဝန်ကြီးက ရွေးကောက်ပွဲတွင် မဲတဝက်ကျော်ဖြင့် ကြံ့ဖွံ့ပါတီ အပြတ်အသတ်နိုင်မည်ဟု ကြွေးကြော်ထား၏။

တဘက်မှလည်း သူလိုကိုယ်လို ပါတီတခုက ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းသည်ကို ဝိုင်းဝန်း၍ ရိုက်နှက်လိုက်ကြပြန်သည်။ ပါတီအလံ၊ တံဆိပ်၊ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးပစ်ပြန်သည်။ ရွေးကောက်ပွဲတခုအတွက် အပြိုင်အဆိုင်စည်ရုံးလှုပ်ရှားမှုများ ပြုလုပ်နေသည့် ပါတီအများသည်ပင် ကျောထောက်နောက်ခံ မတူညီသည့်အတွက် အခွင့်မတူ၊ အာဏာမတူ။

၂ဝဝ၃ ဒီပဲယင်းလုပ်ကြံမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး နာမည်ဆိုးဖြင့်ကျော်ကြားလာသည့် ကြံ့ဖွံ့၏နာယက အကြီးအကဲသည်လည်း စစ်တပ်ထိပ်သီး အကြီး၊အကဲပင်။ အသင်းမှ ပါတီဖြစ်လာပြီးနောက်ပိုင်းတွင်လည်း ဦးစီးဦးဆောင်တို့သည် “ဗိုလ်” မှ “ဦး” သို့ ပြောင်းလဲ နာမည်ခံထားသူများသာဖြစ်သည်။

ပို၍ဆိုးသည်မှာ ကြံ့ဖွံ့ပါတီ နိုင်ငံတော်စရိတ်ဖြင့် စည်းရုံးရေးဆင်းနေသည်ကို ကျန်ပါတီများက မနှစ်မြို့နိုင်။ လက်မခံနိုင်။ ဖြစ်လည်း မဖြစ်သင့်သည့် အဖြစ်ပင်။ ကြံဖွံ့ပါတီမှ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားနေချိန်တွင် တခြားသောပါတီ သုံးဆယ်ကျော်၊ လေးဆယ်ခန့်တို့မှာ ငွေကြေးအခက်အခဲနှင့် အချိန်အကန့်အသတ် များကြားတွင် စစ်အုပ်စု၏ နှောင့်ယှက်မှုများကိုပါ ခံနေရသည်။

ကိုယ်စားလှယ်တဦးလျှင် ၅ သိန်းဟူသော ငွေပမာဏသည် တိုင်းပြည်တွင်း ရှာဖွေရသည်မှာ ထင်သလောက် မလွယ်ကူ။ ပါတီ၏ အာဘော်၊ အမြင်နှင့် လေ့လာစရာသတင်း အချက်အလက်တို့ကိုပင် ကိုယ်စားလှယ်လောင်း ရွေးချယ်ဆန္ဒအတည်ပြုပေးမည့် ပြည်သူထံသို့ လွတ်လပ်စွာထုတ် ဖော်ပြသခွင့်မရ။ အားလုံးအကန့် အသတ်များဖြင့်သာ။

အတိုက်အခံတို့၏လှုပ်ရှားမှုကို သည်းခံလေ့မရှိသည့်နိုင်ငံတွင် တပါတီအာဏာရှင်စနစ် ထွန်းကားနေသည်မှာ မဆန်း။ သို့သော် ပြည်သူအား မမေ့သင့်။ အစိုးရမှနေ၍ ပြည်သူဟူ၍ ပေါ်ပေါက်လာသည်မဟုတ်။ ပြည်သူထံမှသာ အစိုးရဖြစ်ထွန်းလာခြင်းဖြစ်သည်။ ထိုအရာ အား အာဏာရှင်တို့ မမေ့သင့်။


(ဃ)

စစ်အုပ်စုပုံဖော်နေသော ကန့်သတ်ချက်များလွန်းလှသည့် အခြေခံဥပဒေသည် သူတို့အတွက်မူ ကန့်သတ်ချက်မရှိ။ အတားအဆီးမရှိ။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်တွင်လည်း အာဏာမရှိ။ အထက်က ညွှန်ကြားချက်ကို စောင့်ဆိုင်းရင်းဖြင့်သာ အလုပ်,လုပ်နေရသည်။ မည်သည့်နိုင်ငံ၊ မည်သည့်ဒီမိုကရေစီ အစိုးရတရပ်တွင်မှ တွေ့ရ၊ ကြားရခြင်းမရှိသည့် လုပ်ရပ်ဖြစ်သည်။ အမှန်တကယ်တွင် စစ်အုပ်စုသည် ပြည်သူ့သာယာဝပြောရေးကို လျစ်လျူရှု့ကာ ဒီမိုကရေစီအရေကို ခြုံလွှမ်းရန် ကြိုးစားနေခြင်းသာဖြစ်သည်။

ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် နိုင်ငံတကာအသိအမှတ်ပြု မူတခုပြောင်းလဲလိုက်ခြင်း မျှသာဖြစ်ပြီး၊ လူကမူ ပြောင်းလဲခြင်းရှိမည်မဟုတ်သည်မှာ စစ်ဘက်မှအရပ်ဘက်သို့ ပြောင်းလဲလိုက်သည့် စစ်ဗိုလ်ချုပ်ကြီးများက သာဓကဖြစ်သည်။

အနှစ်,နှစ်ဆယ်ကျော် တရားမဝင်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် တိုင်းပြည်၏သံယံဇာတတို့ ကွယ်ပျောက်ကုန်သလို၊ တတ်သိပညာရှင်များလည်း ယိုစိမ့်ခဲ့ရသည်။ ပြည်တွင်းစစ်မီး တောက်လောင်မှု အောက်တွင် ပြည်သူအပေါင်းတို့ ဒုက္ခပေါင်းစုံကို ခါးစည်းခံခဲ့ရသလို အလုပ်အခွင့်အလမ်း ဖန်တီး မပေးနိုင်မှုတွင် လုပ်အားရင်းမြစ်များ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားများပြဿနာ၊ တိုင်းရင်းသား ပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊ လူကုန်ကူးမှုပြဿနာတို့ဖြင့် စစ်အုပ်စု အုပ်စိုးသည့်တိုင်းပြည်သည် ပြဿနာတို့ဖြင့်သာ ပိုမိုကျဉ်းထဲကျပ်ထဲ ရောက်ခဲ့ရသည်။

စစ်အုပ်သည် ထိုအရာများကို မသိမဟုတ်။ သိပါသည်။ မသိကျိုးနွံကျွန် ပြုနေခြင်းသာဖြစ်သည်။ “ဘယ်သူ သေသေ၊ ငတေမာရင်ပြီးရော” ဟူသော စိတ်ဓာတ်ဖြင့် စစ်အုပ်စုသည် ကမ္ဘာမီးလောင် သားကောင်ချနင်းကာ နိုင်ငံတကာအလယ် မျက်နှာပြောင်တိုက်ဝံ့ခဲ့သည်။

နိုင်ငံသားတိုင်းနှင့် ဆက်စပ်နေသည့် နိုင်ငံ့အရေးသည် ပြည်သူတို့၏ နေ့စဉ်ဘဝများနှင့် တနည်းတဖုံ ဆက်စပ်လျှက်ရှိသည်။ ပြည်သူ့အရေးကို ပြည်သူသာလျှင် ဆုံးဖြတ်ပိုင်ခွင့်၊ ဆုံးဖြတ်နိုင်ခွင့် ရှိရမည် ဖြစ်သည်။ ထိုသည်များကို စစ်အုပ်စုက ဆက်လက်လျစ်လျူရှုနေဦးမည်ဆိုလျှင်၊ စစ်ဗိုလ် တမတ်သားပါ အရပ်သား လွှတ်တော်အတွက် ဘောင်ဘီးဝတ်ရင်း ရေးဆွဲထားသည့်ဥပဒေသည် ပြည်သူလူထုအား ဒီမိုကရေစီကို ဗလုံးဗထွေး ရေရွတ်ပြမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။