Sunday, July 3, 2016

ပိတ်စဖြင့်ဖုံးအုပ်ထားသော တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်သစ် မီးရှို့ ဖျက်ဆီးခံရ

SHAN


ပိတ်စဖြင့်ဖုံးအုပ်ထားသော ပြုလုပ်ဆဲ တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်သစ် အား ဖွင့်လှစ် အသုံးပြုခြင်း မပြုရသေးဘဲ အာဏာပိုင်များမှ ရပ်နားခိုင်းခံထား ရစဉ် မီးရှို့ဖျက်ဆီးခြင်းခံရသည်ဟု သိရသည် ။

ဂျွန် ၂၁ ရက် ၂၀၁၆ နေ့ ညပိုင်းက အမည်မသိ လူတစု အဆိုပါ ဆိုင်းဘုတ် သစ်အား ဓါတ်ဆီလောင်း မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည် ။

မြို့အဝင်အထွက် ဆိုင်းဘုတ်များအား သျှမ်းဘာသာဖြင့် ရေးသားနိုင်ကြောင်း သျှမ်းပြည်နယ် အစိုးရ၏ စည်ပင် သာယာရေး ၀န်ကြီးက ခွင့်ပြုပေး ညွှန်ကြား သဖြင့် တာချီလိတ် ဒေသခံများက ဆိုင်းဘုတ်သစ်တည် သျှမ်း ဘာ သာ ဖြင့်ရေးသားခဲ့ပြီးမကြာခင် ပြန်ဖျက်ရန် ဆင့်ဆိုညွှန်ကြားခံရသဖြင့် ဆိုင်းဘုတ်သစ်အား ပိတ်စဖုံးကာ ထားလိုက်ရသည် ။

” ဆိုင်းဘုတ်ကြီးကို ၁၈ ရက်နေ့ကတည်းက ပိတ်စိမ်းကြီးနဲ့ ဖုံးထားတာ ။ ကျနော်တို့ တောင်သွားဟ ကြည့် သေးတယ် ။ အဲဒီအချိန်ကတည်းက သျှမ်းစာက မရှိတော့ဘူး ။ သူတို့ဖျက်ထားလိုက်ပြီ။ ဒီအပိုင်းက တပ်တွေ၊ အများဆုံးနေတဲ့ အပိုင်းလေ ။ အကြောင်း မသိရင် ဘယ်သူမှ သွားလုပ်ရဲ မှာမဟုတ်ဘူး ” – ဟု တာချီလိတ်မြို့နေ စိုင်းကျော် က ပြောသည် ။

ဆိုင်းဘုတ်အား မီးရှို့ဖျက်ဆီးခဲ့သူနှင့် မီးရှို့ဖျက်ဆီးရသည့်အကြောင်း ရင်းကိုမူ မသိရသေးပေ ။

သျှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ရက် (၁၀၀) စီမံချက်တွင် ပြည်နယ် စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၏ လမ်းညွှန်ချက်တစ်ခုဖြစ်သည့် သျှမ်းပြည်နယ်အတွင်း မြို့အဝင်ဆိုင်းဘုတ် များအား မြန်မာ – သျှမ်း နှစ် ဘာသာဖြင့် ရေးသားဖော်ပြရန် ပါရှိရာ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီး၏ မြို့အဝင် ဆိုင်းဘုတ်များအား ပြောင်းလဲရေး သားနေ လျှက် ရှိသည့်အနက် တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အား သျှမ်းဘာသာ စာ သားဖြင့် ပြောင်းလဲ ရေးသားထားသည် – ဟု တာချီလိတ်မြို့နယ် စည်ပင် သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်း က ပြောကြောင်း ဂျွန် ၁၈ ရက်နေ့က တာချီလိတ် သတင်းအေဂျင်စီ ကရေးသားဖော်ပြ ထားသည် ။

No comments: