မင်းမင်း
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့မဈေးအနီးရှိ လူရုပ်တု (၃)ရုပ်နေရာတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား အစားထိုးထားရှိရန် စီစဉ်နေသည်ဟု လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးမျိုးဇော်ဦးက ဇူလိုင် ၁၄ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။
လက်ရှိတွင် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းကာ ဆွေးနွေးတိုင်ပင်နေပြီဖြစ်ပြီး အဆိုပါ ကော်မတီတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ကိုလည်း ပါဝင်ဖွဲ့စည်းရန် နေပြည်တော်ကောင်စီမှ ညွှန်ကြားထားပြီးဖြစ်သည်။
"အကောင်အထည်ပေါ်လာဖို့ကတော့ လာမယ့်အာဇာနည်နေ့ပြီးရင် အဖြူ၊ အမဲကွဲပြားပြီး သိလာမှာပါ။ အဆင်ပြေဖို့ကတော့ ၉၀ရာခိုင်နှုန်း ရှိပါတယ်" ဟု ဦးမျိုးဇော်ဦးက ပြောသည်။
လက်ရှိ တည်ရှိနေသော လူရုပ်တု (၃)ရုပ်အား ၁၉၉၆ခုနှစ်တွင် ထိုစဉ် ဗိုလ်ချုပ်တစ်ဦးက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း လယ်ဝေးမြို့ခံများက ပြောပြချက်အရ သိရသည်။
အဆိုပါ လူရုပ်တု (၃)ရုပ်၏ အဓိပ္ပာယ်မှာ လယ်သမားတစ်ဦးနှင့် ကြံစိုက်တောင်သူတစ်ဦးတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်(ထိုစဉ်က ပါတီအဖြစ် မဖွဲ့စည်းရသေးပါ)တစ်ဦးက လက်တွဲထားသည့် သင်္ကေတဖြစ်သည်ဟု လယ်ဝေးမြို့ခံများက ပြောသည်။
အဆိုပါ ရုပ်တု(၃)ရုပ် နေရာတွင် ဗိုလ်ချုပ်အောင်းဆန်းကြေးရုပ် အစားထိုးရန်မှာ ဒေသခံများ၏ ဆန္ဒသဘောထားဖြစ်သည်ဟု ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးမျိုးဝေလင်းက မဇ္ဈိမကို ပြောသည်။
"မြို့ခံလူထုကလုပ်ချင်လို့ အကောင်အထည်ဖော်ရတာလေ။ မြို့လူထုက လုပ်ချင်လို့ ကော်မတီကို မြို့မိ၊ မြို့ဖနဲ့ လူကြီး အယောက် ၆၀ကျော်ကိုဖိတ်ပြီးတော့ ကော်မတီကို ရွေးချယ်တာလေ။ အယောက် ၆၀လုံးကလည်း ကန့်ကွက်မယ့်သူမရှိဘူး။ အကုန်သဘောတူတယ်" ဟု ဦးမျိုးဝေလင်းက ဆိုသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ၈မြို့နယ်တွင် ပျဉ်းမနားမြို့တွင်သာ တစ်ခုတည်းသော ဗိုလ်ချုပ်ကြေးရုပ်ရှိပြီး အဆိုပါ ကြေးရုပ်ကိုလည်း အကြီးစားပြင်ဆင်မွမ်းမံမှုများ လုပ်ဆောင်လျက်ရှိနေသည်။
No comments:
Post a Comment