Saturday, July 23, 2016

ဧရာဝတီတိုင်း၏ အကြီးဆုံး အရက်ချက်စက်ရုံ လည်ပတ်မှု ရပ်ရန် ညွှန်ကြား

စည်သူမောင်မောင်

ဧရာဝတီတိုင်းအတွင်း အကြီးဆုံး အရက်ချက် စက်ရုံဖြစ်သော် မြန်​​အောင်​မြို့နယ်​၊​ ရောင်​နီ အရက်​ချက်​စက်​ရုံသည် စွန့်​ပစ်​ပစ္စည်းများအား သတ်​မှတ်​ထားသည့်​ စံချိန်​စံနှုန်းများနှင့်​အညီ ​ဆောင်​ရွက်​ခြင်း မပြုနိုင်​​သေးသည့်​ အချိန်​အထိ စက်​ရုံလည်​ပတ်​ခြင်းအား ရပ်​ဆိုင်းထားရန်​ ဧရာဝတီတိုင်း​ဒေသကြီး အဖွဲ့က ဇူလိုင်​လ၂၁ရက်​​တွင် ညွန်​ကြားချက်​ ထုတ်​ပြန်​ခဲ့သည်။

ဧရာဝတီတိုင်း လမ်းပန်းဆက်​သွယ်​​ရေး လျှပ်​စစ်နှင့် စွမ်းအင်​ဝန်​ကြီး ဦးဝင်း​ဌေး ဇွန်လ ၅ ရက်က စက်​ရုံသို့ သွား​ရောက်​စစ်​​ဆေးပြီးနောက် “စက်​ရုံကို ကျွန်​​တော်​နဲ့အတူ ပြင်​ပပညာရှင်​​တွေနဲ့ သွား​ရောက်​စစ်​​ဆေးပြီး ဖြစ်​ပါတယ်​၊​ရေသိုးများကို သန့်​စင်​မှုမလုပ်​ပဲ ​ချောင်း​မြောင်းထဲကို စွန့်​ပစ်​​နေတာ​ တွေ့ရပါတယ်​၊ စက်​ရုံ သတ်​မှတ်​စံချိန်​ စံနှုန်း​တွေနဲ့ မလုပ်​လို့ လည်​ပတ်​မှုကို​ ခေတ္တရပ်​ဆိုင်းခိုင်းတာပါ” ဟု မဇ္ဈိမသို့​ပြောသည်​။

“စက်​ရုံ ​ရေသိုးထုတ်​လုပ်​မှု​တွေ ပြည်​သူ​တွေ ထိခိုက်​မှုမရှိ​အောင်​ စက်​ရုံက ပြန်​လုပ်​​ဆောင်​မယ်​၊ စံနှုန်း​တွေလိုက်​နာ​ဆောင်​ရွက်​မယ်​ဆို ပြန်​လုပ်​ပိုင်​ခွင့်​ရမှာပါ” ဟုလည်း ဝန်​ကြီးကဆိုသည်​။

မြန်​​အောင်​မြို့နယ်​၊ ​ရောင်​နီ အရက်​ချက်​စက်​ရုံအား စွန့်​ပစ်​ပစ္စည်းများအား သတ်​မှတ်​ထားသည့်​ စံချိန်​စံနှုန်း များနှင့်​အညီ ​ဆောင်​ရွက်​ခြင်းမပြုနိုင်​​သေးသည့်​ အချိန်​အထိ စက်​ရုံလည်​ပတ်​ခြင်းအား ရပ်​ဆိုင်းထားရန်​ မြန်​​အောင်​မြို့နယ်​ တိုင်း​ဒေသကြီး လွှတ်တော်ကိုယ်​စားလှယ်​​ ဒေါ်စုစု​အောင်က ဇွန်​လ ၃၀ရက်​​ တိုင်း​ဒေသကြီး လွှတ်​​တော်​အစည်းအ​ဝေးတွင်​ တိုင်း​ဒေသကြီးအစိုးရသို့​ တောင်းဆို ​ခဲ့သေးသည်​။

“ရောင်​နီ အရက်ချက်​ စက်​ရုံမှ​ ရေဆိုးအညစ်​အ​ကြေးများနှင့်​ အန္တရာယ်​ရှိသည့်​ စွန့်​ပစ်​ပစ္စည်းများ​ကြောင့်​ အနံဆိုးများ ထွက်​​ပေါ်​နေမှု၊ ဓါတု အက်​စက်​များပါဝင်​သည့်​ စွန့်​ပစ်​ပစ္စည်းများအား တာဝန်​မဲ့ စွန့်​ပစ်​​နေခြင်းများ သဘာဝ ပတ်​ဝန်​ကျင်​ အင်းအိုင်​​ချောင်း​မြောင်းများ ညစ်​ညမ်းမှု၊ မြို့​ပေါ်ရပ်​ကွက်​နှင့်​ အနီးပတ်​ဝန်​ကျင်​​ကျေးရွာအုပ်​စုများရှိ ပြည်​သူများ လူ​နေမှုဘဝနှင့်​ ကျန်းမာ​ရေးကို ထိခိုက်​လျှက်​ရှိသည့်​ အ​ခြေအ​နေများ ဖြစ်​​ပေါ်​နေ​ကြောင်း"ဟု မြန်​​အောင်​မြို့နယ်​တိုင်း​ဒေသကြိးကိုယ်​စားလှယ်​​ဒေါ်​စုစု​အောင်​က ဧရာဝတီတိုင်း​ဒေသကြီးလွှတ်​​တော်​တွင်​ တင်​ပြ​ဆွေး​နွေးခဲ့သည်​။

စက်​ရုံလည်​ပတ်​ရန် စပါးခွံနှင့်​​ ကျောက်​မီး​သွေးကို အသုံးပြုသဖြင့်​ မိုးစပါးအထွက်နှုန်းကျဆင်းခြင်း၊ ပတ်​ဝန်​ကျင်​​နေ ပြည်​သူများ အသက်​ရှုလမ်း​ကြောင်းနှင့်​ ပတ်​သက်​သည့်​​ ရောဂါများဖြစ်​ပွား​နေ​ကြောင်း ကိုယ်​စားလှယ်​​ဒေါ်စုစု​အောင်​က ဒုတိယအကြိမ်​ ဧရာဝတီတိုင်း​ဒေသကြီးလွှတ်​​တော်​ ပထမပုံမှန်​အစည်းအ​ဝေးတွင်​ ဆွေး​နွေးသည်​။

ရောင်​နီအရက်​ချက်​ စက်​ရုံသည်​ ကြံခင်း မြန်​​အောင်​ကားလမ်း​ဘေး ​မာလကာကုန်း​ကျေးရွာ၊ ကျခတ္တန်းရပ်​ကွက်​ မှင်​နီ တာရိုး​အနီး မြေ၂၀ဧက​ ပေါ်တွင်​ တည်​​ဆောက်​ထားပြီး ဧရာဝတီတိုင်း​ဒေသကြီး အတွင်း အကြီးဆုံး အရက်​ချက်​စက်​ရုံဖြစ်​သည်​။ တ​နေ့လျှင်​ အရက်​ဆီ ကုန်​​ချော ဂါလံ ၆၅၀၀ ခန့်​ ထုတ်​လုပ်​ လျက်​ရှိပြီး စွန့် ပစ်​​ရေသိုး ဂါလံ ၃၅၀၀၀ ထွက်​ရှိသည်ဟု သိရသည်။

No comments: