DVB
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဟာ သံဃာတော်တွေသာ သီးသန့် ဖွဲ့စည်းထားတဲ့ သံဃာ့အဖွဲ့အစည်းမဟုတ်ဘဲ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေ စိတ်တူကိုယ်တူ စုဖွဲ့ထားတဲ့ “သာသနာပြုအဖွဲ့အစည်းကြီး” ဖြစ်တယ်လို့ မဘသက ဒီနေ့ထုတ်ပြန်ပါတယ်။
မဘသ (ဗဟို) ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ နိုင်ငံတ၀န်းက မဘသအဖွဲ့ဝင်တွေအနေနဲ့ ဆန္ဒဖော်ထုတ်တာနဲ့၊ ဆန္ဒဖော်ထုတ်ဖို့ စည်းရုံးတိုက်တွန်းတာတွေ မလုပ်ဖို့ ညွှန်ကြားထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စင်ကာပူနိုင်ငံခရီးစဉ်မှာ “မဘသ မလိုအပ်တောဘူး”လို့ ပြောဆိုခဲ့သလို၊ အပြန် ရန်ကုန်လေဆိပ်မှာလည်း ထပ်မံပြောခဲ့ပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်လို့ ဇူလိုင် ၇ ရက်နေ့မှာ မဘသ ဗဟိုအရေးပေါ်အစည်းအဝေး ကျင်းပကန့်ကွက်ခဲ့ပြီး အစိုးရအနေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ပြောကြားချက်အပေါ် ဇူလိုင် ၁၄ ရက်နေ့မတိုင်မီ ဖြေရှင်းဖို့တောင်းဆိုခဲ့ပါတယ်။
အဲဒီ ကြေညာချက်မှာ “(၁) မဘသအဖွဲ့သည် ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးမှ ပေါက်ဖွားလာသည်၊ (၂) မဘသ အဖွဲ့သည် သံဃနာယကလက်စွဲ၊ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနျှင့်ညီသည့်၊ (၃) ၂၀၀၈ ခု ဖွဲ့စည်းပုံပါ အသင်းအဖွဲ့ သို့မဟုတ် အစည်း အရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်ဥပဒေနှင့်ညီသည့် အဖွဲ့အစည်းကြီးဖြစ်သည်၊”လို့ ဖော်ပြခဲ့ပါ တယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဇူလိုင်လ ၉ ရက်နေ့ မီဒီယာတွေနဲ့တွေ့ဆုံရာမှာ ဦးဖြိုးမင်းသိန်းပြောကြားချက်နဲ့ပတ်သက်လို့ “တကယ်တော့ ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်ရှိပါတယ်။ သူ့ရဲ့အယူအဆတခုကို ထုတ်ဖော်ပြောဆိုတာဖြစ်လို့ ဒါနဲ့ပတ်သက်ပြီးတော့ သီးခြားသဘောထားမှတ်ချက်ပေးစရာ မရှိပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောစကားကို မဘသ ဘက်က ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် မဘသ အဖွဲ့ကို ထောက်ခံသူနဲ့ မထောက်ခံသူတွေအကြား သဘောထားကွဲလွဲမှုတွေ၊ အထူး သဖြင့် လူမှုအင်တာနက်စာမျက်နှာတွေမှာ အချေအတင်ငြင်းခုံမှု ကျယ်ပြန့်ခဲ့ပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့မှာ သူရဦးအောင်ကို အကောင့်မှာ နိုင်ငံတော်သံဃမဟာနာယက (မဟန) ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံတဲ့ဓာတ်ပုံတွေပေါ်ထွက်ခဲ့ပြီး မဟနက မဘသ ရှိသင့်၊ မရှိသင့် ဆုံးဖြတ်မယ်ဆိုတဲ့ ကောလာဟလတွေထွက်ပေါ်ခဲ့ပါတယ်။
ဇူလိုင် ၁၁ ရက်နေ့ညသန်းခေါင်လောက်မှာတော့ နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့က မဘသ အဖွဲ့ရဲ့ ဇူလိုင် ၇ ရက်နေ့ထုတ်ပြန်ချက်ကို လုံးဝကန့်ကွက်ကြောင်း ဆုံးဖြတ်ချက်ပါ ကြေညာချက်တရပ် ထွက်ပေါ်ခဲ့ပါတယ်။
ကြေညာချက်မှာ လက်မှတ်မရေးထိုးရသေးတဲ့ ဥက္ကဋ္ဌဆရာတော်၊ ဒုဥက္ကဋ္ဌဆရာတော် လေးပါးနဲ့ အကျိုးတော်ဆောင်ဆရာတော်တို့ရဲ့ ဘွဲ့တွေနဲ့ ဖော်ပြထားပြီး စာအမှတ်၊ ရက်စွဲမပါရှိပါဘူး။
အဲဒီ မဟနကြေညာချက်မှာ“မဘသအဖွဲ့သည် ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးမှ ပေါက်ဖွား လာ သည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ မဘသ အဖွဲ့သည် သံဃနာယကလက်စွဲ၊ သံဃာ့ အဖွဲ့ အစည်းအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီသည့်ဆိုသည်မှာ မမှန်ကြောင်း” ရှင်း ထားပါတယ်။
မဘသ ကြေညာချက်ပါတဲ့ “၂၀၀၈ ခု ဖွဲ့စည်းပုံပါ အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်း ဆောင်ရွက်ခွင့်ဥပဒေနှင့်ညီသည့် အဖွဲ့အစည်းကြီးဖြစ်သည်” ဖြစ်သည်ဆိုတာနဲ့ ပတ်သက်လို့ တော့ မဟန ဗဟိုရဲ့ ကြေညာချက်မှာ တစုံတရာ ရှင်းလင်းခြင်း မရှိပါဘူး။
မဟန ကြေညာချက်ရဲ့ ဆုံးဖြတ်ချက်မှာ “မဘသ ကို တရားဝင်အဖွဲ့အစည်း မဟုတ်ကြောင်း ဆုံးဖြတ်ရန်နဲ့ ပြည်သူများ သံသယမရှိစေရေးအတွက် ကြေညာချက်ထုတ်ပြန်ရန်” ဆိုပြီး ပါရှိပါတယ်။
မဟနတံဆိပ်တုံးပါ ကြေညာချက်နဲ့ပတ်သက်လို့တော့ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

No comments:
Post a Comment