Wednesday, July 13, 2016

တနိုင်းမြို့နယ်အတွင်း ရေကြီးမှုကြောင့် ဒေသခံများ ဒုက္ခရောက်နေ

Kachinnews


ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ် အတွင်း ယခုအပတ် အစောပိုင်းမှ စပြီး မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနိုင်းမြစ် ရေမြင့်တက်လာသဖြင့် ဒေသခံပြည်သူ့များ ဒုက္ခရောက်နေကြပါသည်။

နေအိမ် ရေလွှမ်းသွားသည့် ပြည်သူများမှာ ရေမရောက်သေးသည့် လမ်းမပေါ်ကုန်းမြင့်နေရာများတွင် နေထိုင် နေကြသလို အချို့ ငွေကြေးတတ်နိုင်သူများက တည်းခိုခန်း အထပ်မြင့်များတွင် ခိုလှုံနေသည့် အကြောင်း တနိုင်းမြို့မှ ကိုဖောရိုးခါး က ပြောပါသည်။

လက်ရှိ ရေဘေးသင့်နေသည့် ပြည်သူများမှာ အကူအညီ လိုအပ်နေပြီး အစိုးရဘက်မှ အကူအညီ ပေးလာခြင်း မျိုးလည်း မကြားသေးကြောင်း သူ က ပြောပါသည်။

လွန်ခဲ့သည့် ၄ ရက်က မိုးအဆက်မပြတ် ရွာသွန်းခဲ့သောကြောင့် ရေကြီးရေလျှံလာခြင်း ဖြစ်သော်လည်း ယနေ့မှာ နေသာသည့်အတွက် ရေမျက်နှာပြင် ပြန်ကျလာကြာင်း သိရပါသည်။

ယခုချိန် ကချင်ပြည်နယ်တွင် သာမက ရခိုင်ပြည်နယ်ရှိမြို့နယ်များနှင့် ချင်းပြည် မြို့နယ်အချို့တို့တွင်လည်း ရေလွှမ်းမိုးမှုကြောင့် ယင်းဒေသ ပြည်သူများ ဒုက္ခရောက်နေချိန် ဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ မြစ်ရေ ခန့်မှန်းချက်အရ တနိုင်းမြစ်မှ မြစ်ဖျား ခံလာသည့် ချင်းတွင်းမြစ် တလျှောက် စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့ကို စိုးရိမ်ရေအမှတ် ရောက်ရှိနေသည့် စခန်းအဖြစ် သတ်မှတ်ထားကြောင်း တွေ့ရသည်။

No comments: