Saturday, July 2, 2016

ဦးညီညီလွင် (ခေါ်) ဦးဂမ္ဘီရ၏ အမှုများ အပြီးပိတ်သိမ်းကာ ပြန်လွတ်ပြီ

မြတ်မြတ်မွန်

တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးထောင်ချခံရသည့် ဦးညီညီလွင် (ခေါ်) ဦးဂမ္ဘီရကို ဇူလိုင် ၁ရက်တွင် အမှုများကို ပြန်လည်ရုတ်သိမ်းကာ လွတ်မြောက်လာပြီဖြစ်သည်။

၎င်းကို ဇန်နဝါရီလ (၁၉) ရက်က မန္တလေးမြို့ Power Hotel အခန်းနံပါတ် (၄၀၄)တွင် တည်းခိုနေထိုင်စဉ် အမှတ်(၉)မြို့မရဲစခန်းမှ လာရောက်ဖမ်းစီးကာ (ပ) ၅၇/၂၀၁၆ လဝက အက် ပုဒ်မ ၁၃ (၁) ဖြင့် ဖမ်းဆီးခဲ့ပြီး ဧပြီလတွင် မန္တလေး မဟာအောင်မြေမြို့နယ် တရားရုံးက ထောင်ဒဏ် ၆လ အမိန့်ချခဲ့ရာ ယနေ့တွင် ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

ယင်းအပြင် ဗဟန်းမြို့နယ် တရားရုံးနှင့် သန်လျင်မြို့နယ် တရားရုံးတို့မှ တရားစွဲဆိုထားသည့် ပုဒ်မ ၄၅၄ (ဖောက်ထွင်းမှု၊)၊ ပုဒ်မ ၄၄၈ (ပိုက်နက်ကျူးလွန်မှု)၊ ပုဒ်မ ၄၂၇ (အကျိုးစီးပွား ဖျက်ဆီးမှု)များအတွက် ၂၀၁၆ခုနှစ် ဇွန်လ ၂၆ရက်တွင် ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၁ရက်တွင် ယင်းအမှုများအားလုံးကို အပြီးအပိုင် ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။

"ဦးညီညီလွင်ကတော့ ဒီနေ့မှာတရားစွဲတဲ့ဘက်က ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ အမှုရုတ်သိမ်းလို့ ပြန်လည်လွတ်မြောက်လာတာပါ။ အခု ထောင်ထဲ စစ်ကြောရေးကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် ခေါင်းကိုက်သောဝေဒနာ ခံစာနေရလို့ ကုသမှု ခံယူနေရပါတယ်။" ဟု ၎င်း၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။

ဦးဂမ္ဘီရသည် ၂၀၀၇ ခုနှစ်တွင် သံဃာ့ အရေးအခင်း လှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၆၃ နှစ် ချမှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူလည်းဖြစ်သည်။

No comments: