မျိုးသူအောင်၊ ဖနိဒါ
ပြည်နယ်အစိုးရ၏ တားဆီးခြင်းခံထားရသည့် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံ ကျင်းပရန် ပွဲမကျင်းပမီ ၁၅နာရီခန့်အကြာမှ ခွင့်ပြုချက်ရပြီဟု ညီလာခံဖြစ်မြောက်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ မိုင်းမျိုးအောင်က ပြောသည်။
"အခု သူတို့ ပြန်ပြီးတော့ ဖုန်းပြန်ဆက်လာတယ်။ ခွင့်ပြုမိန့်ရပြီတဲ့။ အဲ့ဒါကို သူတို့ Viber နဲ့ ပို့ပေးပါ့မယ်တဲ့။ သူ့ရဲ့မူရင်းကိုတော့ လူကြုံရှိရင်လာယူလို့ရတယ်တဲ့"ဟု မိုင်းမျိုးအောင်က ဇူလိုင် ၂၆ရက် ညနေ ၅နာရီခွဲခန့်က မဇ္ဈိမကို ပြောသည်။
မြန်မာတစ်နိုင်ငံလုံးမှ တိုင်းရင်းသား လူငယ်များက အမျိုးသားနိုင်ငံရေးနှင့် မူဝါဒရေးရာကိစ္စများတွင် လူငယ်များ ပိုမိုပါဝင် လာနိုင်ရန် လူငယ်များ ဘုံသဘောတူညီချက်တစ်ခု ရရှိရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ တွင် ဇူလိုင်လ ၂၇ ရက်မှ ၃၁ ရက်ထိ ငါးရက်တာ ကျင်းပရန် စီစဉ်ထားသည်။
ယင်းညီလာခံကို ဆိုင်းငံ့ထားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက ဇူလိုင်လ ၂၅ရက် ရက်စွဲဖြင့် စာပို့ခဲ့သည်။ ယင်းကန့်ကွက်စာအပေါ် လူငယ်အဖွဲ့များ နှင့် အရပ်ဘက်အဖွဲ့အစည်းများက ဝိုင်းဝန်းရှုတ်ချကာ ကန့်ကွက်ခဲ့ပြီးနောက် ဇူလိုင် ၂၆ရက် ညနေတွင် ညီလာခံကျင်းပရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
"စာသွားပို့တော့ NLD ပြည်နယ် ဥက္ကဋ္ဌက ပြန်ပြောပါတယ်။ သူတို့ ဘာမှ အနှောက် အယှက်မပေးဘူးပေါ့နော်။ လိုအပ်တာရှိရင်လည်း ပြောပါဆိုပြီးတော့ ပြန်ပြောတယ်။" ဟု မိုင်းမျိုးအောင်က ပြောသည်။
ပြည်နယ်အစိုးရက ညီလာခံကို ပိတ်ပင်ခဲ့သည့်အပေါ် ကကမျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးက "အခုခေတ်မှာလူငယ်တွေရဲ့ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာဆွေးနွေးခွင့်၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ပိုင်ခွင့်တွေကို ဘာနဲ့မှ မကန့်သတ်သင့်ပါဘူး။ ကိုယ်ကတောင် မြေတောင် မြှေက်ပေးရမှာပါ။ လူငယ်တွေမှားကောင်းမှားပါလိမ့်မယ်။ ဒါပေမယ့်တိုင်းပြည်ပျက်လောက်အောင် လူငယ်တွေမှားခဲ့တဲ့ရာဇဝင် မြန်မာပြည်မှာမရှိပါဘူး" ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
ညီလာခံတွင် ဖယ်ဒရယ် ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးဆိုင်ရာများနှင့် ပတ်သက်၍ နိုင်ငံရေးသုနေသီ ဒေါ်ခင်မမမျိုး၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာဆလိုင်းလျှန်မှုန်းဆာခေါင်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့က ဆွေးနွေးသွားမည် ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများ ဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း လူမျိုးများအပြင် လူမျိုးစုများ အပါအဝင် လူမျိုး ၃၀ ခန့် ပါဝင်မည် ဖြစ်ပြီး လူမျိုးတစ်မျိုးလျှင် အယောက် ၃၀ ဦး ဖိတ်ခေါ်ထားသဖြင့် အနည်းဆုံး လူငယ်ပေါင်း ၇၀၀ ခန့် တက်ရောက်ရန် ခန့်မှန်းထားသည်။
အဓိကအားဖြင့် တိုင်းရင်းသား ဒေသများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တိုင်းရင်းသား လူငယ်များ ပါဝင်လာရေး၊ အမျိုးသား နိုင်ငံရေးတွင် တိုင်းရင်းသား လူငယ်များ၏ အသံ ပါဝင်မှု ဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံရေးတွင် တိုင်းရင်းသား လူငယ်များ၏ အသံများရရှိရန် လူငယ်ညီလာခံ ကျင်းပရခြင်း ဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment