မျိုးသူအောင်
မြန်မာနိုင်ငံတွင် လူ့အခွင့်ရေး ကန့်သတ်မှုများ ရှိနေသေးပြီး ဥပဒေအများအပြား စာအုပ်ထဲတွင်သာရှိနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စရန်ဟီးလီက ပြောကြားလိုက်သည်။
" ကျွန်မခရီးစဉ်အတွင်းမှာ ဥပဒေအများအပြားက စာအုပ်ထဲမှာပဲရှိနေသေးပြီး လူ့အခွင့်အရေး ပြည့်ဝပျော်ရွှင်မှု အ တွက်လည်း အကန့်အသတ်တွေ ရှိနေသေးတာကို သတိပြုမိအောင် မြင်တွေ့ရပါတယ်။ ဒါကြောင့် ဥပဒေများ ပြန် လည်သုံးသပ်ခြင်းကို ရည်မှန်းချက်နဲ့အတူ ရှင်းရှင်းလင်းလင်း လုပ်ဆောင်ဖို့ တိုက်တွန်းရပါမယ်"ဟု သူမက ဆိုသည်။
ကုလသမဂ္ဂ လူ့အခွင်းရေး ကောင်စီသို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီသည် သူမ၏ (၄)ကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ၁၂ ရက်ကြာ လာရောက်ခဲ့ပြီး ခရီးစဉ်နောက်ဆုံးနေ့ ဇူလိုင်လ ၁ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မတူညီတဲ့ နယ်ပယ်အစိတ်အပိုင်းများအကြား နုနယ်ကွဲအက်လွယ်သည့် ဆက်ဆံရေးနှင့် အသွင်ကူးပြောင်းရေးကို ဖော်ဆောင်နေရသည့် အခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် အာရုံပျက်၍မရကြောင်း သူမက ဆိုသည်။
ထို့ပြင် စုစည်းကျစ်လစ်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအပေါ် လေးစားသည့် ယဉ်ကျေးမှု တည်ဆောက်ခြင်းသည် ခက်ခဲသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး နိုင်ငံ၏ ဌာနဆိုင်ရာ ယန္တရား လည်ပတ်မှု အားကောင်းဖို့ ခိုင်မာသည့် ရင်းနှီး မြုပ်နှံ မှုများလည်း လိုအပ်သည့်အပြင် လူ့အခွင့်အရေးအခြေခံမူကို မပါမဖြစ် ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း ပြော ကြားသည်။
" ဒီမိုကရေစီတည်ဆောက်မှုအတွက် အခြေခံအုတ်မြစ်က တရားဥပဒေစိုးမိုးရေးပါ။ တရားဥပဒေစိုးမိုးရေး၊ ဥပဒေနှင့် တရားစီရင်ရေးအဖွဲ့အစည်းများ ခိုင်မာအားကောင်းရေးကို ဦးစားပေးဖော်ဆောင်နေခြင်းအတွက် ကျွန်မအနေနဲ့ ကြို ဆိုပါတယ်။ ဒီလုပ်ငန်းစဉ်ရဲ့ ဗဟိုအဓိကချက်မက ဥပဒေများ ပြန်လည်သုံးသပ်ပြုပြင်ပြောင်းလဲရေးပါ" ဟုလည်း မစ္စ ရန်ဟီးလီက ဆိုသည်။
မစ္စ ရန်ဟီးလီသည် သူမ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြား အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့ သို့လည်း သွားရောက်ကာ လူ့အခွင့်ရေး ချိုး ဖောက်မှု အခြေနေများကို လေ့လာခဲ့ပြီး ၇၁မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အစီရင်ခံစာ တင်သွင်းသွားမည် ဖြစ်သည်။
No comments:
Post a Comment