Wednesday, July 6, 2016

ကျောင်းသားထုအတွင်း သွေးကွဲစေနိုင်သည့် ခွဲခြားဆက်ဆံမှုမျိုး မလုပ်ကြရန် တက္ကသိုလ်သမဂ္ဂများ နှီးနှောဖလှယ်ပွဲ ကျောင်းသားများ တောင်းဆို

မျိုးသူအောင်

ဇူလိုင်လ ၅ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒဿန်ခန်းမတွင် ပြုလုပ်သည့် တက္ကသိုလ် သမဂ္ဂများ နှီးနှော ဖလှယ်ပွဲနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတွင် ကျောင်းသားထုအတွင်း သွေးကွဲစေနိုင်သည့် ခြွဲခားဆက်ဆံမှုမျိုး မလုပ်ကြရန် တက္ကသိုလ်သမဂ္ဂများ နှီးနှောဖလှယ်ပွဲ တက်ရောက်ခဲ့သည့် ကျောင်းသားများက တောင်းဆိုလိုက်သည်။

“ ဘယ်ကျောင်းသား သမဂ္ဂကိုမှ ခွဲခြားဆက်ဆံတာမျိုး မရှိရဘူးလို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ ကျွန်တော် တို့ရဲ့ ကြေညာချက်ထဲမှာပါပါတယ်” ဟု ရန်ကုန် ပညာရေးတက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ကိုနောင်ထက်အောင်က ပြောသည်။

တက္ကသိုလ် သမဂ္ဂများ နှီးနှောဖလှယ်ပွဲကို ဗကသများအဖွဲ့ချုပ်က ကြီးမှူး၍ ဇူလိုင်လ ၂ရက်နေ့မှ ၄ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး ကျောက် တန်းကျေးရွာ ပန်းပျိုးလက် ပညာဒါနကျောင်းတွင် ၃ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၅ရက်နေ့တွင် အဆိုပါ နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် ကျောင်းသားထုကြား သွေးကွဲစေနိုင်သော ခွဲခြားဆက်ဆံမှုများ မပြုလုပ်ကြရန် သက် ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းအာဏာပိုင်များအား တိုက်တွန်းတောင်းဆို လိုက်သည်ဟု ဖော်ပြထားသည်။

ဗကသများအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ တွေ့ဆုံခွင့်မရရှိသေးပဲ အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(န.က.သ)မှ ကျောင်းသားအချို့ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကြီးက မေလ ၂၉ရက်နေ့က အဆင့်မြင့် ပညာဦးစီးဌာန ရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာရပ်တည်လှုပ်ရှားခွင့်ရရှိရေး၊ ပညာ ရေးနှင့် သက်ဆိုင် သည့် ဥပဒေများရေးဆွဲသည့် အပိုင်းတွင် ကျောင်းသားများပါဝင် ဆွေးနွေးရေးဆွဲနိုင်ရေး၊ မြန်မာနိုင်ငံ အင်ဂျင် နီယာ ကောင်စီဥပဒေ ကိစ္စအား ဆွေးနွေးခြင်း၊ ပညာရေးဝန်ကြီးဌာနမှ န.က.သ အား ပူးပေါင်းလုပ်ဆောင်ရန် ကမ်းလှမ်းထားသော Internal Quality Assurance ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ တက္ကသိုလ်တွင်း ကြုံ တွေ့ နေရသည့် အခက်အခဲများ ပြသနာများကို တင်ပြညှိနှိုင်းခြင်း တို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်းလည်း သိရသည်။

“ ကျွန်တော်တို့ သီးခြားရပ်တည်နေတဲ့ ကျောင်းသား သမဂ္ဂတွေကိုပါ ပစ်ပယ်ထားသလို ခံစားနေရတယ်”ဟု ကိုနောင်ထက်အောင်က ပြောသည်။

၃ရက်တာ နှီးနှော ဖလှယ်ပွဲတွင် ဒေသတွင်း တက္ကသိုလ်များ၊ကျောင်းများတွင် သမဂ္ဂများ၏ပကတိအခြေနေများ အခက်အခဲများ၊ စိန်ခေါ်မှုများကို ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ကြကြောင်းလည်း သိရသည်။

၎င်းတို့အနေဖြင့် တက္ကသိုလ်အသီးသီးတွင် စည်းရုံးရေးလုပ်ငန်းစဉ်များ တိုးမြှင့် လုပ်ဆောင်၍ တက္ကသိုလ် သမဂ္ဂများ၏ ဖွဲ့စည်းပုံများ၊ ရွေးကောက်ပွဲများ ဖော်ဆောင်နိုင်ရန်၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် လွတ်လပ်သော ကျောင်းသားသမဂ္ဂ တစ်ခုပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသားကျောင်းသားများ အားလုံး လက်တွဲလုပ်ဆောင်သွားရန်နှင့် ကျောင်းသားထုညီလာခံအကြို အစည်းဝေးကို ၂၀၁၆ နိုဝင်ဘာလအတွင်း ကျင်းပ သွားရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်း သိရသည်။

ကျောင်းသားထုညီလာခံ ဖော်ဆောင်နိုင်ရေးအတွက်လည်း လွတ်လပ်သော ကျောင်းသားသမဂ္ဂ အားလုံး ပါဝင်၇န် ဖိတ်ခေါ်ကြောင်းနှင့် အမှီအခိုမကင်း၊ ကိုယ်ပိုင်ရပ်တည်မှုမရှိ၊ ကျောင်းသား သမဂ္ဂအများစုပါဝင်ခြင်းမရှိ ညှိနှိုင်းမှုမရှိပဲ ကျင်းပသည့် မည်သည့် ညီလာခံကိုမှ အသိအမှတ်မပြုကြောင်းလည်း ယနေ့ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၃ရက်တာ ပြုလုပ်ခဲ့သည် နှီးနှောဖလှယ်ပွဲကို တိုင်းနှင့် ပြည်နယ်(၁၃)ခုရှိ တက္ကသိုလ်ပေါင်း(၅၇)ကျောင်း ကျောင်းသားသမဂ္ဂများ၊ တိုင်းရင်းသား လူမျိုးစု သမဂ္ဂများ၊ အ.က.သ ကိုယ်စားလှယ်များ၊ လေ့လာသူများ စုစုပေါင်း ကျောင်းသား (၂၂၃)ဦးတက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

No comments: