စံမောင်သန်း၊ ရန်ကုန်
မဲဆန္ဒရှင် ပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သူ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးမှ ပေါက်တောမြို့နယ်မှ ကျေးရွာအချို့တွင် ကျောင်းဆရာ မလုံလောက်မှု၊ ကျောင်းဆောင် မလုံလောက်မှုနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် အခက်ကြုံနေကြပုံများကို မြင်တွေ့ ခဲ့ရသည်ဟု ပြောကြားသည်။
ပညာရေးနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာရာတွင် ကျောက်တောင်အုပ်စု အထက ခွဲတွင် ကျောင်းသားဦးရေ ၁၀၀၀ ကျော်ရှိသော်လည်း ကျောင်းဆောင်တစ်ဆောင်တည်းကိုသာ အသုံးပြုနေရသဖြင့် ကျောင်းသားများ အခက်အခဲဖြစ်နေကြရကြောင်း ဆိုသည်။
“ကျောက်တောင်ကျေးရွာအုပ်စုမှာ အထက ခွဲ ကျောင်းမှာ ကျောင်းသား ၁၀၀၀ ကျော်ရှိပေမယ့် ယခုလက်ရှိမှာ အစိုးရဆီက ချပေးထားတာ အလျားပေ ၁၂၀ – အနံ ၃၀ တစ်ဆောင်ပဲ ရှိတယ်။ ကျန်တဲ့ဟာတွေက ယခင်ကရှိခဲ့တဲ့ ကျောင်းအို ကျောင်းဟောင်းတွေဖြစ်ပါတယ်။ အန္တရာယ်ဆောင်တွေ ဖြစ်နေတဲ့အတွက် အထက်တန်းပညာကို သင်ယူနေကြတဲ့ ၉-၁၀ တန်း ကျောင်းသူ ကျောင်းသား ၁၀၀ ကျော်လောက်ဟာ ကျောက်တောင်ရွာမ ဘုန်းတော်ကြီးကျောင်းရဲ့ အောက်တွေမှာ သင်္ခန်းတွေမှာ ကြည့်မကောင်း ရှုမကောင်း မိုးရေစိုစိုနဲ့ သင်နေကြတာတွေကို ကျနော်တွေ့ခဲ့ရပါတယ်”ဟု ဦးအောင်ကျော်ထွီးက ပြောသည်။
ကျောက်တောင်ကျေးရွာအုပ်စု အထက ခွဲကျောင်းအတွက် ပေ အလျား ၁၂၀- အနံ ၃၀ အတွက် ကျောင်းဆောင်သစ် တစ်ဆောင် တင်ပြတောင်းဆိုထားကြောင်း၊ သို့သော် အမှန်တကယ် လိုအပ်ချက်မှာ အလျား ၁၂၀- အနံ ၃၀ ကျောင်းဆောင် ၂ ဆောင်ခန့် လိုအပ်နေကြောင်း ဆိုသည်။
၎င်းပြင် ကျေးရွာ အချို့တွင် စီပွားရေး သမား အချို့က အများကျေးရွာသားများ အသုံးပြုနေသော ချောင်းများကို မောင်ပိုင်စီးကာ ပုဇွန်မွေးမြူရေးကို ဆက်လက် ပြုလုပ်နေသဖြင့် ရွာသားများ နစ်နာနေကြရသဘ့် အဖြစ်အပျက်အချို့ကိုလည်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
ပေါက်တောမြို့နယ်မှ ပြည်သူများ ပိုင်ဆိုင်သည့် ချောင်းများကို စစ်တပ် ထောက်လှမ်းရေး ကြီးစိုးစဉ်ကာလက ပေါက်တောမြို့နယ်မှ တပ်ဆွယ်မှူးနှင့် ကျေးရွာရှိ လုပ်ငန်းရှင်တစ်ချို့တို့က အပိုင်သိမ်းယူပြီး ရေငန်ပုဇွန်များ မွေးမြူခဲ့ကြကြောင်း၊ ယင်းနေရာများကို ယခင်အစိုးရလက်ထက်က လယ်သမားများ လက်ထဲသို့ လွှဲပြောင်းရန် ခွင့်ပြုမိန့်ကျထားပြီး ဖြစ်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးက လယ်သမားကော်မတီဖွဲ့စည်းပြီး ချောင်းများကို ထိန်းသိမ်းရန်တာဝန်ပေးအပ်ပြီး ဖြစ်ကြောင်း ၊ သို့သော်လည်း ယခု လက်ရှိတွင် ယခင်စစ်ထောက်လှမ်းရေး များနှင့် ပူးပေါင်းပြီး လုပ်ကိုင်နေခဲ့ကြသည့် ပုဂ္ဂိုလ်များက ဆည်များကို ဖေါက်ချပြီး လယ်သမားများအပေါ် နိုင်လိုမင်းထ ပြုလုပ်နေသည်ဟု ကျေးရွာသားများက တင်ပြကြောင်း ပြောသည်။
ဦးအောင်ကျော်ထွီးက “အထူးသဖြင့်က စစ်ကိုင်းချောင်းအပါအ၀င် ချောင်း ၇ ချောင်းကို အရင် ပြည်နယ် အစိုးရအဖွဲ့က လယ်သမားတွေလက်ထဲ ချပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အကောင် အထည်ဖေါ်မှု အားနည်းပြီးတော့ လယ်သမားလက်ထဲကို မရောက်သေးတဲ့ ပြဿနာကို အဓိက ကြုံတွေ့ နေရပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
ပေါက်တောမြို့နယ် ကံပြင်၊ ကမ်းပိုင်ကြီး၊ ကျောက်တောင်နှင့် ငပြီတက်ကျေးရွာများမှ လယ်သမားများ လုပ်ကိုင်စားသောက်နေသော ခန့်မှန်း ဧကပေါင်း ၂၀၀၀ ကျော် ၃၀၀၀ ခန့် မှာလည်း ချောင်းများကို မောင်ပိုင်စီးထားသူများကြောင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲ ဖြစ်နေသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။
ဦးအောင်ကျော်ထွီးအနေဖြင့် မဲဆန္ဒနယ်မြေများသို့ ကိုယ်တိုင်ကွင်းဆင်း လေ့လာတွေ့ရှိချက်များထဲမှ ကျေးရွာအချို့တွင် လက်ရှိ အချိန်ထိ မင်းမဲ့စရိုက် ဆန်နေမှုများနှင့် အုပ်ချုပ်ရေးအာဏာ မသက်ရောက်မှု ရှိနေမှုများအပါအ၀င် အခြား အကြောင်းအရာများကို နောက်လာမည့် လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းများကို ပြုလုပ်သွားမည်ဟု သိရသည်။
ဦးအောင်ကျော်ထွီးသည် လက်ရှိတွင် အသက် ၃၃ နှစ်သာ ရှိသေးပြီး ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များထဲတွင် ဒုတိယ အသက်အငယ်ဆုံးဖြစ်ကာ ပထမအကြိမ် လွှတ်တော် အစည်းအဝေးကာလက မေးခွန်း ၈ စောင်တင်ထားပြီးဖြစ်ကြောင်း၊ လာမည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးများက သူ့မေးခွန်းများကို ဖြေကြားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

No comments:
Post a Comment