Saturday, July 2, 2016

အမေရိကန်၏ လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံကို အဆိုးဆုံးနိုင်ငံများစာရင်း၌ ထည့်သွင်းထား

စီအင်န်အေ

အမေရိကန်အစိုးရက ထုတ်ပြန်သည့် လူကုန်ကူးမှု အစီရင်ခံစာတစ်ရပ်တွင် အဆိုးရွားဆုံးသော အောက်ဆုံးနိုင်ငံများစာရင်း၌ မြန်မာနိုင်ငံကို ဥဇဘက်ကစ္စတန်၊ ဆူဒန်၊ ဟေတီ နိုင်ငံတို့နှင့်အတူ ထည့်သွင်းထားရှိခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံခြားရေး ၀န်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်လေ့ရှိသည့် ယင်းအစီရင်ခံစာအရ ယခုနှစ်တွင် လူကုန်ကူးဖြစ်စဉ်များကို တိုက်ဖျက်နိုင်ခြင်းမရှိဟု ဆိုကာ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်းရှစ်နိုင်ငံကို အောက်ခြေ၌ ထည့်သွင်းထားရှိခဲ့သော်လည်း ထိုင်းနိုင်ငံကိုမူ အဆင့်တိုးမြင့်ပေးထားခဲ့သည်။

မြန်မာနိုင်ငံနှင့် ဥဇဘက်ကစ္စတန်တို့ကို အဆိုးဆုံးအဆင့်တွင် ထားရှိခဲ့ချိန်တွင် ထိုင်းနှင့် မလေးရှားနိုင်ငံတို့ကိုမူ အောက်ခြေအဆင့်မှ ဖယ်ရှားပေးထားခဲ့ခြင်းအပေါ် တက်ကြွလှုပ်ရှားသူများက ဝေဖန်သွားခဲ့သည်။

အလားတူ အမေရိကန်၏ မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လိင်ကျွန်လုပ်ငန်းများဖြင့် နာမည်ကြီးနေသော ဖိလစ်ပိုင်ကိုလည်း ယခုစာရင်းထဲတွင် ထိပ်ပိုင်းနေရာတွင် ထားရှိပေးထားခဲ့ခြင်းအပေါ် ဝေဖန်ပြစ်တင်ခြင်းခံခဲ့ရသည်။

ယခု အစီရင်ခံစာကို ထုတ်ပြန်ရာတွင် နိုင်ငံများကို သတ်မှတ်ထားသည့် စံနှုန်းများအတိုင်းသာ အခြေခံ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံရေးနှင့်ဆက်နွယ်ကာ သတ်မှတ်ခဲ့ခြင်းမရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ပြောကြားသွားသည်။

No comments: