ပန်းမြတ်ဇော်
Miss Myanmar World 2016တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး Top 5အထိ ၀င်ရောက်ခဲ့သည့် အလှမယ် ပိုးစန္ဒာခင် သည် ဇူလိုင်လ ၂ရက် မနက် ၁၀နာရီ ၅ မိနစ်တွင် Gym ကစားပြီး ခဏအနားယူနေချိန်တွင် လဲကျပြီး ရုတ်တရက် ဆုံးပါးသွားခဲ့ကြောင်း သိရှိရသည်။
အလှမယ် ပိုးစန္ဒာခင် ၏ အဒေါ်ဖြစ်သူ ဒေါ်ခင်မျိုးစု က "သူက Miss International Myanmar ပြိုင်ဖို့အတွက် ဒီမနက် Gym မှာ လေ့ကျင့်နေတာ လမ်းလျှောက် စက်မှာ လမ်းလျှောက်တာလေးပဲ လုပ်ပြီး ထိုင်ခုံမှာ ထိုင်လိုက်တဲ့ အချိန်လဲကျပြီး သတိလစ်သွားတာ။ အဲ့ဒီမှာ ဆရာဝန် တစ်ယောက်က ကုပေးနေသေးတယ်။ မရတာနဲ့ Gym နဲ့ နီးတဲ့ အရေးပေါ် တက္ကသိုလ်ဆေးရုံကို အသွား လမ်းမှာတင် ဆုံးသွားခဲ့တာပါ။ ရောဂါကြီးကြီး မားမားလဲ မရှိပါဘူး။ အဆုတ်အားနည်းတာလေး တစ်ခုပဲရှိတယ်။ ဘယ်လိုမှကိုမထင်ထားဘူး ရုတ်တရက်ကြီး ဆုံးသွားခဲ့တာပါ" ဟု ပြောပြသည်။
အလှမယ် ပိုးစန္ဒာခင် သည် Miss Myanmar World 2016 သို့ ၀င်ရောက် မယှဉ်ပြိုင်ခင် ၂၀၁၄ခုနှစ်တွင် Nok Air Line မှ ကျင်းပပြုလုပ်သည့် ဝေဟင်နတ်သမီး ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ ဝေဟင်နတ်သမီး ဆုကို ရရှိခဲ့ပြီး အနုပညာလောကထဲ ၀င်ရောက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
၎င်းသည် ဝေဟင်နတ်သမီးပြိုင်ပွဲ အပြီးတွင် လေယာဉ်မယ် လုပ်ဆောင်ရန် ရည်ရွယ်ထားသော်လည်း အဆုတ် အားနည်းသည့်အတွက် လေယာဉ်မယ် မလုပ်ဖြစ်ခဲ့ပဲ ၂၀၁၄-၂၀၁၅ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် ရွှေကြို အဖြစ် ၀င်ရောက် လျှောက်ထားခဲ့ပြီး ရွေးချယ်ခြင်းခံခဲ့ရကာ ရွှေကြိုအဖြစ် ပါဝင်လှုပ်ရှားခဲ့သေးသည်။
Miss Myanmar World 2016တွင် Top 5 အထိ ၀င်ရောက်ခဲ့သည့် အလှမယ် ပိုးစန္ဒာခင်သည် လက်ရှိတွင် Miss Myanmar International 2016 ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားနေသူ တစ်ဦးလည်း ဖြစ်သည်။
Miss Myanmar World organization မှလည်း ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာတွင် အလှမယ် ပိုးစန္ဒာခင် နှင့် ပတ်သက်ပြီး ယခုလိုရေးသား ဖော်ပြထားသည်။
"Miss Myanmar World 2016ပြိုင်ပွဲတွင် Top (5)အထိ ရောက်ရှိခဲ့သည့် ပြိုင်ပွဲဝင် အမှတ်စဉ်(7) ပိုးစန္ဒာခင် ရုတ်တရက် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်အတူ ထပ်တူကြေကွဲ ဝမ်းနည်း ရပါကြောင်းနှင့် စိတ်ထားကောင်း၍ အမြဲပျော်ရွှင်နေတတ်သော ညီမလေး ကောင်းရာသုဂတိလားပါစေ" ဟု ရေးသားဖော်ပြထားသည်။
ထို့အတူ အလှမယ် ပိုးစန္ဒာခင် နှင့် ပြိုင်ပွဲတွင် အတူတကွ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် များမှလည်း ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာတွင် အလှမယ် ပိုးစန္ဒာခင် ကွယ်လွန်သွားသည့် အတွက် မိသားစုနှင့် ထပ်တူ ၀မ်းနည်းကြောင်း အသီးသီး ရေးသားထားကြသည်ကို တွေ့မြင်ရသည်။
ဇူလိုင်လ ၂ရက် မနက်ပိုင်းတွင် ရုတ်တရက် ကွယ်လွန်သွားခဲ့သည့် အလှမယ် ပိုးစန္ဒာခင်၏ ကြွင်းကျန် ရုပ်အလောင်းကို ဇွန်လ ၄ရက် မနက် ၁၁နာရီတွင် ရေဝေးသုသာန်၌ မီးသဂြိုလ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment