ကောင်းမြတ်နိုင်(မောင်တော)
ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်းဆိုသည့် အသုံးအနှုန်းအား ကန့်ကွက်ကြောင်း ဆန္ဒ ဖော်ထုတ်ပွဲကို ရခိုင်ပြည်တစ်ပြည်နယ်လုံးတွင် ဇူလိုင်လ ၃ရက် ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ရခိုင်လူမျိုးအမည်ကို ဖျက်ဆီးဖျောက်ဖျက်ဖို့ကြိုးစားရာရောက်သလို ဘင်္ဂလီတွေကို တမင်တကာ အသိအမှတ်ပြုပေးလိုက်ရာလည်းရောက်ပါတယ်။ ဒီလုပ်ရပ် ဒီအသုံးအနှုန်းကို လက်မခံတဲ့အတွက် အခုလို ကန့်ကွက်ဆန္ဒထုတ်ဖော်ဖို့ လုပ်ရတာဖြစ်ပါတယ်” ဟု မောင်တော ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုစိန်လှဖြူက နိရဉ္စရာသို့ ပြောသည်။
အဆိုပါကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးတွင် တပြိုင်နက်တည်း ပြုလုပ်သွားမည် ဖြစ်သည်။
ဘူးသီးတောင်မြို့ခံတစ်ဦးဖြစ်သည့် ကိုဇော်ဝင်းက “NLD အစိုးရက ဒေသခံပြည်သူလူထု သဘောထား ကို ကောက်ယူမှုမရှိလဲ သူတို့သဘောနဲ့လုပ်တာဟာ ကျွန်တော်တို့ လူမျိုးကို စော်ကားရာ ရောက်ပါတယ်။ ကျွန်တော်တို့လူမျိုးက ခေတ်အဆက်ဆက်ကနေ ရခိုင်ဆိုတဲ့နာမည်ကို မြတ်မြတ်နိုးနိုးခံယူလာကြတာပါ။ဒါကြောင်း ရခိုင်ပြည်နယ်တစ်ခုလုံးကန့်ကွက် ဆန္ဒပြကြတာလို့ မြင်ပါတယ်”ဟု သူအမြင်အား နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
ဇွန်လ ၂၆ ရက်နေ့က စစ်တွေမြို့ အတုလမာရ်ဇိန် ပြည်လုံးချမ်းသာဘုရားကြီးတွင် ထေကြီးဝါကြီး ဆရာတော်ကြီးများနှင့် စစ်တွေလူထု ၁၀၀၀ ခန့်တက်ရောက်သည့် ယင်းအစည်းအဝေးတွင် ဘင်္ဂလီများကို ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအ၀ိုင်းဟု ခေါ်ဆိုရမည်ကို ကန့်ကွက်ကြောင်း၊ ဘင်္ဂလီကို ဘင်္ဂလီဟုသာ ခေါ်ဝေါ်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြပြီး ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း ပြသရန် ဇူလိုင်လ ၃ ရက်နေ့တွင် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဆန္ဒပြရန် ဆုံးဖြတ်ခဲ့သည်။
မင်းပြားမြို့တွင် ပြုလုပ်မည့် အစီအစဉ်ကိုလည်း ဦးသိန်းစံက “ကျွန်တော်တို့ ဆရာတော် ဓမ္မပီယကျောင်းမှာ စည်းထိန်းသံဃာတော်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မြို့ပေါ်ကပြည်သူတွေနဲ့ အနီးအနားကျေးရွာက ပြည်သူတွေ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး ဒီလိုမျိုးဆန္ဒပြဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အဓိကကတော့ ဇွန်လ ၂၆ ရက်နေ့က စစ်တွေမြို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအ၀ည်းဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အနေနဲ့ ဒီလိုမျိုးဆုံးဖြတ်လိုက်တာဖြစ်ပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ရခိုင်ပြည်မပျောက်ပျက်ရေး၊ ရခိုင်လူမျိုးမပျောက်ပျက်ရေး၊ ကမ္ဘာတည်သရွေ့ ရခိုင်လူမျိုးတည်ရမည်၊ ဘင်္ဂလီကိုဘင်္ဂလီဟု ခေါ်ဆိုပါ၊ တိုင်းရင်းသား တန်းတူညီမျှရေးနှင့် တိုင်းရင်းသား စည်းလုံညီညွတ်မှု မပြိုကွဲရေးစသည့် ကြွေးကြော်သံများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
“ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအဝန်း”ဟုသုံးနှုန်းမှုအား ကန့်ကွက်ကြောင်း ရခိုင်အမျိုးသား ပါတီက သဘောထားကြေငြာချက်တစ်စောင်ထုတ်ပြန်ထားကာ ရခိုင်ပြည်သူလူထု တစ်ရပ်လုံး ကလည်း ကန့်ကွက်ကြောင်း Campage လှုပ်ရှားမှုတစ်ခုကို ဇူလိုင်လ ၁ ရက်နေ့ကစတင်ကာ ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

No comments:
Post a Comment