နိရဉ္စရာ၊
ရခိုင်ပြည်နယ် အတွင်း မိုးရပ်တန့်နေသဖြင့် ရေများကျသွားပြီ ဖြစ်ကြောင်း၊ သို့သော်လဲ လေးမြို့မြစ်ရေမှာ စိုရိမ်ရေမှတ်တွင် ဆက်ရှိနေဆဲ ဖြစ်ကြောင့် ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက ဆက်သွယ် မေးမြန်းစဉ် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသွားခဲ့သည်။
“ ရခိုင်ပြည်နယ် အတွင်း ရေကြီးနေရာမှာ လေးမြို့မြစ်ရေဟာ စိုးရိမ်ရေမှတ် ၈၅၀ ရှိနေရာကနေ လက်ရှိ အချိန်မှာ စိုးရိမ်ရေမှတ် ၁၀၅၀ ရှိနေပါတယ်။ စိုးရိမ်ရေမှတ် အထက်မှာတော့ ရှိနေပါသေးတယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ် အတွင်း ရေကြီးရေလျှံ ဖြစ်ပွား၍ မြောက်ဦးနှင့် မင်းပြားအကြားရှိ ကားလမ်းပေါ်တွင် တံတားတချို့ ရေနှင့် ပါသွားခဲ့ကြောင်း၊ အချို့နေရာများတွင် အမှိုက်သရိုက်များ ဖုံးလွှမ်းနေကြောင်း၊ သို့အတွက် ရှင်းလင်းမှုများ ပြုလုပ်ရအုံးမည် ဖြစ်ကြောင်း ပြောကြားသည်။
ယခုအခါ ရိက္ခာ အခြောက်များ၊ သောက်သုံးရေများကို ရေဘေးကြုံတွေ့ခဲ့ရသည့် နေရာ ဒေသများသို့ ပို့ဆောင်နေပြီဟု သိရသည်။ ရေဆက်လက်ကြီးပါက ရိက္ခာများ ဖြန့်ဝေရန် တပ်မတော် ရဟတ်ယာဉ်များကိုလည်း အကူအညီတောင်းထားကြောင်း၊ ရေတပ်သင်္ဘောများဖြင့်လည်း ရိက္ခာများကို မြစ်နား၊ ပင်လယ်နားနီး ဒေသများရှိ ကျေးရွာများသို့ ပို့ဆောင်သွားမည်ဟု ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောသည်။
မြောက်ဦးမြို့ပေါ်တွင် စာသင်ကျောင်း ၆ ခုတွင်ကယ်ဆယ်ရေး စခန်း အဖြစ် ဖွင့်လှစ်ထားပြီး လူပေါင်း တစ်ထောင်နီးပါးခန့် ခိုလုံနေကြရကြောင်း မြောက်ဦးခရိုင် ပညာရေးမှူး ဦးစံကျော်က နိရဉ္စရာသို့ ပြောသည်။
မြို့ပေါ်မှာ အထက (၁) ကျောင်းဆောင်ဟောင်းတွင် အိမ်ထောင်စု ၇၆ စု- ကျား ၁၇၈၊ မက ၂၀၀ ၊ စုစုပေါင်း ၃၇၈ ယောက်။ မူလွန်ကြက်ဈေးတွင် အိမ်ထောင်စု ၄၂ စု- ကျား ၉၈ ယောက်၊ မ ၁၃၇၊ ပေါင်း၂၃၅ ယောက်။ မူလွန်ဆင်ချဆိပ် အိမ်ထောင်စု ၁၈ စု- ကျား ၄၂ ၊ မ ၅၄ ယောက် စုစုပေါင်း ၉၆ ယောက်။ မူလွန် ဗန္ဒုလ အိမ်ထောင်စု ၃၅ စု- ကျား ၈၄ ၊ မ ၈၈၊ ပေါင်း ၁၇၂ ။ မူလွန် ၀သဲ အိမ်ထောင်စု ၁၅ စု – ၂၉ ၊ မ ၃၂ ယောက်၊ ပေါင်း ၆၁ ယောက်၊ မူလွန် မင်းဒရားပြင် အိမ်ထောင်စု ၂ စု- ကျား ၂ ယောက်၊ မ ၃ ယောက်၊ စုစုပေါင်း ၅ ယောက် ရှိကြောင်း စုစုပေါင်း မိသားစု ၁၈၈ စု ရှိပြီး ကျား ၄၃၃၊ မ ၅၁၄ ယောက် စုစုပေါင်း ၉၄၇ ယောက် ရှိကြောင်း ဆရာကြီးက ပြောသည်။
မြောက်ဦးမြို့နယ် ကျေးရွာပေါင်း ၂၀ ရှိ စာသင်ကျောင်းများတွင်လည်း ယာယီ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရသည်ဟု ဦးစံကျော်ကဆက်လက် ပြောဆိုသည်။
ရေဘေးအတွင်း အိမ်အများအပြား ပျက်စီးပြီး စိုက်ခင်းများလည်း ရေလွှမ်းခံခဲ့ရသည်ဟု သိရသည်။ နောက်ထပ် မိုးရွာပါက ရေကြီးနိုင်သဖြင့် ပြည်သူလူထု အနေဖြင့် အခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြာင်း သိရသည်။

No comments:
Post a Comment