Thursday, July 21, 2016

စစ်တွေလေဆိပ် ၀န်ဆောင်မှုပေးရာတွင် အထူးညံ့ဖျင်းနေ

နိရဉ္စရာ၊


မြန်မာနိုင်ငံမှ လူသွားလူလာများသည့် စစ်တွေ လေဆိပ် ခရီးသည်များ နားနေဆောင်တွင် ထားရှိသော လေအေးပေးစက် နှစ်လုံး ပျက်နေသည်မှာ တစ်လ ကျော်ကြာမြင့်နေပြီ ဖြစ်သော်လည်း ပြန်လည် ပြင်ဆင်ခြင်း မရှိသဖြင့် ခရီးသွားပြည်သူများ အနေဖြင့် နားနေရာတွင် အခက်အခဲကြုံနေရသည်ဟု သိရသည်။

ရန်ကုန်နှင့် စစ်တွေ အကြား နေ့စဉ် ပုံမှန်ပျံသန်းနေသော လေကြောင်းလိုင်း ငါးခုခန့်ရှိပြီး လေကြောင်းလိုင်းတိုင်းလိုလိုမှာ နေ့စဉ် နေ့တိုင်း ပျံသန်းချိန်နှင့် ဆိုက်ရောက်ချိန် မမှန်သဖြင့် ခရီးသည်များမှာ အချိန်ကြာမြင့်စွာ စစ်တွေ လေဆိပ် နားနေဆောင်တွင် လေယာဉ် အလာကို စောင့်ဆိုင်းနေကြရသည်။

အနည်းဆုံး လူပေါင်း ၁၀၀ ကျော်၊ ၂၀၀ နီးပါးထိ စုပြုံစောင့်ဆိုင်းနေရသော နားနေဆောင် အခန်းကျဉ်းကျဉ်းတွင် လေအေးပေးစက်မရှိသည့် အပြင် လေပင်ကာများလည်း ဟောင်းနွမ်းနေပြီ ဖြစ်၍ သုံးစား မရတော့သဖြင့် အခန်းတွင် အလွန်ပူအိုက်ပြီး တစ်နေ့ တစ်နာရီမှ သုံးနာရီ – လေးနာရီထိ နားနေဆောင်တွင် စောင့်ဆိုင်းနေကြရသော ခရီးသည်များ အထူး ဒုက္ခရောက်ကြရသည်။

ဇူလိုင်လ ၁၇ ရက်နေ့ကလည်း အဲယား ကမ္ဘောဇ၊ FMI လေကြောင်းလိုင်း၊ အဲယား မန္တလေးတို့မှာ သတ်မှတ်ချိန်ထက် နောက်ကျပြီး နေ့လယ် ၂ နာရီခွဲနှင့် ၃ နာရီခွဲ အကြားတွင် တပြိုင်တည်း စစ်တွေ လေဆိပ်သို့ ဆင်းသက်ခဲ့သဖြင့် ခရီးသည်များမှာ နားနေဆောင်တွင် စုပြုံပြီး စောင့်ဆိုင်းနေခဲ့ကြရသည်။

သက်ဆိုင်ရာ စစ်တွေလေဆိပ်မှ တာဝန်ရှိသူ တစ်ဦးအား လေအေးပေးစက် ဖွင့်ပေးရန် ပြောကြားရာ ၎င်းက လေအေးပေးစက်မှာ ပျက်နေသည်မှာ တစ်လခန့်ရှိနေပြီ ဖြစ်ကြောင်း၊ ပြုလုပ်ရန် ရန်ကုန်ကို ပို့ထားကြောင်း၊ မည်သည့် အချိန်တွင် ပြန်ရောက်မည်ကို မသိကြောင်း၊ ယခုကိစ္စမှာ မိမိနှင့် မသက်ဆိုင်ကြောင်း၊ အထက်တာဝန်ရှိသူများကိုသာ မေးမြန်း သင့်ကြောင်း နိရဉ္စရာသို့ ပြောကြားသည်။

ယမန်နေ့က စစ်တွေမှ ရန်ကုန်သို့ ပြန်သူ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း မိမိမှာ အဲယား မန္တလေးနဲ့ လိုက်ရန် နံနက် ၁၁ နာရီ ၃၀ မိနစ်မှ စစ်တွေ လေဆိပ်သို့ ရောက်ရှိနေကြောင်း၊ သို့သော်လည်း နေ့လယ် ၃ နာရီထိ လေယာဉ် မဆင်းသေးကြောင်း၊ စစ်တွေ လေဆိပ်ကို တာဝန်ယူထားသည်မှာ မြန်မာ့လေကြောင်း မှ ဖြစ်ကြောင်း၊ လေအေးပေးစက် ပျက်သည်မှ အစ လေဆိပ် အတွင်းရှိ ခရီးသည်များကို ကောင်းမွန်စွာ ၀န်ဆောင်မှု ပေးရမည်မှာ မြန်မာ့လေကြောင်း တာဝန်သာ ဖြစ်ကြောင်း၊ စစ်တွေ လေဆိပ်ကိစ္စ ယခင်ကလည်း ပြည်သူ့လွှတ်တော်တွင် အကြိမ်ကြိမ် တင်ပြခဲ့ကြောင်း၊ တင်ပြစဉ် ခဏသာ အရေးစိုက် ပြုပြင်မှု ရှိကြောင်း၊ နောက်ဆိုလျှင် ပုံမှန်အတိုင်း အရေးမစိုက်ဘဲ ဖြစ်သွားကြောင်း နိရဉ္စရာသို့ ပြောဆိုသည်။

စစ်တွေ လေဆိပ်တွင် နားနေဆောင်တွင် လေယာဉ် အလာကို စောင့်နေသူ နိုင်ငံခြားသား ခရီးသည် တစ်ဦးမှလည်း မိမိမှာ နံနက် ၁၁ နာရီခွဲကတည်းက စစ်တွေ လေဆိပ်သို့ ရောက်ရှိနေသူ ဖြစ်ကြောင်း၊ စောင့်နေရသည်မှာ သုံးနာရီ ရှိသွားပြီ ဖြစ်ကြောင်း၊ သို့သော်လည်း ယခုလို နားနေရသည်မှာ သူ့အတွက် ပြဿနာ မရှိပါကြောင်း၊ မြန်မာနိုင်ငံမှ ရခိုင်ဒေသ၏ အခြေအနေကို သူကောင်းမွန်စွာ နားလည် သဘောပေါက်ပါကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေ လေယာဉ်ကွင်းသည် မြန်မာနိုင်ငံမှ ရန်ကုန်၊ မန္တလေးပြီးလျင် ခရီးသည် အများဆုံးသွားလာရာ လေဆိပ် တစ်ခု ဖြစ်သော်လည်း ၀န်ဆောင်မှုပေးရာတွင် အထူးညံ့ဖျင်းပြီး ထိုင်ခုံ မလုံလောက်မှု၊ လေယာဉ်များ နေ့တိုင်းလိုလို အချိန်မမှန်မှုကြောင့် ခရီးသည်များ လေဆိပ်အတွင်း စုပြုတိုးဝှေ့နေကြရပြီး အိမ်သာမှာလည်း အနံ့အသက်များ ဆိုးဝါးစွာ ထွက်နေသည်ကို တွေ့ရှိကြရသည်။

စစ်တွေ လေဆိပ်တွင် တိုးချဲ့ဆောင် ဆောက်နေသော်လည်း ယခုရှိသော လေဆိပ် အဟောင်း အဆောက် အအုံတွင် ကောင်းမွန်စွာ ၀န်ဆောင်မှု ပေးနိုင်ကြောင်း၊ သို့သော်လည်း ခရီးသည်များကို လုံးဝ အရေး မစိုက်သည့် သဘောသက်ရောက်နေပြီး ရန်ကုန်မှ အလာ စစ်တွေလေဆိပ်သို့ အ၀င် နားနေဆောင်မှာလည်း အလွန်ကျဉ်းမြောင်းပြီး လေယာဉ် သုံးစင်းခန့်က တစ်စီးနှင့် တစ်စီး ရှေ့ဆင့် နောက်ဆင့် ကျပါက ခရီးသည်များ နားနေရန်ပင် နေရာမရှိ၍ စုပြုံတိုးဝှေ့နေရသဖြင့် မိုးရာသီတွင် လွန်စွာပင် အခက်အခဲများ ကျရောက်နေသည်ကို တွေ့ရှိရသည်။

စစ်တွေလေဆိပ်တွင် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်နေသည်နှင့် ပတ်သက်ပြီး မည်သူ့တာ ၀န်ရှိပါသလဲဟု မေးမြန်းလိုကြောင်း၊ ရခိုင်ပြည်နယ် အစိုးရတွင်လား၊ မြန်မာ လေကြောင်းတွင်လား၊ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အမြန် ဖြေရှင်းပေးရန် လိုလားပါကြောင်း ခရီးသွားပြည်သူတစ်ဦး ဖြစ်သူ ကိုခိုင်လင်းက ပြောကြားသည်။

No comments: