မာန်ဇာမြေမွန်
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေ တက်လာသဖြင့် မြေနိမ့်ပိုင်း ရပ်ကွက်ရှိ လူနေအိမ်တစ်ချို့မှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြပြီဖြစ်ကြောင်း မင်းကင်းမြို့နယ် ဒေသခံများက ပြောသည်။
မင်းကင်းမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၃၅၀ စင်တီမီတာဖြစ်ပြီး ဇူလှိုင် ၈ ရက် မွန်းလွဲပိုင်း တိုင်းထွာချက်များအရ ၁၃၀၅ စင်တီမီတာသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။
"စိုးရိမ်ရေမှတ်ရောက်ဖို့ ၄၅ စင်တီမီတာ လောက် လိုသေးတယ်။ ဒါပေမဲ့ ရပ်ကွက် တချို့မှာ ရေဝင်နေပြီ။ ဒါ့ကြောင့်မို့ ရေဝင်တဲ့ ရပ်ကွက်တွေက အိမ်ထောင်စု တွေ ပြောင်းရွှေ့နေကြပြီ။ အိမ်ထောင်စု ၅၀ ခန့် ရှိမယ်။ ယွန်းကျောင်း ဘုန်းကြီးကျောင်းမှာ ရေဘေးကယ်ဆယ်ရေး လုပ်ထားတယ်။" ဟု မင်းကင်းမြို့ဒေသခံ ကိုကျော်မင်းအောင်က ပြောသည်။
ရေဘေးသင့်အိမ်ထောင်စုများမှာ မြေနိမ့်ပိုင်း ရပ်ကွက်ဖြစ်သော အမှတ် (၃) ရပ်ကွက်မှ ဖြစ်ကြပြီး ယွန်းကျောင်းဘုန်းကြီးကျောင်းအတွင်း တဲငယ်များထိုးကာနေထိုင်ကြရကြောင်း၊ အိမ်ထောင်စု များပြားလာပါက သောက်သုံးရေ အခက်အခဲရှိနိုင်ကြောင်း ၄င်းက ပြောသည်။
"ကျောင်းထဲမှာ စက်ရေတွင်းရှိပါတယ်။ စက်ရေတွင်းကနေ သောက်သုံးရေအတွက် စက်မောင်းပြီးထုတ်ပေးရတယ်။ အိမ်ထောင်စုများလာရင် စက်မောင်းဖို့ အခက်အခဲရှိလာမယ်။" ဟု မင်းကင်းဒေသခံ ကိုကျော်မင်းထွဋ်က ပြောသည်။
ယင်းကြောင့် မင်းကင်းမြို့ရေဘေးနှင့်ပတ်သက်၍ လှူဒါန်းလိုပါက NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် ထံသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၄င်းတို့ကပြောသည်။
No comments:
Post a Comment