Sunday, July 24, 2016

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေသည့် အာဆီယံအစည်းဝေး လုံခြုံရေးတင်းကြပ်

DVB


၄၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းးပနေတဲ့ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ လုံခြုံရေး တင်းကြပ်ထားပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ လာအိုမှာ ကျင်းပနေပြီး အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေပါတယ်။

တခြား အာဆီယံ နိုင်ငံတွေ နိုင်ငံခြားရေး ၀န်ကြီးတွေလည်း ရောက်ရှိနေကြပါတယ်၊ အခု အစည်းအဝေး ကျင်းပချိန်ဟာ အာဆီယံအတွက် သံတမန်ရေးရာ အခက်ခဲဆုံး စိန်ခေါ်ချက်နဲ့ ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။

ဇူလိုင် ၁၅ ရက်နေ့ကပဲ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ နယ်သာလန် နိုင်ငံ သဟိတ်မြို့မှာ ရှိတဲ့ နိုင်ငံတကာခုံရုံးရဲ့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်၊ တောင်တရုတ်ပင်လယ်အရေးဟာ နဂိုကတည်းက အာဆီယံ ၁၀ နိုင်ငံကြားမှာ အခြေအတင် အဖြစ်ဆုံး ကိစ္စတွေထဲက တခု ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးပြီးတိုင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်တဲ့အခါ စကားလုံးရွေးချယ်ရ အခက်ခဲဆုံး ကိစ္စရပ်လည်း ဖြစ်ခဲ့ပါတယ်။

အခု အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေးလိုမျိုး ဒေသတွင်းကိစ္စတွေ အပြင်၊ နိုင်ငံတကာရေးရာတွေနဲ့ စက်တင်ဘာမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် ကြိုတင် ညှိနှိုင်းသွားဖို့လည်း ရှိပါတယ်။

ဒီလကုန်ပိုင်းမှာပဲ လုံခြုံရေး ဆိုင်ရာအစည်းအဝေးတရပ်ကိုလည်း ဗီယန်ကျင်းမှာ ကျင်းပဖို့ ရှိပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေး တက်ရောက်ဖို့ လာအိုနိုင်ငံရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အရှေ့တောင်အာရှ နျူကလီးယားကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ လူ့အခွင့်အရေးနဲ့ စပ်လျဉ်းတဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ ကော်မရှင်ကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့ အစည်းအဝေးကို တက်ရောက်မယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဒီမတိုင်ခင်ကတော့ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးတွေနဲ့ တွေ့ဆုံခဲ့သလို ဘရူနိုင်းနိုင်ငံ ၀န်ကြီးချုပ်ရုံး ၀န်ကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ဇူလိုင် ၂၇ ရက်နေ့ကျမှ လာအိုနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

No comments: