Friday, August 27, 2010

မြို့တော်ဝန် ဦးအောင်သိန်းလင်း ရွေးကောက်ပွဲဝင်ရန် တရားဝင်ကြေညာ

NEJ / ၂၇ သြဂုတ် ၂၀၁၀

ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပမြို့နယ်တွင် ၀င်ရောက်အရွေးခံမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများကို တရားဝင် ပြောကြားနေပြီဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် (၂၆) ရက်နေ့ ရက်စွဲဖြင့် ထွက်ရှိသော ပြည်တွင်းသတင်းဂျာနယ် တစောင်ဖြစ်သည့် ရန်ကုန်တိုင်း(မ်) သတင်းဂျာနယ်တွင် မြို့တော်ဝန်က မီဒီယာနှင့်တွေ့ဆုံမေးမြန်းခန်း၌ တရားဝင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်ဝန်သည် ၎င်းနှင့်နီးစပ်သည့် စာပေနှင့်စာနယ်ဇင်းကိုသာ တွေ့ဆုံသတင်းပေး ပြောကြားခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် နီးစပ်သောအသိုင်းအ၀န်းက ပြောဆိုသည်။

ကြံ့ဖွံ့ပါတီကို ကြံ့ဖွံ့အသင်းဆောင်ရွက်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ အသင်းရှိစဉ်က အသင်းငွေကြေးများကိုပင် အတိုးချကာ ပါတီအတွက် သုံးစွဲသွားမည်ဟုလည်း ဦးအောင်သိန်းလင်းက အဆိုပါဂျာနယ်တွင် ပြောကြားထားသည်။

ဦးအောင်သိန်းလင်းသည် ရန်ကုန်တိုင်းအတွင်း စည်းရုံးရေး အပတ်စဉ်ဆင်းနေသူဖြစ်သော်လည်း ယင်းသို့ စည်းရုံးရေးဆင်းကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

စမ်းချောင်း ဗားကရာလမ်းတွင် နေထိုင်သူတဦးက “ကျမတို့ စမ်းချောင်းကို ပြီးခဲ့တဲ့ သုံးရက်လောက်က လာတယ်။ သူက ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ကိုပဲ မဲပေးပါလို့ပြောတယ်။ အဲဒါစည်းရုံးတာပေါ့။ ဒါပေမယ့် သူက အခုမြို့တော်ဝန်ပဲလေ။ မြို့တော်ဝန်အနေနဲ့ပဲ လာတာဆိုတော့လည်း ပါတီအနေနဲ့စည်းရုံးတာ မဟုတ်ပါဘူးလို့ ငြင်းနိုင်တာပေါ့။ အမှန်တော့ ပါတီအတွက်ပဲ လုပ်နေတာလေ” ဟု ပြောဆိုသည်။

သို့သော် ရန်ကုန်တိုင်း (မ်)ဂျာနယ်တွင် ဖော်ပြထားသည်မှာ ယခုလကုန်တွင်မှသာ ပါတီစည်းရုံးရေးလုပ်ငန်းများကို စတင်မည်ဟု မြို့တော်ဝန်က ပြောဆိုသည်။

မြို့တော်ဝန်က ပြည်သူအတွက် ပညာရေး၊ ကျန်းမာရေးကို အဓိက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကြံ့ဖွံ့အသင်းအနေဖြင့် (၆) နှစ်ခန့် လုပ်လာသော သင့်တင့်သည့် အရင်းနှီးကို ရထားပြီးဖြစ်ကြောင်း ပြောဆိုထားသည်။

၂၀၁၀ ပြည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် ကိုယ်စားလှယ်လောင်းများ တင်ရန် ငွေကြေး အခက်အခဲရှိနေသောကြောင့် အချို့ပါတီများမှာ ထင်သလောက် မပေါက်ဘဲဖြစ်နေကြသည်။

ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း (၂၀၀) ခန့် မှန်းထားသော်လည်း ယခုအခါ (၁၀၀) ပြည့်ရန်ပင် ရုန်းနေရကြောင်း ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောကြားသည်။

၎င်းက “ကြံ့ဖွံ့ပါတီကတော့ အရာရာသာတယ်လေ၊ ငွေကြေး ပြောစရာမရှိဘူး။ နိုင်မယ်ဆိုတာလည်း သူတို့က တထစ်ကျတွက်ထားတဲ့ ပါတီဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့တော်ဝန်က ပြီးခဲ့သည့် သြဂုတ် ( ၂၀) ရက် ရန်ကုန်တိုင်းရှိ ကြံ့ဖွံ့ပါတီရုံးဖွင့်ပွဲတွင် ပြည်ခိုင်ဖြိုးနိုင်ရမည်ဟု သုံးကြိမ်တိုင်တိုင် ကြွေးကြော်ခဲ့သူဖြစ်သည်။

No comments: