Monday, July 11, 2016

ဘ၀သစ် အစပျိုးနေပြီဖြစ်တဲ့ ပြည်တော်ပြန်ဒုက္ခသည်များ

ခွန်ဘသာ


မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေကြောင့် သိန်းချီတဲ့ ပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံတွေရဲ့ နယ်စပ်တွေမှာ ဒုက္ခသည်တွေအဖြစ် သွားရောက်ခိုလှုံနေကြရတာပါ။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းကနေ ပထမဦးဆုံး တရားဝင် ပြည်တော်ပြန်တဲ့ ဒုက္ခသည်တွေဟာ ဘဝသစ်အစပျိုးနေကြပြီ ဖြစ်ပါတယ်။

အစိုးရသစ်တက်လို့ နိုင်ငံရေး အပြောင်းအလဲတွေ ရှိလာတာနဲ့အညီ နယ်စပ်တလျှောက်က ဒုက္ခသည်တွေလည်း ပြည်တော်ပြန်ဖို့ ထွက်ပေါက်ရှာလာနေကြပါတယ်။ တချို့ဒုက္ခသည်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်လာနေကြတာတွေရှိပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ထိုင်း-မြန်မာ နယ်စပ်က မယ်ရာမိုဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများစွာ နေခဲ့ကြသူတွေဖြစ်ပြီး ပြီးခဲ့တဲ့မတ်လ ၂၄ ရက်မှာတော့ အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ဒုက္ခသည် ဘဝကို လက်လွှတ်ပြီး ဘဝသစ်ကို စတင်ခဲ့ကြပါတယ်။

သူတို့ရဲ့ ပြည်တော်ပြန် ၅ လနီးပါး အကြာမှာတော့ ဘဝသစ်တွေ စနေကြပြီလို့ ဆိုရမှာပါ။ ကျောင်းနေအရွယ်ကလေးတွေက အစိုးရကျောင်းတွေကို သွားနေကြပြီဖြစ်သလို လူကြီးတွေကတော့ ခြံထွက်သီးနှံရောင်းဝယ်ရေးလုပ်တာ၊ အမျိုးသမီးတွေကတော့ ကျောင်းသားတွေအတွက် ထမင်းဟင်းချက်ပေးတာနဲ့ တခြားလိုအပ်တဲ့ ဝေယျာဝစ္စတွေကို လုပ်ဆောင်ပေးနေပါတယ်။

ပြန်လာတဲ့ဒုက္ခသည်တဦးဖြစ်တဲ့ ဦးကီးဒိုက “ဒူးရင်းသီးရောင်း၊ ကွမ်းအရောင်းအဝယ်၊ ဖာလာအရောင်းအဝယ်လုပ်တယ်။ ဒီပြန်လာတဲ့ ၁ လ၊ ၂ လအတွင်းမှာပေါ့။ ရှေ့ဆက်လည်း လုပ်သွားမှာပါ။ ကျနော်တို့နေတဲ့ ဒီဒေသမှာလည်း ဒီလိုအသီအနှံတွေပဲ ရှိတာကိုး” လို့ ပြောပါတယ်။

လက်ဝှေ့ထိုးတာ စိတ်ဝင်စားတဲ့ ကလေးတွေအတွက်ကိုတော့ လက်ဝှေ့ဆရာတွေနဲ့ မိတ်ဆက်ပေးပြီး လေ့ကျင့်ခန်း လုပ်တာတွေလည်း ဆောင်ရွက်ပေးနေကြပါတယ်။ ဒီရက်မှာတော့ လက်ဝှေ့ဆရာ ပျံသွေး လာရောက် လေ့ကျင်းပေးခဲ့ပါတယ်။

လက်ရှိမှာတော့ သူတို့တွေအားလုံးအတွက် ကရင်ပြည်နယ် ဘားအံမြို့မှာရှိတဲ့ ကျေးဇူးတော်နှလုံးသားဖောင်ဒေးရှင်းက ထောက်ပံ့ပေးထားပါတယ်။

ကျေးဇူးတော်နှလုံးသားဖောင်ဒေးရှင်း တည်ထောင်သူ နော်ဇမ်းဘာက “အစိုးရ ရဲ့ အစီအစဉ်နဲ့ တရားဝင်လက်ခံပေးတာ ဒါဟာ ပထမ ဦးဆုံးအကြိမ်ပါပဲ။ သူတို့ဆန္ဒအလျောက်ထွက်လာတယ်။ ပြီးတော့ အစိုးရလည်း အသိအမှတ်ပြုပြီးတော့ လက်ခံပေးတယ်။ ဒီအဖွဲ့ကတော့ မိသားစု ၅ စုနဲ့ အားလုံး ၇၂ ယောက်၊ ဒါကတော့ တစုတစည်းတည်း အစိုးရက အသိအမှတ်ပြုလက်ခံပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အစိုးရက လက်ခံတယ်ဆိုပေမယ့် တိုင်းရင်းသားဒေသတွေမှာ မသေချာသေးတဲ့ လုံခြုံရေးနဲ့ စီးပွားရေးအခြေအနေတွေကြောင့် ပြန်လာမယ့် အချိန်မဟုတ်သေးဘူးလို့ ယူဆနေကြသူတွေလည်း ရှိပါတယ်။ သူတို့ပြန်လာတဲ့ အချိန်မှာလည်း အဟန့်အတားတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျေးဇူးတော်နှလုံးသားဖောင်ဒေးရှင်းဟာ မိဘမဲ့ကလေးငယ်ပြုစုပျိုးထောင်တာ၊ မှုးယစ်ဆေးဝါးသုံးစွဲပြီး လမ်းမှားရောက်နေတဲ့ ကရင်လူငယ်တွေ ပြုပြင်ပေးတာ၊ မုဆိုးမ မိခင်တွေနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိအကောင်အထည်ဖော်နေတာကတော့ မိဘမဲ့ကလေးငယ်တွေကို ပြုစုပျိုးထောင်တဲ့ ကိစ္စနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းတွေဖြစ်ပါတယ်။ အခု ဒုက္ခသည် စခန်းကနေပြန်လာကြတဲ့သူတွေကိုလည်း မိဘသဖွယ် ပြုစုပျိုးထောင်ပေးနေပါတယ်။

နော်ဇမ်းဘာက “တချို့ကတော့ မိဘရှိတယ်၊ ဒါပေမယ့် တာဝန်မယူနိုင်ဘူး။ တချို့ကတော့ အမေပဲရှိတယ်၊ တချို့ကတော့ အဖေပဲရှိတယ်၊ အဖေကလည်း နောက်အိမ်ထောင်နဲ့ အမေကလည်း နောက်အိမ်ထောင်နဲ့။ တချို့ကတော့ မိဘ လုံးဝ စွန့်ပစ်လိုက်တယ်။ ဒီမှာ မိဘ လုံးဝ စွန့်ပစ်တဲ့ ကလေးတွေလည်း ရှိပါတယ်။ ၇ နှစ် ၈ နှစ်လောက်ရှိပါပြီ။ မိဘလုံးဝမရှိတဲ့ ကလေးတွေလည်း ရှိပါတယ်။” လို့ ပြောပါတယ်။

ကျေးဇူးတော် နှလုံးသားဖောင်ဒေးရှင်းအောက်မှာ ဘော်ဒါတောင် နှစ်ခုရှိပါတယ်။ ဒီဘော်ဒါဆောင်မှာနေနေတဲ့ ကျောင်းသား ၃၂ နှစ်ယောက်ရှိပြီး အငယ်ဆုံး ၃ နှစ်ကနေ ၁၉ နှစ်အထိရှိပါတယ်။ နောက်တနေရာကတော့ သပြေညွှတ်မှာပါ၊ ကျောင်းသား ၁၉ ယောက်ရှိပါတယ်။

နော်ဇမ်းဘာက “အခုလောလောဆယ်ဆယ်ကလေးတွေရဲ့ စားဝတ်နေရေးကိစ္စ၊ နောက် ကျန်းမာရေးကိစ္စတွေကို မိဘသဖွယ် ကလေးတွေကို စောင့်ရှောက်ပေးနေပါတယ်။ နောက်ပြီးတော့ ကလေးတွေဟာ ကျောင်းအသီးသီးကိုသွားနေကြပါတယ်။” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကျေးဇူးတော်နှလုံးသားဖောင်ဒေးရှင်းဟာ အစိုးရ ဒါမှမဟုတ် အလှူရှင်တွေရဲ့အထောက်ပံ့တွေနဲ့ ရပ်တည်နေတဲ့ ဖောင်းဒေးရှင်မဟုတ်ပါဘူး။ မိသားစုနဲ့ နီးစပ်ရာ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ရပ်တည်နေတာလို့ နော်ဇမ်းဘာက ပြောပါတယ်။

“ဘော်ဒါဆောင်အနေနဲ့ သွားတာမဟုတ်ပါဘူး၊ မိသားစု တစုအနေနဲ့ သွားတာဖြစ်ပါတယ်။ ကျမဆိုရင်လည်း မိခင်အရင်းလိုပဲ၊ သူတို့နေမကောင်းရင် ဆေးကုပေးတယ်၊ အဝတ်လျော်ပေးတယ်၊ ဒါတွေကို အကုန်လုံးလုပ်ဆောင်ပေးပြီးတော့မှ သွားနေတာဖြစ်ပါတယ်။”

သူတို့တွေအတွက် ရေရှည်မှာတော့ ငါးမွေးမြူရေးနဲ့ စိုက်ပျိုးရေးတွေကို လုပ်ပေးနေသလို အသက်မွေးဝမ်းကြောင်း သင်တန်းတွေကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ သူတို့တွေ ဒုက္ခသည်စခန်းမှာနေတာထက် မြန်မာပြည်ထဲမှာနေရင် သူတို့ရဲ့ ရှေ့ရေးပိုပြီးကောင်းမွန်မယ်လို့ အဖွဲ့က မျှော်မှန်းထားတာပါ။

တဖက်မှာလည်း ပြည်တွင်းမှာ နိုင်ငံရေး အပြောင်းအလဲ ရှိလာတဲ့ နောက်ပိုင်းမှာတော့ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်နဲ့ ကုလသမဂ္ဂ တာဝန်ရိှသူတွေက ဒုက္ခသည် တွေပြန်ပို့မယ့်ကိစ္စ ဆောင်ရွက်လာတာ၊ စားနပ်ရိက္ခာလျော့ကျလာတာတွေဟာလည်း အိမ်ပြန်ဖို့ ဒုက္ခသည်တွေကို ပိုပြီး တွန်းအားပေးစေခဲ့ပါတယ်။

ပထမဦးဆုံး ပြည်တော်ပြန်တဲ့ ဒီကလေးတွေအတွက်တော့ နေရာ၊ ပတ်ဝန်းကျင်အသစ်တွေရဲ့ အတွေ့အကြုံ ဘာသာစကား စတဲ့ အခက်အခဲတွေကို များစွာရင်ဆိုင်နေရပေမယ့် အခုတော့ အခက်အခဲတွေကို တစတစဖြတ်ကျော်ရင်း ဘဝသစ်ကို အစပျိုးနေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

No comments: