Saturday, July 2, 2016

လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသော သျှမ်း / မြောက် ကွတ်ခိုင်၊ကျောက်မဲသို့ ကုလကိုယ်စားလှယ် သွားခွင့်မရ

စိုင်းအောင်ဆိုင်း


တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲကြောင့် လူ့အခွင့်ရေးချိုးဖောက်မှုများ ရှိနေသော သျှမ်းမြောက်ဒေသရှိ မြို့နယ်အချို့သို့ မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် ရေးကိုယ်စားလှယ် မစ္စရန်ဟီလီအား လုံခြုံရေးအကြောင်းပြချက်ဖြင့် အစိုးရဘက်မှ သွားရောက်ခွင့်မပြု ကြောင်း သိရသည် ။

‘သူက သွားချင်တာက ကျောက်မဲတို့ ၊ ကွတ်ခိုင်တို့လို စစ်ဘေးရှောင်တွေပေါတဲ့နေရာတွေ ကို သွားချင်တာ အစိုး ရက လုံခြုံရေးအကြောင်းပြချက်နဲ့ ပေးမသွားဘူးလို့ ဒီကနေ့ မနက်ပိုင်းက ပြောတယ် ။’ ဟု ဂျွန်လ ၂၁ ရက်နေ့ က ရန်ဟီလီနှင့် တွေ့ဆုံခဲ့သူက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

ရန်ဟီလီသွားရောက်လိုသည့် ဒေသများသည် တပ်မတော်နှင့် သျှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ပြီးခဲ့သည့် မေလအတွင်းကတိုက်ပွဲများပြင်းထန် စွာဖြစ် ပွားခဲ့သည့် ဒေသများဖြစ်ပြီး မီးရှို့ထားသည့် အလောင်းများလည်း အဆိုပါ ဒေသများတွင် တွေ့ရှိခဲ့ရသည် ။ ယင်းအပြင် ကွတ်ခိုင်အရှေ့ဘက် မုံးကိုး ၊ မုံးစီး ဒေသ တွင် ကချင်တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာ ဖြစ်သည့် မန်းပိန်းရွာမှာလည်း မီးရှို့ခံခဲ့ရပါသည် ။

မစ္စ ရန်ဟီလီအနေဖြင့် သျှမ်းမြောက်ဒေသသို့ သွားရောက်ခွင့် ကန့်သတ်ခံရ သော်လည်း အရပ်ဘက် လူမှု အဖွဲ့စည်းများမှ တင်ပြသည့် လူ့အခွင့်ရေး ချိုးဖောက်မှု မှတ်တမ်းများကိုမူ သေချာကျနစွာလေ့လာပြီး ကုလသမဂ္ဂသို့ အစီရင်ခံစာ ပြန်လည်တင်သွင်းသွားမည်ဟု ကတိပြုခဲ့သည်ဟု ရန်ဟီလီနှင့် တွေ့ဆုံခဲ့သည့် အရပ်ဘက်အဖွဲ့အ စည်းများက ပြောသည် ။

‘ကျမတို့ကတော့ လူ့အခွင့်ရေးအခြေနေအပြင် ၊ ပညာရေး ၊ ကျန်းမာရေး ကိစ္စအခြေနေတွေပါ တင်ပြခဲ့ တယ် ။ ’ဟု ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေး အသင်းမှ ယိင်းဟန်ဖက ပြောသည် ။

ကုလသမဂ္ဂ ကိုယ်စားလှယ်မှ လက်ခံတွေ့ဆုံသည့် အဖွဲ့အစည်းများထဲတွင်သျှမ်းလူငယ်ကွန်ယက် လည်း ပါဝင်ခဲ့ပြီး သျှမ်းပြည်နယ်အတွင်းပဋိပက္ခဖြစ်ပွားမှုအခြေနေ ၊ မြို့ဆိုင်းဘုတ်များရှိ သျှမ်းဘာသာဖြင့်ရေးသားထားမှု များ ဖျက်ဆီးခံရမှု အနေအထား ၊ အစိုးရသစ်လက်ထက် သျှမ်းပြည်နယ်အတွင်း လူ့အခွင့်ရေးချိုးဖောက်မှု များ ဆက်ရှိနေပုံတို့နှင့် ပတ်သက်၍ တင်ပြခဲ့သည်ဟု သျှမ်းလူငယ်ကွန်ယက်ရန်ကုန်မှ စိုင်းအောင်မြင့်ဦးကပြော သည် ။

No comments: