Tuesday, July 5, 2016

ထိုင်းပုဂ္ဂလိကတိရစ္ဆာန်ရုံများ ကျားမှောင်ခိုဂိုဏ်းနဲ့ ဆက်နွယ်ဟု ထိုင်းရဲတပ်ဖွဲ့ပြော

ဧရာဝတီ


ထိုင်းနိုင်ငံက ပုဂ္ဂလိက တိရစ္ဆာန်ရုံများသည် တရုတ်ပြည်ကို ကျားအသားနှင့်တိရိစ္ဆာန်အသေများ မှောင်ခိုတင်ပို့နေတဲ့ ဂိုဏ်းနဲ့ ဆက်စပ်မှုရှိနေတယ်လို ထိုင်း ရာဇ၀တ်နှိမ်နင်းရေး ဌာန(CSD)က သံသယရှိကြောင်း Bangkok Post သတင်းက ဆိုပါတယ်။

ကန်ချနဘူရီခရိုင်ရှိ Tiger Temple လို့ လူသိများတဲ့ ကျားကျောင်းကို ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ စတင်ကာ အာဏာပိုင်တို့က ၀င်ရောက်စီးနင်းပြီး ကျောင်းအတွင်းရှိ ကျားကောင်ရေ ၁၄၇ ကောင်ကို ပြောင်းရွေ့ရာ ကျောင်းအတွင်းမှ ကျားပေါက်အသေ ကောင်ရေ ၄၀နှင့် ကျားသားရေဖြင့် ပြုလုပ်ထား သည့် လက်ဖွဲ့အဆောင်များနှင့် ဆေးရည်စိမ်ထားသည့် တခြားသော တောရိုင်းတိရိစ္ဆာန်အသေများကို တွေ့ရှိပြီးနောက် ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က နိုင်ငံတ၀ှမ်းရှိ ပုဂ္ဂလိက တိရစ္ဆာန်ရုံများကို စစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။

ထိုသို့ စစ်ဆေးရာမှာ တိရိစ္ဆာန်ရုံတော်တော်များများမှာ ဘင်္ဂလားကျားများ တွေ့ရှိခဲ့ရာ တရားမ၀င်ကျား အရောင်းအ၀ယ်လုပ်နေတဲ့ဂိုဏ်းနှင့် ဆက်စပ်နေတယ်လို့ CSD လက်ထောက်အကြီးအကဲ ရဲဗိုလ်မှူးကြီး မွန်ထရီက ဆိုပါတယ်။

“ တရုတ်လူမျိုးတွေဟာ ကျားသားစားရင် အားကောင်းတယ်လို့ ယုံကြည်ကြတယ်၊ ဘာကြောင့် ကျားသားဟာ တရုတ်ပြည်မှာ လူကြိုက်များသလဲ၊ ထိုင်းနိုင်ငံက တိရိစ္ဆာန်ရုံတွေဟာ တရုတ်ပြည်ရဲ့ ကျားသားဈေးကွက်ကို ပံပိုးမှုပြုနေသလဲ”လို့ ရဲအရာရှိ မွန်ထရီက မေးခွန်းထုတ်လိုက်ပါတယ်။

ကျားမှောင်ခိုဂိုဏ်းနဲ့ ပတ်သက်လို့လည်း ထိုင်းရဲတပ်ဖွဲ့မှာ သေချာတဲ့ သတင်းအချက်အလက်တွေ ရထားပြီးဖြစ် တယ်၊ ထိုင်းနိုင်ငံက ပုဂ္ဂလိက တိရစ္ဆာန်ရုံများဟာ ကျားကောင် ရေနဲ့ ပေါက်ဖွားမှုကို သတင်းပို့လေ့မရှိပဲ၊ ပေါက်လာတဲ့ကျားတွေကို တရားမ၀င်ရောင်းချကြတယ်လို့ သူက ဆိုပါတယ်။

ကျားမတကောင်ဟာ ကျား ၁၂ကောင်ခန့် ပေါက်ဖွားနိုင်ပြီး ကျားမှောင်ခိုဈေးကွက်မှာ ကျားပေါက် တကောင်ရဲ့ တန်ဘိုးဟာ ဘတ် ၅သောင်း၊ ၂နှစ်သားအရွယ် ကျန်းမာပြီး ကီလိုဂရမ် ၂၀၀ ရှိတဲ့ ကျား တကောင်ရဲ့အသားဟာ ၁ကီလိုဂရမ်ကို ဘတ် ၅ထောင်ဈေးရှိကာ တရုတ်တိုင်းရင်းဆေးတွေမှာ ထည့် သွင်းဖော်စပ်တဲ့ ကျားရိုးက တော့ ၁ကီလိုဂရမ်ကို ဘတ် ၅သောင်း ဈေးပေါက်ပါတယ်။ ကျားရေကတော့ တချပ်ကို ဘတ် ၁သိန်း ဈေးရှိတယ်လို့ ရဲဗိုလ်မှူးကြီး မွန်ထရီက ဆိုပါတယ်။

တရားမ၀င်တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်တယ်လို့ သံသယရှိသူ ဘုန်ကြီး ၃ဦးအပါအ၀င် ၅ဦးကို တောရိုင်းတိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဥပဒေနဲ့ အရေးယူခဲ့တယ်လို့ သိရပါတယ်။

No comments: