မိုးယံ
ဓနိကျဲကျဲ မိုးထားသော ခေါင်မိုးပေါ်သို့ တပေါက်ပေါက် ကျနေသော မိုးစက်သံမှ လွဲလျင် ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ် နေသည်။ ရုတ်တရက် ကုန်ပစ္စည်း တခုခုကို အော်ဟစ် ရောင်းချသံ လိုလို အသံ သဲ့သဲ့ကြောင့် အသံလာရာသို့ ဦးဘမြင့် နားစွင့်မိသွားသည်။ အသံသဲ့သဲ့လေးသည် တဖြည်းဖြည်းနီးကပ်လာပြီး ပီသစွာ ကြားလိုက်ရချိန်တွင် လဲလျောင်းနေရာမှ ကုန်းထပြီး တဲအောက်သို့ အပြေးကြည့်လိုက်မိသည်။
အပြာရောင် ပုဆိုးပိုင်းပြတ် ကလေးနှင့် ထုပ်ပိုး ထားသည့် ရက်သား အရွယ် ကလေး တဦးကို ပိုက်ချီရင်း “ဘယ်သူ ယူမလဲ။ ဘယ်သူ ခေါ်မွေးမလဲ” ဟု တအိမ်ဝင် တအိမ်ထွက် ကလေး လိုက်လံ ပေးနေသော ခြေဆုံး ခေါင်းဆုံး နနွင်းများ ၀ါထိန်နေအောင် လိမ်းထားသော အမျိုးသမီးငယ် တဦး၏ အသံကြောင့် ဦးဘမြင့် တုန်လှုပ် ချောက်ချားပြီး မိမိနားနှင့် မျက်စိကိုပင် မယုံနိုင် ဖြစ်နေသည်။
“ဒီလိုနေရာမှာ အခြေအနေတွေ ဆိုးဝါးတယ် ဆိုတာ သိပေမယ့် ဒီလောက် ဖြစ်နေမှန်း မသိဘူး” ဟု မိမိဝမ်းနှင့် လွယ်မွေး ထားသော
ကလေးကို လိုက်ပေး နေသည့် အသက်၂၀ ကျော်အရွယ် အမျိုးသမီးငယ်ကို ကြည့်ပြီး ဦးဘမြင့်က ဆိုသည်။ဦးဘမြင့်သည် လပွတ္တာမြို့မှ ၄ နာရီကျော်ကြာ စက်လှေဖြင့် သွားရသော ကျားချောင်းကျေးရွာ၌ နာဂစ်မုန်တိုင်းလွန် တည်ဆောက် ရေးလုပ်ငန်းများ လုပ်ကိုင်ရန် တာဝန်ကျလာသည့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ ၀န်ထမ်းတဦးဖြစ်သည်။
ကျားချောင်းကျေးရွာတွင် နေထိုင်သော မဌေးနိုင်သည် မလွှဲသာမရှောင်သာသည့် ကိစ္စကြောင့် ကလေးကိုယ်ဝန်ရရှိပြီး မွေးဖွား လိုက်ရသော်လည်း ယင်းကလေးကို လူလားမြောက်အောင် ကျွေးမွေးရန် မဖြစ်နိုင်သည့်အတွက် သူများကို မွေးစားရန် လိုက်ပေး နေရကြောင်းကို ဦးဘမြင့်ကို ရှင်းပြနေသည်။
“ငတ်တလှည့် ပြတ်တလှည့်ဖြစ်နေတဲ့ ကျမနဲ့နေရင် ဒီကလေး သေသွားမှာ” ဟု မဌေးနိုင်က ပြောရင်း ငိုကျွေးနေရှာသည်။ မုန်တိုင်း တိုက်ခိုက်ပြီး ၂ နှစ်ကျော်ထိ အလုပ်အကိုင် အတည်အကျမရှိသည့်အတွက် နေ့စဉ်စားဝတ်နေရေး အခက်အခဲကို
ကြုံသလို ကျော်ဖြတ်နေရသည်။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် တရွာလုံးနီးပါး သေကြေပျက်စီး ဆုံးရှုံးခဲ့ရသည့် ကျားချောင်းကျေးရွာ၏ တိတ်ဆိတ်ငြိမ်သက်သော
နေ့လယ်ခင်းသည် တခဏတာဆူညံပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသော်လည်း ဦးဘမြင့်ရင်ထဲတွင် ဆူပွက်လျက် ကျန်ခဲ့သည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ပြင်းထန်လှသည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးခဲ့ပြီး ၅၀၀၀၀ ကျော် ပျောက်ဆုံးခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီး ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ မုန်တိုင်းဒဏ်သင့် ဒေသခံများကို ဘ၀သစ်များပြန်လည် စတင်နိုင်ရန် ကူညီခဲ့သော်လည်း ထိရောက်သည်ဟု မဆိုနိုင် သေးပေ။
ကျောင်းစိမ်းဘောင်းဘီအတိုနှင့် စွပ်ကျယ်လက်ပြတ် အနက်ရောင်အစင်း ၀တ်ဆင်ထားပြီး အညိုရောင် ဦးထုပ်ကလေးကို
ဦးခေါင်းပေါ် တင်ရုံတင်ထားသော အသက် ၁၁ နှစ်ရှိ မောင်မဲလုံးမှာ ပူပြင်းပြီး အက်ကွဲနေသော မြေကြီးများပေါ် ဖိနပ်မပါဘဲ
ရွှံ့များအထပ်ထပ် ပေကျံနေသည့် ခြေဗလာဖြင့် လျှောက်လာရင်း “မေကြီး ရွာမှာပဲနေပြီး ဈေးရောင်းလို့မရဘူးလား။ မေကြီး မေကြီး”ဟု မိခင်မျက်နှာကို မော့ကြည့်ပြီး တဂျီဂျီနှင့် လှေဆိပ်ရောက်သည်အထိ မနားတမ်းပြောလာသည်။
မိခင်မျက်နှာကိုသာ မော့ကြည့်ပြီး သူဖြစ်ချင်သည့်စကားတွေ ရေရွတ်လာရာ မြေကြီးပေါ်မှ ခဲလုံးများ၊ ငုတ်များ၊ အချွန်အတက်များ နှင့် သူ၏ ခြေထောက်တို့ တိုက်မိ နင်းမိ ဆူးမိမှုများကို ဂရုမပြုနိုင်။ နာကျင်လို့ နာကျင်မှန်းမသိ။ အပြင်ပန်း နာကျင်မှုသည် သူ၏
ရင်ထဲမှနာကျင်မှုကိုတော့ အံမတုနိုင်ပါ။
မောင်မဲလုံး လိုက်ပါသွားမည့် ပဲ့ထောင်ကို ကျောခိုင်းရပ်ပြီး ကျပ်ငွေ ၄၅၀၀၀ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အံကျိတ် ငိုကျွေးနေသော မိခင်ကို “မေကြီး၊ မေကြီး” ဟု အော်ဟစ်နေသည့် မောင်မဲလုံး၏ ပုံရိပ်သည် လေယာဉ်ကွင်းကျေးရွာမှ ပဲ့ထောင်လေး တဖြည်းဖြည်း ကွယ်ပျောက်သွားသော်လည်း မိခင်အတွက် ရင်နင့်ပြီး မမေ့ပျောက်နိုင်သော ပုံရိပ်ပါ။
ရန်ကုန်မြို့ရှိ နေအိမ်များ၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်စသော နေရာများတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ လူများ မုန်တိုင်း မတိုက်ခတ်စဉ်ကတည်းက သွားရောက် အလုပ်လုပ်ကိုင်မှုများ ရှိသော်လည်း မုန်တိုင်းပြီးနောက်ပိုင်းတွင် သွားရောက်လုပ်ကိုင်မှု
နှစ်ဆမြင့်တက်လာကြောင်း အပြည်ပြည်တိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှ တာဝန်ရှိသူတဦးက ဆိုသည်။
နေ့စဉ်စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် သားသမီးများကို ရင်နာစွာဖြင့် စွန့်လွှတ်ခဲ့ကြသကဲ့သို့ မိဘမဲ့ကာ ခိုကိုးရာမဲ့သော ဆယ်ကျော်သက် မိန်းကလေးများသည် ခန္ဓာကိုယ်ကို ရောင်းစားပစ်ခြင်း၊ ခန္ဓာကိုယ်နှင့် ရင်းပြီး ငွေရှာခြင်းများ ပြုလုပ် လာကြသည်။
ဆယ်ကျော်သက် မိန်းကလေးအများစုသည် ကျေးရွာအတွင်းရှိ အသက်အရွယ်ကြီး မုဆိုးဖိုများနှင့် အိမ်ထောင်ကျမှု များပြားနေ သည်။
“မိဘမရှိတော့ အားကိုးမရှိဘဲ ထမင်းငတ်တဲ့ဒဏ် မခံနိုင်လို့ ယူလိုက်တာ” ဟု အသက် ၁၆ နှစ်အရွယ် သစ်ပုတ်ကျေးရွာရှိ
မိန်းကလေးတဦးသည် အသက် ၄၅ နှစ်ရှိ မုဆိုးဖိုတဦးနှင့် အိမ်ထောင်ပြုရခြင်း အကြောင်း ပြောပြသည်။
မုန်တိုင်းတိုက်ခတ်ပြီး ၂ နှစ်နှင့် ၃ လကြာမြင့်ချိန်တွင် အရာရာပြောင်းလဲစ ပြုလာသော်လည်း မုန်တိုင်းသင့်ဒေသတွင်
မပြောင်းလဲနိုင်သောအရာသည် စားဝတ်နေရေး ခက်ခဲခြင်းပင်ဖြစ်သည်။
ရွေးမြစ်နှင့် ပြာမလော့မြစ်ကို မှီခိုပြီး ဘိုးစဉ်ဘောင်ဆက် ကွန်ပစ်ရင်း ငါးဖမ်းဝမ်းစာရှာလာသည့် တံငါသည်များသည် အချိန်တိုင်း ငါးဖမ်းထွက်သော်လည်း ငါးမရသော နေ့ရက်က တရက်မကသောကြောင့် ၀မ်းရေးမမှန်။ အုံ့မှိုင်းနေသော မိုးသားအောက်တွင် အချိန်လုပြီး လယ်စိုက်နေသော လယ်သမားများမှာလည်း ငွေကြေးနှင့် အားအင်များ အပြည့်ထည့် စိုက်ပျိုးသော်လည်း စားမလောက်။
ရာသီဥတုမမှန်သောကြောင့် ဆားလုပ်ငန်း လုပ်ကိုင်သူများလည်း အရှုံးများသဖြင့် ဆားလုပ်ငန်းများ ရပ်ဆိုင်းထားရသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၏ အဓိကလုပ်ငန်းကြီး ၃ ခုဖြစ်သော လယ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့် ဆားလုပ်ငန်းများမှာ အခက်အခဲများကြောင့် စားဝတ်နေရေးကို ဆိုးဝါးစွာထိခိုက်ပြီး လူမှုရေးကဏ္ဍများပါ ထိခိုက်လာကြောင်း ဒေသခံများက
ပြောသည်။
“အလုပ်အကိုင် မကောင်းတော့တာလည်း ပါတယ်။ ရွာသူရွာသားတွေက ထောက်ပံ့မှုတွေအပေါ် မှေးလိုက်နေတဲ့ အချက်လည်း ရှိတယ်”ဟု NGO၀န်ထမ်း တဦးက ဆိုသည်။
အဖန်ဖန်သုံးပါများပြီး စွန်းထေးနေသော အ၀တ်စတစကို ညာဘက်လက်မှကိုင်ပြီး စားပွဲကို အားပါးတရ သုတ်ကာ “ငွေသုံးသောင်းလောက်ရဖို့ တနေ့ ၅ နာရီလောက်ပဲ အိပ်ပြီး နေ့တိုင်း အလုပ်လုပ်နေရတော့ အမေ့ကို စိတ်ဆိုးမိတယ်” ဟု လေသံသဲ့သဲ့ဖြင့် ဖိုးဇော်က ပြောသည်။
ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံနှင့် သင်တန်းများကို အမှီပြုဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်တဆိုင်တွင် အသက် ၁၃ နှစ်မှစ၍
စားပွဲထိုးလုပ်ကိုင်လာခဲ့ရသည်။ သုံးလတခါ၊ ငါးလတခါ ရွာသို့ပြန်ပြီး လစာငွေ အမေ့ဆီ သွားပေးချိန်တွင်သာ အချိန်တော်တော် ကြာ လွတ်လပ်စွာ အိပ်စက်ရသော်လည်း “ ထ ထ ရန်ကုန်ပြန်ဖို့ လုပ်တော့” ဆိုသော အမေ့စကားသံကို တွေးမိတိုင်း ၀မ်းနည်း နာကျင်ခဲ့ရသည်။
သူသည် ငွေမရှိလျင် မရပ်တည်နိုင်သော မိသားစုဘ၀အခြေအနေကြောင့် ရန်ကုန်သို့ ပြန်မလာချင်ဘဲ ပြန်ပြန်လာရသော နေ့ရက်များကို မုန်းတီးနေဆဲဖြစ်ပါသည်။
No comments:
Post a Comment