Tuesday, July 5, 2016

မြေကြီးတွင် တူး၍ ၀ှက်ထားသော ပိုင်ရှင်မဲ့ အရက် ဂါလံတစ်ထောင် ကျောက်ဖြူတွင် ဖမ်းမိ

ကျော်ဝင်း(ကျောက်ဖြူ)


ကျောက်ဖြူမြို့နယ် တွင် မြေကြီးထဲ ကျင်းတူး၍ ၀ှက်ထားသော ပိုင်ရှင်မဲ့ အုန်းရည် အရက် ဂါလံ တစ်ထောင်ကို ဇူလှိုင်လ ၃ ရက်နေ့က ဖမ်းဆီးမိခဲ့သည်ဟု ရဲက ပြောသည်။

၎င်း အရက် ဂါလံ တစ်ထောင်အား ပေပါ အလုံးပေါင်း ၂၀ ဖြင့် ကျောက်ဖြူမြို့နယ်၊ ကလန့်တဲ ကျေးရွာအုပ်စု၊ မူရွင်းကျေးရွာ၏ အနောက်ဘက်ရှိ အထက်တောကွင်း မြေကြီးတွင် ကျင်းတူး၍ မြှုပ်ထားသည်ကို ဇူလှိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီခန့်က ဖမ်းဆီမိသည်ဟု ဇင်ချောင်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

၎င်း အထက်တောကွင်းသည် ပင်လယ်ကမ်းစပ်နှင့် ကိုက် ၁၅၀ ခန့်အကွာတွင် ရှိကြောင်း၊ ဂါလံ ၅၀ ဆံ့ ပေပါအပြာရောင် အလုံး ၂၀ နှင့် မြေကြီးထဲတွင် တူး၍ မြုပ်ထားကြောင်း၊ စုစုပေါင်းအရက်များ၏ ကာလတန်ဖိုးမှာ ကျပ်ငွေ (၁၈)သိန်းရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တရားမ၀င်အရက်များသိုလှောင်ထားရှိကြောင်းသတင်းအရ ဇင်ချောင်းရဲစခန်းမှူး ရဲအုပ်ခင်မောင်ဝင်း ဦးစီး(၅)ဦးနှင့် ကလန့်တဲအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်သန်း၊ အရပ်လူကြီး ဦးခင်မောင်ဌေး၊ ဦးအေးကို တို့ဝင်ရောက်ရှာဖွေခဲ့ရာ တရားမ၀င်အရက်များတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော တရားမ၀င်ပိုင်ရှင်မဲ့ အုန်းရည်အရက်များအား ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ ပို့ဆောာင်ရန်ဆောင်ရွက်နေကြောင်းသိရသည်။

ကျောက်ဖြူမြို့နယ်တွင် တရားမ၀င်အရက်ရောင်းချမှုများနှင့် လိုင်စင်မဲ့အရက်ဆိုင်များကို ယခုအခါ စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

No comments: