Saturday, August 28, 2010

လာဒ်ငွေ မပေးနိုင်သူ အမျိုးသမီးကို ရဲက တရားစွဲရန် စီစဉ်

နိရဉ္စရာ

သြဂတ်စ်လ ၂၃ ရက်နေ့က ဘင်္ဂလာ လက်ကိုင်မိုဘိုင်းဖုံး တစ်လုံးဖြင့် ဖမ်းဆီးခံခဲ့ရသူ ရခိုင်ပြည်နယ် မောင်တောမြို့မှ မနီနီစိုး (၃၀ နှစ်) ကို တောင်းခံထားသော လာဒ်ငွေကို မပေးနိုင်သဖြင့် ရဲက တရားစွဲဆိုရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ စံပြရပ်ကွက်မှ ဆွေမျိုး တဦးက “တောင်းတဲ့ငွေကလည်း အရမ်းးများတယ်။ ၁၀ သိန်းတဲ့။ ဘယ်လိုလုပ်ပြီး ဒီမိသားစုက ပေးနိုင်မှာလဲ။ အခုတော့ နီနီစိုးကို ရဲက တရားစွဲဖို့ စီစဉ် နေပါပြီ” ဟု ပြောသည်။

မနီနီစိုးအား သြဂတ်စ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒုရဲအုပ် အောင်ကျော်ခန့်မှ ရှောင်တခင် ရှာဖွေ စစ်ဆေးစဉ် ဘင်္ဂလာ မိုဘိုင်းလက်ကိုင်ဖုံး တလုံးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းနောက်ပိုင်း ဒုရဲအုပ် အောင်ကျော်ခန့်မှ ငွေတောင်းခံရာ မပေးနိုင်သဖြင့် မောင်တောမြို့မှ ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။

“စစပိုင်း တောင်းတာကတော့ တစ်သိန်း နှစ်သိန်းပါဘဲ။ အခု ရဲစခန်းကို ရောက်သွားတော့ ၁၀ သိန်းထိ တောင်းလာပါတယ်။ မနီနီစိုးက ဘင်္ဂလာဒေခ်ျ့ဘက်ကို ပစ္စည်းတွေ အသယ်အပြောင်း လုပ်ပြီး ထမင်းစားနေရတဲ့ ကလေးနှစ်ဦးရဲ့ အမေဖြစ်ပါတယ်။ သူတို့ အနေနဲ့ ရဲက တောင်းတဲ့ ငွေကို ပေးနိုင်မယ့် အနေအထားမှာ မရှိဘူး။ သူမကို ထောင်ချနိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

မနီနီစိုးမှာ မောင်တော အမှတ် ၄ ရပ်ကွက်မှ ဖြစ်ပြီး ဆင်းရဲနွမ်းပါးကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အစိုးရ အရာရှိများ အပါအ၀င် ၀န်ထမ်း ၆၀ ရာခိုင်နုန်းခန့်မှာ ဘင်္ဂလာမှ တရားမ၀င် တင်သွင်းလာသော လက်ကိုင် မိုဘိုင်း ဖုံးများကို အသုံးပြုနေကြသည်။ ထိုအထဲတွင် ထိပ်ပိုင်း ခရိုင်၊ မြို့နယ် အဆင့် အရာရှိများ၊ နစက ဌာနချုပ်မှ အရာရှိများနှင့် နယ်မြေမှူးများ၊ ဥပဒေအရာရှိများ၊ တရားသူကြီးမှ အစ တရားရေး ၀န်ထမ်းများအားလုံး၊ ကျောင်းဆရာ ဆရာမများ၊ စာရေးစာချီများ၊ စီးပွားရေး သမားများ အားလုံး ဘင်္ဂလာဒေခ်ျ့မှ တင်သွင်းသော ဆက်သွယ်ရေး လက်ကိုင်ဖုံးများကို အသုံးပြုနေကြခြင်း ဖြစ်သည်။

တချို့နစက နယ်မြေမှူးများနှင့် ရဲအရာရှိများဆိုလျှင် ဘင်္ဂလာ လက်ကိုင် မိုဘိုင်းဖုံးများကို ပုဂ္ဂလိကများ လက်သို့ ဌားရမ်းပြီး ဖုံးဆိုင်ဖွင့်ကာ တွင်တွင်ကျယ်ကျယ် လူသိရှင်ကြား လုပ်ကိုင်စားသောက် နေကြသည်ဟု သိရသည်။

မောင်တောမြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးကလည်း “ မောင်တောမြို့နယ်မှာ ဈေးသက်သာပြီး သယ်ယူရ လွယ်ကူတဲ့ ဘင်္ဂလာဒေခ်ျ့က လက်ကိုင်ဖုံးကို လူတိုင်းလိုလိုက အသုံးပြုနေကြတာ ဖြစ်ပါတယ်။ အစိုးရ ထိပ်ပိုင်း အရာရှိကြီးတွေလည်း ကိုင်နေကြတာပါဘဲ။ ဥပဒေ ဘက်တော်သားတွေ ဖြစ်ကြတဲ့ အစိုးရ ထိပ်ပိုင်းအရာရှိကျတော့ ဥပဒေ ချိုးဖေါက်နေပေမယ့် မဖမ်းဆီးဘဲ မရှိ ဆင်းရဲတဲ့ အမျိုးသမီးကို ကျတော့ ဖမ်းဆီးပြီး တရားစွဲမယ်ဆိုတာကတော့ လုံးဝ လက်သင့် မခံနိုင်တဲ့ ကိစ္စပါ။ မြေနိမ့်ရာ လှံစိုက်ဆိုတဲ့ သဘောမျိုး ဖြစ်နေတဲ့အတွက် မောင်တော လူထုကတော့ နားမချမ်းသာ စိတ်မကောင်း ဘူးပေါ့ဗျာ” ဟု ပြောသည်။

ဘင်္ဂလာဒေခ်ျ့မှ တင်သွင်းလာသော လက်ကိုင်မိုဘိုင်းဖုံးများမှာ မြန်မာနိုင်ငံ မောင်တော နယ်စပ် တလျှောက်တွင် ဆက်သွယ် အသုံးပြုနိုင်ပြီး တန်ဖိုးမှာလည်း အနိမ့်ဆုံးဈေး မြန်ကျပ်ငွေ ၃၀၀၀၀ ခန့်ဖြင့် ၀ယ်ယူ အသုံးပြုနိုင်သဖြင့် လူတိုင်းလိုလိုက ဘင်္ဂလာဒေခ်ျ့ မိုဘိုင်းကို မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် တလျောက်တွင် အသုံးပြု နေကြခြင်း ဖြစ်သည်။

No comments: