မဇ္ဈိမ
၂၀၁၆ မတ်လအတွင်း ရာထူးလက်ခံပြီးနောက် ပထမဆုံးအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း စင်ကာပူနိုင်ငံသို့ သွားရောက်ကာ အပြည်ပြည်ဆိုင်ရာ စီးပွားရေးအဖွဲ့အစည်း (စင်ကာပူ) IE ၏ စီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်ရေး တံခါးပိတ်စည်းဝေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း ဇူလိုင် ၄ ရက်က ယင်းကုန်သွယ်ရေးမြှင့်တင်ရေးအေဂျင်စီက သတင်းထုတ်ပြန်သည်။
ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံဆွေးနွေးမှုတွင် စင်ကာပူကုမ္ပဏီများမှ ကိုယ်စားပြုသူ ၁၁ ဦးအပါအ၀င် မြို့ပြစီမံကိန်းနှင့် ဖွံ့ဖြိုးရေး၊ ဆေးရုံဆေးပေးခန်းကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ စွမ်းအင်ကဏ္ဍနှင့် ရေ၊ လျှပ်စစ်ဓာတ်အား ၀န်ဆောင်မှုလုပ်ငန်းများမှ ကျွမ်းကျင်ပညာရှင်များအပြင် ရန်ကုန်တိုင်းအစိုးရ၏ ဦးစားပေးစီမံကိန်းဖြစ်သော သယ်ယူပို့ဆောင်ရေးကဏ္ဍတို့မှ ကျွမ်းကျင်ပညာရှင်များပါ ပါဝင်ကာ စင်ကာပူနှင့် မြန်မာနိုင်ငံကြား ပုဂ္ဂလိကနှင့် အစိုးရလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးများအတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း IE က ထုတ်ပြန်သည်။
တွေ့ဆုံညစာစားပွဲ၌ ဦးဖြိုးမင်းသိန်းက နိုင်ငံတကာစံတန်းဝင်စင်ကာပူကုမ္ပဏီများနှင့် အခြေခံအဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးရေးပြဿနာများ ဖြေရှင်းရေးတို့၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုလင့်လျက်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်ဟု IE စီအီးအို Lee Ark Boon က ပြောသည်။
ထို့ပြင် စင်ကာပူကုမ္ပဏီများ မြန်မာနိုင်ငံတွင် လုပ်ကိုင်ရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် ၂၀၁၃ ခုနှစ်ကတည်းက ဖွင့်လှစ်ထားသည့် ရန်ကုန်က IE ရုံးအနေဖြင့် သင့်တော်သည့်စီမံကိန်းများတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့်အတူ အတူလက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း Lee က ဖြည့်စွက်ပြောသည်။
“မြန်မာနဲ့ စင်ကာပူက ခိုင်မာတဲ့နှစ်ဖက်ဆက်ဆံရေး ရှိထားပါပြီ။ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရေး နှစ်ဖက်စလုံးက ကုမ္ပဏီလုပ်ငန်းများအနေနဲ့ စီးပွားရေးမိတ်ဖက်ဆက်ဆံမှုများကို ဆက်လက်ဖော်ဆောင်သွားရမှာဖြစ်ပါတယ်။”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
၂၀၁၁ ခုနှစ်ကစကာ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်ဖော်ဆောင်လာသည့် မြန်မာနိုင်ငံသည် စင်ကာပူကုမ္ပဏီများအတွက် ဆွဲဆောင်နိုင်ရာ စီးပွားရေးအခင်းအကျင်းဖြစ်လာခဲ့သည်။ သမ္မတ ဦးထင်ကျော်ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ပို၍ စိတ်ဝင်စားမှုများ ကြီးထွားလာစေခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ စီမံခန့်ခွဲရေးရုံး၏ အချက်အလက်အရ စင်ကာပူသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံ၌ ဒုတိယအကြီးဆုံး ရင်းနှီးမြုပ်နှံသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။ စင်ကာပူနှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်ရေးက ၂၀၁၄ ခုနှစ်ကထက် ၉ ဒဿမ ၆ ရာခိုင်နှုန်းတိုးတက်လာခဲ့ကာ ၂၀၁၅ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆ ဘီလီယံ) အထိ ရောက်ရှိခဲ့သည်။
No comments:
Post a Comment