AKIpress
အာဆီယံ-ဥရောပထိပ်သီးအစည်းအဝေး တက်ရောက်ရန် မွန်ဂိုလီးယားနိုင်ငံသို့ သမ္မတဦးထင်ကျော် ဇူလိုင် ၁၃ ရက်တွင် ရောက်ရှိပြီဖြစ်သည်။
ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဟုအန်ဖူလည်း ဇူလိုင် ၁၃ရက်၌ပင် ရောက်ရှိသည်။ မြို့တော်ဥလန်ဘာတောတွင် ကျင်းပမည့် ယင်းအစည်းအဝေးသို့ ပထမဆုံးဧည့်သည်တော်များအဖြစ်၎င်းတို့နှစ်ဦးက ဦးစွာ ရောက်ရှိခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးတို့ကလည်း ဇူလိုင် ၁၄ ရက်တွင် ရောက်ရှိလာမည်ဖြစ်သည်။
၁၁ ကြိမ်မြောက် အာဆီယံ-ဥရောပထိပ်သီးအစည်းအဝေးကို မွန်ဂိုလီးယားနိုင်ငံမြို့တော် ဥလန်ဘာတောတွင် ဇူလိုင် ၁၃ မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အာဆီယံနှင့် ဥရောပနိုင်ငံပေါင်း ၅၀ ကျော်မှ
ခေါင်းဆောင်များက ယင်းအစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်သည်။
မြန်မာနှင့် တောင်ကိုရီးယားခေါင်းဆောင်များအတွက် ယခုအစည်းအဝေးခရီးစဉ်သည် မွန်ဂိုလီးယားနိုင်ငံသို့ ပထမဆုံးရောက်ရှိသည့် ခရီးစဉ်လည်းဖြစ်သည်။
ပြီးခဲ့သည့် လအတွင်းက မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ သမ္မတဦးထင်ကျော်အနေဖြင့် အပြန်အလှန်ခရီးစဉ်အဖြစ်လည်း သွားရောက်ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။
မြန်မာနိုင်ငံသို့ မွန်ဂိုလီးယားသမ္မတ လာရောက်ခဲ့စဉ်က နေပြည်တော်တွင် သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံခဲ့ကာ အပြန်အလှန်ဆက်ဆံရေးမြှင့်တင်ရေးနှင့် ယဉ်ကျေးမှုခြင်း ဖလှယ်ကာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် မိတ်ဖက်ပြုရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
မွန်ဂိုလီးယားသမ္မတက မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး မွန်ဂိုလီးယား-မြန်မာစီးပွားရေးကောင်စီတစ်ရပ်ကို တည်ထောင်ခဲ့သည်။
မွန်ဂိုလီးယားနှင့် မြန်မာနိုင်ငံသည် သံတမန်ဆက်ဆံရေး ၁၉၅၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့ကာ ယခုနှစ်တွင် နှစ် ၆၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
No comments:
Post a Comment