Thursday, July 7, 2016

အိမ်ကွင်းမှာ ထိုင်းအသင်းကိုရှုံးပြီး မြန်မာလူငယ်ဘော်လီဘောအသင်း ဒုတိယသာရရှိ

မင်းမင်း

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှလူငယ် ဘော်လီဘောပြိုင်ပွဲ ၂၀၁၆၏ ဗိုလ်လုပွဲပွဲစဉ်အဖြစ် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံ(B)တွင် မြန်မာ(A)အသင်းနှင့် ထိုင်းအသင်းတို့ ဇူလိုင် ၆ရက် မွန်းလွဲပိုင်းတွင် ယှဉ်ပြိုင်ခဲ့ရာ မြန်မာ(A)အသင်းက ရှုံးနိမ့်ခဲ့သဖြင့် ဒုတိယသာ ရရှိခဲ့သည်။

ကစားပွဲ ငါးပွဲလျှင် သုံးပွဲအနိုင်(Best Of 5)ယှဉ်ပြိုင်ရသော်လည်း မြန်မာ(A)အသင်းအနေဖြင့် ထိုင်းအသင်းအား သုံးပွဲဆက်တိုက်ရှုံးနိမ့်ခဲ့သဖြင့် ဒုတိယသာ ရရှိခြင်း ဖြစ်သည်။

ပထမပွဲစဉ် နှစ်ပွဲတွင် မြန်မာ(A)အသင်းက အမှတ်အသာစီးဖြင့် ကစားနိုင်ခဲ့သဖြင့် အနိုင်ရရှိမည်ဟု ပရိတ်သတ်များက ထင်မှတ်ထားသော်လည်း ကစားသမားများ၏ လွဲချော်မှု၊ အဆုံးသတ်မသေချာမှုများကြောင့် သုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရသည်။

"ကစားသမားတွေရဲ့ စိုးရိမ်စိတ်ကြောင့်ဖြစ်သွားတာပါ။ ငါလုပ်လိုက်လို့ မှားများမှားသွားမလားဆိုတဲ့ ကစားသမားတွေရဲ့ စိုးရိမ်စိတ်ကြောင့် ကျွန်တော်တို့ ရှုံးတာပါ" ဟု မြန်မာ(A)အသင်း၏ နည်းပြချုပ် ဦးကျော်စွာဝင်းက ပွဲအပြီးတွင် မဇ္ဈိမ၏မေးမြန်းမှုအပေါ် ဖြေကြားခဲ့သည်။

"နောက်ပွဲတွေ၊ ပွဲတွေကျရင် ဒီလိုမျိုးအမှားတွေ ဆက်မမှားအောင် ကျွန်တော်တို့ အများကြီးကြိုးစားဖို့ လိုပါသေးတယ်" ဟုလည်း ဦးကျော်စွာဝင်းက ဆိုသည်။

မြန်မာ(A)လူငယ်ဘော်လီဘောအသင်းတွင် နေလင်းအောင်၊ စံမြင့်မောင်၊ ညီညီစံ၊ မင်းမင်းဦး၊ စောထက်အောင်၊ ပြည့်စုံစိုးနှင့် ပြည့်စုံအောင် စသူတို့ ပါဝင်သည်။

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှလူငယ် ဘော်လီဘောပြိုင်ပွဲ ၂၀၁၆တွင် မြန်မာ(A)၊ စင်္ကာပူ၊ ထိုင်း၊ နယူးဇီလန်၊ အင်ဒိုနီးရှား၊ မော်ဒိုက်ဗ်နှင့် မြန်မာ(B)အသင်းစုစုပေါင်း ၇သင်း ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာ(B)အသင်းအနေဖြင့်လည်း တတိယလုပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခြင်းမရှိသဖြင့် တတိယအဖြစ်မှ လွဲချော်ခဲ့ရသည်။

No comments: