Saturday, August 28, 2010

ယုဇနကုမ္ပဏီ စီမံကိန်း ဆိုးကျိုးများဟု ကချင်လူမှုအဖွဲ့ ပြော

စိုင်းမျိုးကြီး

ယုဇနကုမ္ပဏီ၏ စိုက်ပျိုးရေးစီမံကိန်းသည် ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း ဒေသခံများ လူမှုဒုက္ခခံ စားရခြင်း သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းများ ကြုံတွေ့စေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (KDNG) က သြဂုတ် လ ၂၅ ရက် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

Tyrants Tycoons and Tiger” အမည်ရှိ အစီရင်ခံစာတွင် ယုဇနကုမ္ပဏီက ဟူးကောင်းချိုင့်ဝှမ်းရှိ မြေဧက ၂ သိန်းခန့် ကြံနှင့်ပီလောပီနံ စိုက်ပျိုးခဲ့ရာ ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ဖေါ်ထုတ်ထားသည်။

အမေရိကန်အခြေစိုက် သဘာဝတောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့် နအဖပူးပေါင်း ဆောင်ရွက်သော ၆၃ရ၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ကျားထိန်းသိမ်းရေးနယ်မြေကိုပါ ထိခိုက်နေသည်ဟု ဆိုသည်။နအဖထိပ်ပိုင်း စစ်ခေါင်းဆောင်များနှင့်နီးစပ်သူ စီးပွားရေးသမား ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီအား နအဖက အဆိုပါ ဒေသ အတွင်း ၂၀၀၆ မှ စိုက်ပျိုးရေးလုပ်ပိုင်ခွင့် စတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယုဇနကုမ္ပဏီ၏ စီမံကိန်း ၃ ခုရှိအနက် တနိုင်းမြို့နှင့်ဖားကန့်မြို့နယ် အကြား အလယ်ပိုင်းစီမံကိန်းအတွင်းရှိ ဆိုးကျိုး များကို အဓိက ရည်ညွန်းကြောင်း အဆိုပါအဖွဲ့၏ အတွင်းရေးမှူး ဦးဆာဂျီးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အခုပိုပြီး ဆိုးကျိုးသက်ရောက်တာက အလယ်ပိုင်းစီမံကိန်းမှာ။ ရွာတွေကတော့ နောင်းမီ ၊ ရှဒူဇွတ် ၊ ၀ါရာဇွတ် ၊နမ်ဆိုင် ၊ ဗန်ကောက် ၊ အောင်ရာယန် ၊ လဂျာပါ အဲဒီရွာ ရ ရွာက ခံနေရတယ် ” ဟု သူက ပြောသည်။

အဆိုပါ ကျေးရွာများရှိ ကချင်ဒေသခံ ၅၀၀၀ ကျော် မြေယာ ၃၅၉၈ ဧက သိမ်းယူခံရပြီး နေအိမ် ၁၆၃ လုံး အဓမ္မ ရွေ့ပြောင်းခံခဲ့ရကြောင်း အစီရင်ခံစာက ဆိုသည်။

“ဟူးကောင်းချိုင့်ဝှမ်းက သားရဲ တိရိစ္ဆာန်တွေအတွက် လုံခြုံစိတ်ချရတဲ့နေရာဖြစ်တော့လို့ ဆိုပြီး ပြောနေတာနဲ့ တကယ့် လက်တွေ့ ဖြစ်နေတာကို ပြချင်တာပေါ့နော် ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်မယ်ဆိုရင် ဒေသခံတွေနဲ့ညှိနိုင်းသင့်တယ် လက်တွဲ လုပ်ရင်ကောင်းမယ်လို့ ကျနော်တို့က နိုင်ငံတကာ အဖွဲ့အစည်းတွေ သိစေချင်တယ်” အစီရင်ခံစာ၏ ရည်ရွယ် ချက်ကို သူက ဆက်ပြောသည်။

ဒေသခံများ၏ ထိခိုက်နစ်နာမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွေအထိ အကြိမ် ၂၀ ခန့် တင်ပြတောင်းဆို ခဲ့သော်လည်း ယနေ့အထိ ကုမ္ပဏီက ဂရုတစိုက်ဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီက ကျားထိန်းသိမ်းရေး နယ်မြေအနီး စိုက်ပျိုးရေးလုပ်ရန် မြေပြုပြင်ထားပုံကို ဓါတ်ပုံများနှင့်တကွ ဖေါ်ပြ ထားသော်လည်း သဘာဝတောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့က ကျားထိန်းသိမ်းရေးနယ်မြေ ထိခိုက်ကြောင်း ပြော ကြားမှု မရှိသေးကြောင်း သိရသည်။

No comments: