အောင်ကိုဦး
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တရားရုံး၌ တရားစွဲဆိုခံထားရသော မြေသိမ်းခံတောင်သူ ၁၁၄ဦးကို ဇူလိုင် ၈ ရက်၊ မွန်းလွဲ ၁ နာရီက ငွေဒဏ်များ အသီးသီးအမိန့်ချမှတ် လိုက်သည်။
ပုဒ်မ ၄၄၇အတွက် ဒဏ်ငွေ ၅၀၀ကျပ်၊ ပုဒ်မ ၁၈၆အတွက် ဒဏ်ငွေ ၅၀၀ ကျပ်နှင့် ပုဒ်မ ၄၂၇အတွက် ဒဏ်ငွေ ၃၀၀၀ ကျပ်တို့ကို မတ္တရာမြို့နယ်တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။
အဆိုပါ တောင်သူ ၁၁၄ဦးကို မတ္တရာမြို့နယ်၊ ရေနံ့သာ စိုက်ပျိုးကုန်ထုတ် သမဝါယမအသင်း၊ မတ္တရာ မြို့နယ် သမဝါယမဦးစီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာတို့မှ ပုဒ်မ ၄၄၇၊ ၄၂၇၊ ၁၈၆ တို့ဖြင့် တရားစွဲ ဆိုထားခြင်း ဖြစ်သည်။
"ပြစ်မှုကျူးလွန်တာပေါ်လွင်တဲ့အတွက် အမိန့်ချတာပါ။ ချလိုက်တာ ကတော့ ငွေဒဏ်တွေပါပဲ" ဟု မတ္တရာမြို့နယ် တ ရားသူကြီး ဒေါ်ဝင်းဝင်းထိန်က ပြောသည်။
မတ္တရာမြို့နယ်ရှိ မတ္တရာ၊ တံငါတောင်၊ တံငါမြောက်၊ ရေနံ့သာ၊ မြွေရွှေဂဲ၊ မြွေကျီကုန်း၊ လင့်ဇင်ကုန်း၊ တမာကုန်း၊ သပြေ သာ၊ အင်းဇောင်း စသည့်ကျေးရွာများမှ ဒေသခံတောင်သူများက သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိအောင် ၂၀၁၃ ခု နှစ်မှစတင်၍ ထွန်တုံးတိုက်ပွဲဝင်ခဲ့ခြင်းကြောင့် မတ္တရာတရားရုံးတွင် တရားစွဲဆိုထားခြင်းလည်း ဖြစ်သည်။
"ငွေဒဏ်ချပေးတာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အမှုကတော့ပြီးသွားပြီ မြေကတော့ ပြန်မရသေးဘူး။ အဲဒီ အတွက် မြေပြန်ရဖို့က ဆက်တိုက်နေရဦးမှာပဲ"ဟု ပုဒ်မသုံးခုဖြင့် တရားစွဲခံထားရသူ ကိုရဲရင့်အောင်က ပြောသည်။
ပုဒ်မ ၄၄၇ သည် ထောင်ဒဏ် ၃ လ၊ ပုဒ်မ ၁၈၆သည်ထောင်ဒဏ် ၃ လနှင့် ပုဒ်မ ၄၂၇ သည် ထောင်ဒဏ် ၂ နှစ်အထိ အမိန့်ချမှတ်နိုင်သည်ဟုလည်း ဒေါ်ဝင်းဝင်းထိန်က ရှင်းပြသည်။
တရားစွဲဆိုခံထားရသူ မလင်းလင်းကလည်း "ကိုယ့်မြေကိုကိုယ်ပြန်ရအောင်ယူတာလေ။ ဒါကို ကျွန်မတို့ကို အပြစ်ရှိ တယ်ဆိုပြီး အမိန့်ချတာကိုတော့ မကျေနပ်ဘူး။ ငွေဒဏ်ချတဲ့အပေါ်မှာတော့ ပြောစရာမရှိပါဘူး" ဟု ပြောသည်။
အမှုပြီးပြတ်သွားပြီဖြစ်သော်လည်း သိမ်းဆည်းခံ လယ်မြေများပြန်လည်ရရှိရန်အတွက် ဆက်လက် တိုက်ပွဲဝင်လုပ် ဆောင်သွားမည်ဟု ဒေသခံတောင်သူများက ဆိုသည်။
No comments:
Post a Comment