Saturday, August 28, 2010

SNDP နောက်ကွယ်၌ လက်နက်ကိုင်တပ်ဖွဲ့ ပံ့ပိုးနေသည်ဟု USDP ပြောဆိုစည်းရုံး

မွေခေါင်

လားရှိုး ကြံ့ဖွတ် ပါတီက ကျေးလက် ဒေသ မဲဆွယ် စည်းရုံးရေး ဆင်းစဉ် သျှမ်း တိုင်းရင်းသားများ ဒီမိုကရေတစ် ပါတီ ခေါ် ကျားဖြူ ပါတီ နောက်ကွယ်တွင် လက်နက်ကိုင်တပ်ဖွဲ့ထောက်ကူပံ့ပိုး နေသည်ဟု ပြောဆို စည်းရုံးကြောင်း စုံစမ်း သိရှိရပါ သည်။

“ကျားဖြူပါတီက သျှမ်းပြည်မှာရှိတဲ့တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဘူး။ သူတို့ကသျှမ်းလူမျိုးတွေအတွက်ဘဲ လုပ်တာ။ သူတို့ကိုရွာသူရွာသားတွေကအားပေးထောက်ခံရင် အနာဂတ်မှာအခက်အခဲတွေ့ဒုက္ခရောက်မယ်။ ဘာ ကြောင့်လဲ ဆိုတော့ သူတို့ကိုလက်နက်ကိုင်တပ်ဖွဲ့တွေနောက်ကွယ်မှာထောက်ပံ့နေလို့ဘဲ” ဟု ပြောဆိုကြောင်း အသက် ၃၀ နှစ်ရှိ အီနိုင်းရွာသားတစ်ဦးက ပြောပါသည်။

သြဂတ်စ် ၂၄ ရက် လားရှိုးကြံ့ဖွတ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနော်ခမ်းဦး ဦးဆောင်၍ အပေါင်းအပါ များနှင့် လားရှိုးအနောက်ဘက် ၇ မိုင်အကွာ အိမ်ခြေ ၅၀၀ ကျော်ရှိ အီနိုင်းရွာသို့စည်းရုံးရေးဆင်းခဲ့၏။ သျှမ်း၊ ပလောင်နှင့် လီရှောလူမျိုးများနေထိုင်ပြီး ရွာသူရွာသားများအား ဘုန်ကြီးကျောင်း၌စုဝေးစေ၍ဟောပြောစဉ်ထိုကဲ့သို့ပြောဆိုခြင်းဖြစ် သည်။

“ကြံ့ဖွတ်ပါတီဘဲ တိုင်းရင်းသားအားလုံးကိုကိုယ်စားပြုတယ်။ ကြံ့ဖွတ်ပါတီကိုမဲပေးထောက်ခံမယ်ဆိုရင် ရွာသူရွာသား တွေ အေးအေးချမ်းချမ်းနေနိုင်မယ်။ ဒါကြောင့်ကြံ့ဖွတ်ပါတီကိုဘဲမဲပေးပါ” ဟုပြောဆိုကြောင်း အီနိုင်းရွာသူတစ်ဦးကလည်းပြော ပါသည်။

“ကျားဖြူပါတီကို လက်နက်ကိုင်တပ်ဖွဲ့က နောက်ကွယ်မှာထောက်ပံ့နေတယ်လို့ပြောတာဟာ အခြေအမြစ်မရှိတဲ့ပုပ်ခတ်မှု ဘဲ။ မဟုတ်မမှန်တဲ့အရာတွေကို ဖန်တီးပြောဆိုတာဖြစ်တယ်” ဟု လားရှိုးကျားဖြူပါတီဝင်တစ်ဦးက ပြောပါ သည်။

ကချင်ပြည်နယ် မိုးကောင်းကြံ့ဖွံ့ပါတီစည်းရုံးရေးဆင်းစဉ် ကျားဖြူပါတီအား အလားတူဖန်တီးပြောဆိုခဲ့ဖူးသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းက လက်နက်ကိုင်တပ်ဖွဲ့များနှင့်လုံးဝမပတ်သက်ကြောင်း ရှင်း လင်းပြောဆိုခဲ့ဖူးသည်။

အသက် ၅၂ နှစ်ရှိ လားရှိုးကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးနော်ခမ်းဦးသည် ကျောက်မဲဇာတိဖြစ်ပြီး လွန်ခဲ့သော ၄ နှစ်က လားရှိုးသို့ပြောင်းရွှေ့နေထိုင်သည်။ ၎င်းသည်ကျောက်မဲထွေအုပ်ရုံး၌ စာရေးအဖြစ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်၏။

No comments: