Tuesday, July 5, 2016

အင်ဖန်နတီနေရှင်နယ် လူငယ်များ တွေ့ဆုံပွဲ မြန်မာနိုင်ငံတွင် ပထမအကြိမ် ကျင်းပ

ဇော်မျိုးမင်း

အင်ဖန်နတီနေရှင်နယ်လူငယ်များတွေ့ဆုံပွဲ (Infinity National Conference) ကို AIESEC (International Association of Students in Economics and Commercial Sciences) Myanmarမှ ကြီးမှုး၍ နိုင်ငံတကာ နှင့် မြန်မာမှ တက်ရောက်သူ လူငယ်ပေါင်း၉၀ ဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို ဇွန်လ ၁ ရက် မှ ၃ ရက်အထိ ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ ဗင်းတေဂ်ျဇိမ်ခံသင်္ဘော(Vintage Luxury Yacht Hotel) ပေါ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပထမနေ့တွင် Global Village အစီအစဉ်ကို မြန်မာ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊မက္ကစီကို နှင့် ကနေဒါနိုင်ငံတို့မှ လူငယ်များက သက်ဆိုင်ရာ နိုင်ငံတို့၏ ယဉ်ကျေးမှုပစ္စည်းများ၊ ရိုးရာမုန့်များ၊ သီချင်းများ၊ အကများဖြင့် ယဉ်ကျေးမှုများဖလှယ်ခဲ့ကြသည်။

ဒုတိယနေ့ နှင့် တတိယနေ့များတွင်လည်း လူငယ်များနှင့် ပတ်သတ်သော ခေါင်းဆောင်မှုပိုင်း နှင့် စွန့်ဦးတီထွင်မှုလုပ်ငန်းပိုင်းဆိုင်ရာများကို မျှဝေဆွေးနွေးခဲ့သည်ဟု AIESEC Myanmar မှ ကော်မတီဥက္ကဋ္ဌ မအေမီ နှင့် ဆက်ဆံရေးမန်နေဂျာ ကိုမျိုးသန့်ထိုက်တို့က ပြောသည်။

“ဒီပွဲကိုသူငယ်ချင်းတွေဆီက ကြားလို့ Online လုပ်ကြည့်ရင်းလာတက်ဖြစ်သွားတာပေါ့နော်။ လာတက်ရတဲ့ အကြောင်းအရင်းက Youth Leadership နဲ့ ပတ်သက်ပြီးသိချင်လို့ပေါ့နော်။ ဒီပွဲကိုမလာခင်တော့ Agenda ဖတ်ပြီးတော့ Future Myanmar ကိုဖော်ပြခိုင်းထားတော့ အဲ့ဒါနဲ့ပတ်သတ်ပြီးတော့ အနည်းငယ်ပြင်ဆင်လာတယ်” ဟု ပွဲတက်ရောက်လာသူ မဇင်မာအောင်က ပြောသည်။

AIESEC သည် နိုင်ငံပေါင်း ၁၃၃ နိုင်ငံတွင် အဖွဲ့ဝင်လူငယ်သိန်းကျော် ပါဝင်ဖွဲ့စည်းလှုပ်ရှားနေသော ကမ္ဘာ့အကြီးဆုံးလူငယ်အဖွဲ့အစည်းဖြစ်သည်။ AIESEC သည် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူငယ်များအား ခေါင်းဆောင်မှုဆိုင်ရာဖွံ့ဖြိုးတိုးတတ်မှု၊ ကမ္ဘာ့ယဉ်ကျေးမှုများ ဖလှယ်ခြင်း နှင့် စေတနာ့ဝန်ထမ်းများဖလှယ်ခြင်း စသော အစီအစဉ်များဖြင့် လူ့အဖွဲ့အစည်းတွင် အပြုသဘောဆောင်သော တိုးတက်မှုဖြစ်ပေါ်လာစေရန် အဓိကထား လုပ်ဆောင်လျက်ရှိသည်။

No comments: