Sunday, July 24, 2016

ဥပဒေနှင့်မညီတာတွေ့ပါက အရေးယူနိုင်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပြော

အောင်ကိုကို


ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို ပွင့်လင်းမြင်သာအောင်လုပ်ဆောင်နေပြီး ဥပဒေနဲ့ မညီပဲလုပ်တာ တွေ့ရင် အရေးယူနိုင်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့၊ စစ်တွေမြို့ ဦးဥတ္တမခန်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၀န်ကြီးဌာနအလိုက် ရက် ၁၀၀ စီမံချက်အတွင်း ဆောင်ရွက်မှုအခြေအနေတွေကို ရှင်းလင်းပြတဲ့ပွဲမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားလိုက်တာပါ။

“ဖြစ်လာတဲ့ ပြဿနာရပ်အားလုံး အစိုးရနဲ့ ပတ်သက်လို့၊ ၀န်ထမ်းတွေနဲ့ပတ်သက်လို့၊ ကျနော်တို့တာဝန်ယူပါတယ်။ ကျနော် ဦးဆောင်ပြီးတော့ ကျနော်တို့ အားလုံးတာဝန်ယူပါတယ်။ တာဝန်ယူဖြေရှင်းပါ့မယ်။ တာဝန်လည်း ခံပါတယ်။ ကျနော်တို့ဘက်မှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ၊ မပြည့်စုံတာတွေ ရှိကောင်းရှိပါမယ်။ အမှားအယွင်းရှိရင်၊ ဥပဒေနဲ့ မညီညွတ်တာတွေ ရှိခဲ့ရင် ကျနော်တို့ကို အချိန်မရွေး အရေးယူပါ၊ ပြောပါ၊ ခိုင်းစရာရှိရင်ခိုင်းပါ။”

ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် ဆောင်ရွက်ချက်တွေကို ရှင်းလင်းခဲ့ပြီး တက်ရောက်လာတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ရခိုင်ပြည်နယ်အတွင်း စည်ပင်သာယာရေး လုပ်ငန်းတွေနဲ့ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဖို့ အလေးထားတောင်းဆိုခဲ့ကြတယ်လို့ စစ်တွေ မြို့မိမြို့ဖအဖွဲ့ဥက္ကဋ္ဌ ဦးဦးသာစိန်က ပြောပါတယ်။

“ဒီထဲမှာ မူးယစ်ဆေးဝါး လုပ်ငန်းလုပ်နေတဲ့သူတွေ ပါကောင်းပါမှာပါ။ ဘယ်ယူလုပ်တယ်ဆိုတာကိုလည်း ကျနော်တို့သိပါတယ်။ ဒါပေမယ့် ထုတ်ဖော်ပြောလိုက်ရင် အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ မပြောရဲတာပါ။ ဘယ်သူရောင်းတယ်ဆိုတာလည်း သိပါတယ်။ ပြည်သူ့ရဲကလည်းသိမှာပါ။ ဒါကြောင့် အစိုးရအဖွဲ့နဲ့ ပြည်သူ့ရဲနဲ့ ပြည်သူနဲ့ ဒါကိုတော့ ဘယ်လိုလုပ်သင့်လဲဆိုတာ အဖြေထုတ်ရမှာဖြစ်ပါတယ်။”

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက မူးယစ်ဆေးဝါးမ်နှင်းရေးမှာ ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ဆက်လက်ပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ထားပါတယ်။

ငါးနာရီကြာပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေ၊ စိုက်ပျိုးစရိတ်ထုတ်ချေးမှု၊ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးတဲ့ကိစ္စတွေနဲ့ ဆက်လက်ဆောင်ရွက်မယ့်အစီအစဉ်တွေကို ရှင်းလင်းပြောကြားပြီး ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို တိုက်ရိုက် နားထောင်ပြီး ဖြေရှင်းဆောင်ရွက်ဖို့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

No comments: