အောင်ကိုဦး
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့ရှိ ဗြဟ္မစာရီနာမှု ကူညီရေးအသင်းမှ အသင်းဝင်၇၀၀ဦးကျော်၏ စုကြေးငွေ ကျပ်သိန်း ၁၂၀၀ကို အလွဲသုံးစားပြုလုပ်ထားသည်ဟုဆိုကာ အသင်းဝင်များက တရားစွဲဆိုသွားမည်ဟု ဇူလိုင် ၁၁ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
"ကျွန်တော်တို့ အသင်းဝင်ဈေးသူဈေးသားတွေ ချွေးနည်းစာနဲ့စုထားကြတဲ့ငွေတွေပါ။ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ဆုခဲ့ကြတာပါ။ အခုအဲဒီငွေတွေ ထုတ်မပေးဘူး။ ခေါင်းရှောင်နေကြတယ်။ အကြိမ်ကြိမ်သူတို့နဲ့ ညှိနှိုင်းမှုတွေလုပ်တယ်။ အဆင်မပြေဘူး။ ဒါကြောင့် သတင်းစာရှင်းလင်းပွဲလုပ်တာပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ဆုထားတဲ့ငွေပြန်ရဖို့ပဲ။ အတိုင်းအတာတစ်ခုထိစောင့်မယ်။ မရရင်တရားစွဲမယ်။ ဆန္ဒပြမယ်။ ဂုဏ်သိက္ခာနဲ့ငွေနဲ့လဲတဲ့ပွဲပဲ"ဟု ဦးမောင်မောင်နိုင်ကပြောသည်။
အဆိုပါ ဗြဟ္မစာရီ နာမှုကူညီရေးအသင်း ၂၀၀၁ခုနှစ်မှစတင်၍ ဖွဲ့စည်းခဲ့ကာ ဓမ္မရတနာငွေစုအသင်းကိုလည်း
ဖွဲ့စည်းခဲ့သည်။ ထိုငွေစုအသင်းသို့ အသင်းဝင် ၇၀၀ ကျော်က စုကြေးငွေထည့်ဝင်ကြခြင်းဖြစ်ပြီး စုကြေးငွေထည့်ဝင်သူအများစုသည် မတ္တရာဈေးမှ ဈေးသူဈေးသားများဖြစ်သည်။
"ကျွန်တော်က ဆိုက္ကားနင်းတာပါ ကျွန်တော့်သားသမီးတွေကို လှူဖို့ဆုခဲ့တာပါ။ အခုလှူဖို့ရက်ရွေးထားတာ အကန့်အသတ်မရှိ ရက်ရွှေ့ထားရတယ်။ ကျွန်တော့်ငွေအမြန်ဆုံး ပြန်လိုချင်ပါတယ်။"ဟု ကိုပေါ်ဟန်ကပြောသည်။
စုကြေးငွေ ၈ သိန်းရစရာရှိသူ မညိုညိုခိုင်က "ကျွန်မတို့ ယုံကြည်လို့ဆုတာပါ။ အခုလိုဖြစ်တော့ ဘာဆက်လုပ်ရမှာလဲ မသိပါဘူး။ ကလေးကလည်း မီးဖွားခါနီးပြီ။ သူတို့ကို အရေးယူပေးစေချင်တယ်။"ဟုပြောသည်။
အဆိုပါစုကြေးငွေများ ပြန်လည်ရရှိစေရန်အတွက် ရပ်မိရပ်ဖများနှင့်ဈေးသူဈေးသားများ ပါဝင်သည့် ၁၁ ဦးကော်မတီကို ဖွဲ့စည်းထားခဲ့ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဟုလည်း ကော်မတီဝင်များကဆိုသည်။
ဗြမ္မာစာရီနာမှုကူညီရေးအသင်းမှ တာဝန်ရှိသူများသည် ဆုကြေးငွေများကို ရှင်းလင်းမပေးသည့်အပြင် အသင်းရုံးကိုလည်း ၂၀၁၆ခုနှစ် ဧပြီလမှစတင်၍ ပိတ်ထားခဲ့သည်ဟုလည်း စုကြေးထည့်ဝင်ထားသည့် အသင်းဝင်များကဆိုသည်။
"ကိုယ့်ငွေလေးကိုယ်ရရှိဖို့ မှန်မှန်ကန်ကန်လေးပဲ ဆောင်ရွက်သွားမှာပါ။ အခုဖွဲ့တဲ့ကော်မတီကိုလည်း ယုံပါတယ်။"ဟုဒေါ်ဝါဝါဝင်းကပြောသည်။
အမှတ်(၂)မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က "ဒါမျိုးကမဖြစ်သင့်ဘူး။ ဒီမြို့မှာ ဒီအသင်းကအကြီးဆုံးနဲ့ ပထမဆုံးတည်ထောင်ခဲ့တဲ့အသင်းပါ။ စုထားတဲ့သူတွေ တကယ်နစ်နာပါတယ်။"ဟုပြောသည်။
ဗြဟ္မစာရီ နာမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ သိန်းလွင်ကမူ "ဒီငွေကိစ္စက ဘာမှမသိပါဘူး။ ဖြစ်မှသိတာပါ။"ဟု ပြောသည်။
ဗြဟ္မစာရီ နာမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးကျော်ညွှန့် ကလည်း "ကျွန်တော်တို့ ပြေလည်အောင် ဖြေရှင်းပေးသွားမယ်။ အခုလည်း ကျွန်တော်တို့ကို သက်ဆိုင်ရာက စစ်ဆေးနေပါတယ်။ သူတို့တိုင်ထားလို့ပါ။ စာရင်းစစ်တာပြီးတာနဲ့ဖြေရှင်းပေးသွားမှာပါ။"ဟုပြောသည်။
စုကြေးငွေပြန်လည်ရရှိအောင်ဖွဲ့စည်းထားသော ကော်မတီအနေဖြင့် တရာစွဲဆိုနိုင်ရန်အတွက် အထက်မြန်မာပြည်ရှေ့နေများအသင်းကို အကူအညီတောင်းခံသွားမှာဖြစ်ပြီး တရားဝင်စာတင်၍လည်း ဆန္ဒပြသွားမည်ဟု ကော်မတီ၏ အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်နိုင်ကဆိုသည်။
No comments:
Post a Comment