Wednesday, July 6, 2016

ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ မြင့်တက်

မဇ္ဈိမ

ကရင်ပြည်နယ်အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုက အန္တရာယ်သစ် တစ်ရပ်ဖြစ်လာနေပြီး ဖြေရှင်းကျော်လွှားရန် လိုအပ်နေကြောင်း ပြည်နယ်လွှတ်တော်အမတ်တစ်ဦးက ပြောကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအစီအစဉ် ချမှတ်သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်ဟု BNI နှင့် KIC သတင်းဌာနများက ဖော်ပြသည်။

မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန်မှာ ထိထိရောက်ရောက် အရေးယူခြင်းများ လုပ်ဆောင်မှသာ ဖြစ်လာနိုင်ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြုလုပ်သည့် လွှတ်တော်အမတ်များနှင့် ပြည်သူ့လူထုတွေ့ဆုံပွဲ​၌ အမတ်ဖြစ်သူ စောထူးကပေါက ပြောသည်။

မူးယစ်ဆေးဝါးနှင့် ငြိမ်းချမ်းရေးပြဿနာက ကရင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်နေကြောင်း KIC သို့ ၎င်းက ပြောသည်။

"ကြားထားရတဲ့ သတင်းတွေ ရှိတယ်။ တစ်ချို့တက္ကသိုလ်ကျောင်းသားတွေဟာဆိုရင် တက္ကသိုလ်စရိတ် မိဘတွေက မတတ်နိုင်ကြလို့ မူးယစ်ဆေးဝါးရောင်းချပြီး ကျောင်းစရိတ်ရှာကြတယ်ဆိုတာကို ကြားသိရတယ်။"ဟု စောထူးကပေါက ပြောသည်။

အလယ်တန်းနှင့် အထက်တန်းကျောင်းသားများပါ မူးယစ်ဆေးဝါး သုံးစွဲနေကြကြောင်း ၎င်းက ဆိုသည်။

အာဏာပိုင်များက အရေးယူလုပ်ဆောင်မှု တစ်ချို့ လုပ်သော်ငြားလည်း ကြီးထွားလာသည့် မူးယစ်ဆေးဝါးပြဿနာအတွက် ကိုင်တွယ်ဖြေရှင်းနိုင်ရေး ပိုမိုအားစိုက်လုပ်ဆောင်ရန် များစွာ လိုအပ်နေကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်လာသူတစ်ဦးက ပြောခဲ့သည်။

No comments: