Friday, July 22, 2016

သံတွဲမြို့နယ် ကင်းမော်ရွာဈေး ဈေးကောက်ခများလွန်း၍ ရောင်းချသူများ အခက်ကြုံ

ရွှေရအောင်(တောင်ကုတ်)/ နီမင်းနိုင်


ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ကင်းမော်ဈေးတွင် ဈေးကောက်ခွန် အထူးများပြားနေသဖြင့် တစ်နိုင်တစ်ပိုင် ဈေးရောင်းချသူများမှာ အထူးအခက်အခဲ ဖြစ်နေကြရသည်ဟု ဈေးသူ ဈေးသားများက နိရဉ္စရာသို့ သတင်း ပေးပို့သည်။

“ကျွန်မက ကင်းမော်ရွာကပါဘဲ။ ဒီဈေးမှာ ငါးရောင်းပါတယ်။ ကျွန်မတို့က ငါးတစ်ပိဿရောင်းလည်း ၄၀၀ကျပ် ပေးရတယ်။ ပြီးတော့ကောက်တဲ့နှုန်းထားက ပုံမှန်မရှိဘူး။ တစ်ခါ တစ်လေ ကောက်တာ ခုနှစ်ရာ၊ ရှစ်ရာ ကောက်ပါတယ်။ တစ်ခါ တစ်ခါ တစ်ထောင်ကျော်ထိ ပေးဖူးပါတယ်။ ရောင်းရတာကလည်း ခုလို မိုးရာသီမှာ ဆိုတော့ မိုးယို ဗွက်အိုင်တာကြောင့် လမ်းထွက်ပြီး ထီးဆောင်းရောင်းရပါတယ်။ အရောင်းက သိပ်မကောင်း ပေမယ့် သူတို့က ဈေးခကို တိုးလို့သာ ကောက်ယူနေပါတယ် ” ဟု ကင်းမော်ဈေးတွင် ငါးစိမ်းရောင်းစားသူ မခိုင်ခိုင်က နိရဉ္ဇရာသို့ပြောသည်။

ကင်းမော်ဈေးတွင် ဈေးရောင်းတဲ့အချိန်မှာ မနက် ၅ နာရီလောက်ကနေ ၉ နာရီလောက်ထိ တစ်မနက်သာ ဖြစ်ကြောင်း၊ အခြားကျေးရွာများမှလည်းလာရောက်ရောင်းကြချကြကြောင်း လက်ရှိအချိန်တွင် ဈေးကောက်ခ ငွေများလာခြင်း ကြောင့် ရောင်းချသူနည်းပါလာကြောင်း မခိုင်ခိုင်မဆက်ပြောသည်။

ကင်းမော်ဈေးတွင် ဟင်းသီးဟင်းရွက်ရောင်းစားသူ မဇာဇာကလည်း “ ကျွန်မတို့ တစ်နေ့ အလွန်ဆုံးမြတ်ရင် ၁၅၀၀ လောက်ပေါ့။ မြို့ဈေးက တစ်ဆင့်ယူ ပြီးမှရောင်းရတာ။ ဒီမှာကတစ်မနက်ထလောက်ပါဘဲ။ အဲဒီ အခြေအနေမျိုးမှာ ဈေးကောက်က လေးရာ၊ ငါးရာ ဆိုတော့ ဘယ်လိုလုပ် အဆင်ပြေတော့မလဲ။ တစ်ခါ တစ်လေလဲ လျော့ကောက်ဖို့ ပြောတော့ ကျပ်သုံးရာလောက်ကောက်တာမျိုးလည်း ရှိပါတယ်။ခက်တာက ပုံမှန်မရှိဘူး” ဟု နိရဉ္ဇရာသို့ ပြောသည်။

ဈေးဧရိယာအတွင်း ရေ၀င်ဗွက်ခံတာကြောင့် လမ်းပေါ် ထွက်ရောင်းရသော အခါ တစ်ခြားသူ အိမ်ရှေ့ဖြစ်နေလျင် ၎င်းအိမ်ရှင် ကိုပါ ဈေးရောင်းခ ကျပ် ၁၀၀ ပေးနေရကြောင်း မဇာဇာမှ ဆက်ပြောသည်။

ကင်းမော်ကျေးရွာဈေးတွင် ဈေးကောက်ကောက်ခွင့် လိုင်စင် ရရှိထားသူ ဒေါ်အေးအေးခိုင်အား နိရဉ္ဇရာက ဆက်သွယ် မေးမြန်းရာ သူမက “ကျွန်မကတော့ ဒီကင်းမော်ဈေးမှာဈေးကောက်ကောက်လာတာ လေးနှစ်ရှိပါပြီ။ ကောက်တဲ့နှုန်းထားက သတ်မှတ်ချက်အတိုင်းထက်တောင် လျော့ကောက်ရပါတယ်။ ဟိုအရင်ခေတ်နဲ့တော့ ဘယ်တူလဲ။ ပုဇွန်လေး သုံးပိဿလောက်ရောင်းတဲ့သူကို ၄၀၀ လောက် ကောက်ပါတယ်။ ကျွန်မတို့အနေနဲ့လည်း တစ်ခါတစ်ခါ အလေးချိန်ကိုကြည့်ပြီးတော့ ကောက်ရတာမျိုးလည်း ရှိပါတယ်။ ငါးဈေး၊ဟင်းသီးဟင်းရွက်ဈေးကတော့ ဒီတိုင်းပါဘဲ။ သန့်ရှင်းရေးကတော့ ရောင်းရင်းနဲ့လည်း လုပ်ရမှာပေါ့။ ကင်းမော်မှာ သာရေးနာရေးဆိုရင်လည်း ဈေးဧရိယာ အမိုးအောက်မှာ လာရောက် ချက်ပြုတ်တာတွေရှိတယ်။ အမိုး သွပ်ခေါင်မိုး လဲဖို့ကိုတော့ ဒီတစ်ရက်နှစ်ရက်မှာ လုပ်မှာပါ။ ရေပြည့်တယ်ဆိုတာကလည်း ရေမြောင်းက မရှိကြတော့ရေပြည်တာပေါ့” ဟုပြောသည်။

ကင်းမော်ဈေးတွင် ဈေးလာရောင်ချသူဦးရေမှာ ၅၀ ကျော်ခန့်ရှိကြောင်း၊ ယခုနှစ် ဈေးကောက်ခွန် သံတွဲမြို့ စည်ပင်ကို ကျပ် ၂၅ သိန်း ၅ သောင်းပေးရကြောင်း ယမန်နှစ်ကဆိုရင်လည်း အရှုံးပေါ်ခဲ့ကြောင်း ဈေးကောက် လုပ်ကိုင်နေသူ ဒေါ်အေးအေးခိုင်ကပြောသည်။

ရခိုင်ပြည်နယ်သည် အခွန်အခ အလွန်များသော ပြည်နယ် တစ်ခု ဖြစ်ပြီး နယ်မှ တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရောင်းချသူများအနေဖြင့် ထွက်ရှိသော သီးနှံများကို မြို့ပေါ်ဈေးသို့ လာရောင်းလျင် သယ်ယူပို့ဆောင်ရေး စရိတ်အပြင် ဈေးကောက်ခွန်၊ စည်ပင်ခွန်၊ ဆိပ်ကမ်းခွန်၊ ဖောင်တော်ခွန် စသဖြင့် အခွန်မျိုးစုံ ပေးကြရသည်ဟု သိရသည်။

သို့အတွက် ရခိုင်ပြည်နယ်တွင် အမြတ်အစွန်း နည်းပါးရာမှ စိုက်ပျိုးရေးကို အားစိုက်လုပ်ကိုင်သူ နည်းလာပြီး ထုတ်လုပ်မှု ကျဆင်းလာသဖြင့် ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ ကော်ဖီ၊ မုန်လာများကိုတောင် ရန်ကုန်မှ မှာယူတင်သွင်းပြီး ရောင်းချမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်၏ ဆင်းရဲမွဲတည်မှုကို တိုက်ဖျက်လိုလျင် နည်းမျိုးစုံအသုံးပြုပြီး ကောက်ခံနေသော အခွန်အကောက်များကို ရပ်တန့်ပစ်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

No comments: