Friday, August 27, 2010

စီးပွားရေးလုပ်ခွင့် ပါမစ်များဖြင့် ကြံ့ဖွံ့ စည်းရုံး

ဝီရ / ၂၇ သြဂုတ် ၂၀၁၀

ပါတီဝင်အင်အား ပြည့်မီခြင်း မရှိသေးသည့် မြို့နယ်အချို့တွင် ကြံ့ဖွံ့ပါတီက အခြားနိုင်ငံရေးပါတီများ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသည့် အရက်ချက်လုပ် ရောင်းဝယ်ရေး လိုင်စင်အပါအ၀င် စီးပွားရေးဆိုင်ရာ အခြားလုပ်ကိုင်ခွင့် ပါမစ်တို့ဖြင့် ပြည်သူတို့အား စည်းရုံးနေကြောင်း သိရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ် အဇင်ရွာမှ စီးပွားရေးသမားတဦးက “ကြံ့ဖွံ့ပါတီဝင်ဖြစ်ရင် အရက်ချက်တာ၊ ရောင်းတာ လုပ်ခွင့်ပေးမယ်၊ စားသောက်ဆိုင် ဖွင့်ရင်လည်း အခွန်ကင်းလွတ်တာတို့ကအစ ပြောပြီး ရေးမြို့နယ်က ကျေးရွာတွေမှာ လိုက်စည်းရုံးနေတာ။ ဒီလိုလိုင်စင်တွေရဖို့ လွယ်တာမဟုတ်တော့ အကွက်ချောင်းနေသူတွေ ဝင်ကြတာပေါ့” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အများနည်းတူ သြဂုတ် (၂၀) ရက်နေ့က ကျင်းပခဲ့သည့် ရေးမြို့နယ် ကြံ့ဖွံ့ပါတီရုံး ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဝင်အင်အား (၁) ထောင်ကျော် တက်ရောက်ခဲ့သော်လည်း ရေးမြို့နယ်အတွက် လျာထားသည့် ပါတီဝင်အင်အား (၂) သောင်း ပြည့်မီခြင်း မရှိသေး၍ ၎င်းတို့၏ အမာခံပါတီဝင်များမှတဆင့် ကျေးလက်ပြည်သူတို့အား စီးပွားရေးလုပ်ကိုင်ခွင့်များဖြင့် ယင်းသို့ စည်းရုံးမှုများ စတင်လာခြင်းဖြစ်သည်။

ကြံ့ဖွံ့ပါတီက ယခုအခွင့်အရေးပေးမှုများအနက် ဝက်သတ်လိုင်စင်၊ ထီဖြန့်ဖြူးခွင့်၊ ဖုန်းလျှောက်ခွင့်၊ စားသောက်ဆိုင်လိုင်စင်၊ ဆိုင်ကယ်၊ ကားတင်သွင်းခွင့်လိုင်စင်၊ လမ်းတံတားလုပ်ကိုင်ခွင့်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်၊ ငါးဒိုင်၊ ဆန်ရောင်းဝယ်ဒိုင် လိုင်စင် စသည့် လုပ်ကိုင်ခွင့်များစွာ ပါဝင်ကြောင်း သိရသည်။

“အဇင်၊ ဇီးဖြူသောင်မှာဆိုရင် ငါးလုပ်ငန်း ရှိတယ်။ ရေးမြို့နယ် ကြံ့ဖွံ့ခေါင်းဆောင်ထဲမှာလည်း အဇင်းရွာ ဥက္ကဋ္ဌ ဦးမောင်မြင့်က တယောက် အပါအဝင်ဆိုတော့ ကြံ့ဖွံ့ပါတီဝင်ဖြစ်ရင် လုပ်ချင်တာ အားလုံးလုပ်နိုင်တယ်။ ဥပမာ မြဝတီကနေ ကော့သောင်းအထိ ဝစ်တောက် (လိုင်စင်မဲ့) ဆိုင်ကယ်၊ ကား စီးသွားရင်တောင်မှ သူတို့ပါတီဝင်ကတ် ပြလိုက်ရင် ပြဿနာမတက်ဘူး။ မဖမ်းဘူးပေါ့။ အဲဒီလို မသမာတဲ့နည်းလမ်းတွေနဲ့ စည်းရုံးနေတာ ဖြစ်တယ်” ဟု အဆိုပါ စီးပွားရေးသမားက ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ် ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးထွန်းမြင့်သည် ညောင်နှစ်ပင် ညီလာခံသို့ မွန်တိုင်းရင်းသား ကိုယ်စားပြု ကိုယ်စားလှယ်တဦးအဖြစ် တက်ရောက်ခဲ့သူဖြစ်ပြီး အရက်ချက်လိုင်စင်၊ အရက်ရောင်းဝယ်လိုင်စင်တို့ကို တဦးတည်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ဖြန့်ဖြူးခွင့် ရထားသူဖြစ်သည်။

“ရေးမြို့၊ သီရိနန္ဒာရပ်ကွက်က နောက်ထပ် ဦးထွန်းမြင့် တယောက်ကလည်း ဝက်သတ်လိုင်စင် ရထားတဲ့ ကြံ့ဖွံ့ခေါင်းဆောင် ဖြစ်နေတယ်။ ကြံ့ဖွံ့က အာဏာရှိတဲ့လူတွေချည်းပဲဆိုတော့ ပြည်သူတွေ ကျပ်တည်းနေတာကို အခွင့်ကောင်းယူပြီး သူတို့ပါတီ နိုင်အောင် ရတဲ့နည်းနဲ့ လုပ်နေတာတွေ ရှိတယ်။ တခြားပါတီတွေကိုကျတော့ ဟိုမလုပ်ရ ဒီမလုပ်ရ တားနေတယ်။ ဒါက မျှမျှတတ မရှိနိုင်တော့တဲ့ စည်းရုံးရေးနည်းတွေပဲ” ဟု ရွေးကောက်ပွဲဝင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (အေအမ်ဒီပီ) မှ ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သြဂုတ် (၂၆) ရက်အထိ နိုင်ငံရေးပါတီ (၄၂) ခုအနက် ပါတီဝင်အင်အား စာရင်းတင်ပြပြီးသည့် ပါတီပေါင်း (၃၀) ရှိပြီးဖြစ်သော်လည်း ကြံ့ဖွံ့ပါတီမှာမူ အခြားသော နိုင်ငံရေးပါတီများကဲ့သို့ ပြည်နယ်၊ မြို့နယ်အဆင့် ရွေးကောက်ခံ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို တိတိကျကျ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

တနိုင်ငံလုံးအနှံ့ ရုံးခွဲပေါင်း (၄၀၀) ကျော် ဖွင့်လှစ်ပြီး ဖြစ်သော ကြံ့ဖွံ့ပါတီသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လွှတ်တော် (၃) ရပ်စလုံး၌ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၄၅) ဦး၊ တိုင်းဒေသကြီး လွှတ်တော်အတွက် (၉၀) ဦး၊ အမျိုးသားလွှတ်တော်အတွက် (၁၂) ဦးအပါအဝင် ရခိုင်နှင့် ကရင်တိုင်းရင်းသားရေးရာ အမတ်နေရာအတွက် (၂) ဦး ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာတိုင်း (မ်) ဂျာနယ်တွင် ဖော်ပြထားသည်။

No comments: