Thursday, July 21, 2016

ဗလမင်းထင်တံတားအနီး မောင်ဂွမ်ဆိုင်းအောင် သေနတ်ထိမှန်သေဆုံးမှုမှာ မတော်တဆကျည်ထိမှန်မှုဖြစ်ဟု တပ်မတော်ရှင်း

မျိုးသူအောင်

မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအနီးတွင် ကချင်အမျိုးသား မောင်ဂွမ်ဆိုင်းအောင် သေနတ်ထိမှန်သေဆုံးခဲ့ခြင်းမှာ တပ်သားမောင်မောင်၏ သေနတ်အား လုယက်ရာမှ မတော်တဆ ကျည်ဆံထိမှန် သေဆုံးခြင်းသာဖြစ်ပြီး တပ်သားမောင်မောင်တွင် ပြစ်မှုမကင်းသည့်လုပ်ဆောင်မှုမရှိကြောင်း မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

"တပ်သားမောင်မောင်ဟာ သေဆုံးသူမောင်ဂွမ်ဆိုင်းအောင်ကို ပြစ်မှုမကင်းတဲ့ အကြံနဲ့ ပြုလုပ်ခဲ့တာမဟုတ်ပါဘူး။ သေဆုံးသူနဲ့ လူငယ် တစ်ဦးတို့ သေနတ်ကို အကြမ်းဖက်လုယက်တဲ့အတွက်ကြောင့် မတော်တဆ ကျည်ထွက်ပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်သာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ထို့ပြင် သေဆုံးသူ မောင်ဂွမ်ဆိုင်းအောင်တွင် ၂၀၁၃ခုနှစ်က ဆိုင်ကယ် လုယက်ခဲ့သည့် ပြစ်မှုမှတ်တမ်းကိုလည်း ရဲစခမ်းတွင်တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၂၀ ရက် ည ၉ နာရီခန့်တွင် မြစ်ကြီးနားမြို့နေ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးသည် အမည်မသိ လူ ၈ ဦးက ၄င်းတို့ စီးလာသော ဆိုင်ကယ်အား လူယူရန် နှောင့်ယှက်သဖြင့် ဗလမင်းထင် တံတားလုံခြုံရေး ယူထားသော လုံခြံရေးတပ်ဖွဲ့ ဝင်များထံ အကူအညီတောင်းခံခဲ့ရာမှ လုံခြုံရေးနှစ်ဦးက စိတ်ချသည့်နေရာအထိ ပို့ဆောင်ခဲ့ပြီး အပြန်တွင် အဆိုပါ လူ ၈ ဦးက လုံးထွေးထိုးကြိတ်ခဲ့ပြီး သေနတ်အား လုယက်စဉ် စစ်သည် တစ်ဦးကိုင်ဆောင်သော သေနတ်မှ ကျည်ပေါက်ထွက်ပြီး လူတစ်ဦး သေဆုံးခဲ့သည်ဟု ဇွန်လ ၂၂ရက်က ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ယင်းပြောကြားချက်များမှာ အဖြစ်မှန်နှင့် ကွဲလွဲနေသည်ဟုဆိုကာ ကချင်လူမှုအဖွဲ့အစည်းက ပြောဆိုမှုများရှိနေပြီး အမှုမှန်ဖော်ထုတ်ပေးရန်လည်း တောင်းဆိုထားသည်။

စစ်သား မောင်မောင် အပါအဝင် နှစ်ဦးကို ရဲတပ်ဖွဲ့က တရားလို ပြုလုပ်၍ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄ ဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

No comments: