Friday, July 15, 2016

ကျိုးပျက်တံတားများကြောင့် ရခိုင်ပြည်နယ် ခရီးသွားလာရေး ပုံမှန် မဖြစ်နိုင်သေး

စံမောင်သန်း၊ ရန်ကုန်


ရခိုင်ပြည်နယ်တွင် မကြာသေးမီရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကျိုးပျက်သွားသော တံတားများကို သက်ဆိုင်ရာမှ ပြန်လည် ပြုပြင် တည်ဆောက်နေသော်လည်း ပြီးစီးမှု မရှိသေးသဖြင့် ခရီးသွားလာရေးမှာ ပုံမှန် မဖြစ်သေးဟု သိရသည်။

ရန်ကုန်-စစ်တွေ ခရီးစဉ် ဇူလိုင်လ ၅-၆ ရက်တွင် ရေကြီးရေလျှံမှုများကြောင့် စစ်တွေ-ရန်ကုန် ခရီးစဉ်ကို ခေတ္တရပ်နားထားခဲ့ရသည်။

ဇူလိုင်လ ၇ က်နေ့တွင် ရေပြန်ကျသွားပြီး ဇူလိုင်လ ၈ ရက်နေ့မှ စပြီး စစ်တွေ-ရန်ကုန် ခရီးစဉ်များကို တချို့ကားလိုင်းများ ပြေးဆွဲနေပြီဖြစ်သော်လည်း မြောက်ဦးနှင့် မင်းပြားအကြားတွင် တံတားနှစ်စင်း ကျိုးပျက်ခဲ့သဖြင့် ခရီးစဉ်များကို ပုံမှန် ပြေးဆွဲနိုင်ခြင်း မရှိသေးဟု တံတားပျက်စီးသော နေရာသို့ ရောက်ရှိနေသူ ၀ံလက်ဖေါင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

“အခု ကျနော်တို့ မင်းဖူးတံတားအနီးကို ရောက်ရှိနေပါတယ်။ ဒုတိယမြောက် ပျက်စီးသွားတဲ့ တံတားတစ်စင်းပါ။ တံတားတစ်စင်းက ဒီနေ့ပြီးစီးသွာမယ့် အနေအထားရှိတယ်။ နောက်တစ်စင်းကတော့ နောက်ထပ် နှစ်ရက်ကြာမှ ပြီးမယ်လို့ တံတားကို တာဝန်ယူ ပြုပြင်နေသူတွေကပြောပါတယ်။ ကားအသွား အလာတွေတော့ ရှိနေပါပြီ၊ တစ်ဘက်နဲ့ တစ်ဘက် အချိန်းအပြောင်းတွေလုပ်ပြီးတော့ သွားလာနေကြပါတယ်။ သွားလာနေကြတာကတော့ လမ်းလျှောက်ပြီး တစ်တန်၊ ဆိုင်ကယ်နဲ့ တစ်တန်၊ လှေကလေးတွေနဲ့ ကူးပြီးတော့ တစ်တန် ဒီလိုဘဲ သွားလာနေကြတာကို တွေ့နေရပါတယ်။ အသွားအလာတွေက ပုံမှန်မဖြစ်သေးပါဘူး။ အခုလောလောစဉ် ကားအစီး ၃၀ လောက် ပိတ်မိနေပါသေးတယ်”ဟု ၀ံလက်ဖေါင်ဒေးရှင်းမှ ဒါရိုက်တာတစ်ဦးဖြစ်ပြီး၊ ငွေချေးလုပ်ငန်း ပရိုဂျက် မန်နေဂျာ ကိုဇော်ဇော်ထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

လက်ရှိခရီးသွားလာမှု အခြေအနေနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာကလည်း “ကျွန်တော်တို့ မင်းပြားဘက်မှာ တံတားလေးတွေ၊ ချဉ်းကပ်လမ်းတွေ ကျိုးနေတဲ့အတွက်ကြောင့် ခရီးသွားလာမှု တစ်ရက် နှစ်ရက်လောက်တော့ ပြတ်တောက်သွားတာပေါ့။ အခုတော့ ကျွန်တော်တို့ လမ်းတောင် ပွင့်နေပြီလို့တော့ ကြားတယ်။ အဓိက မင်းပြားနေရာမှာပါ။ ရာမောင်နဲ့ အမ်းနဲ့က သွားလို့ရတယ်။ အခုသွားလို့ ရနေပြီ ဘေလီတံတားထိုးထားတယ် ”ဟု ဇူလိုင်လ ၉ ရက်နေ့နံနက်က နိရဉ္စရာသတင်းဌာနသို့ ပြောကြားခဲ့သည်

No comments: