Wednesday, August 31, 2016

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံသားများဖြင့်သာဖွဲ့စည်းရန် အရေးကြီးအဆိုတင်

မင်းမင်း

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်အပါအဝင် ပြည်ပနိုင်ငံသားသုံးဦး ပါဝင်ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ကို မြန်မာနိုင်ငံသားများဖြင့်သာ ဖွဲ့စည်းရန် ရခိုင်ပြည်နယ်အမတ်တစ်ဦးက ဩဂုတ် ၃၀ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆိုတစ်ရပ် တင်သွင်းလိုက်သည်။

"ဒီလို နိုင်ငံခြားသားတွေ ဦးစီးတဲ့ ကော်မရှင်ဟာ အကြံပေးရုံသက်သက်ပဲ။ ပေးတဲ့အကြံအားလုံးကို မိမိတို့ အနေနဲ့ လက်ခံချင်မှ လက်ခံမယ်လို့ ပြောနိုင်ပေမယ့် မစ္စတာ ကိုဖီအာနန်လို ပုဂ္ဂိုလ်မျိုးရဲ့ အကြံပြုချက်များဟာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများကို များစွာ သြဇာလွှမ်းမိုးသွားနိုင်ပါတယ်" ဟု အဆိုရှင်ဖြစ်သူ ပေါက်တောမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကျော်ဇံက အရေးကြီးအဆိုတင်သွင်းစဉ် ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၄ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်အား ကော်မရှင်ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခြင်းနှင့် ပြည်ပနိုင်ငံသားအချို့ကို ကော်မရှင်တွင် ထည့်သွင်းဖွဲ့စည်းလိုက်ခြင်းမှာ နိုင်ငံခြားသားများအား ပြည်တွင်းရေးတွင် ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခွင့် ပေးထားခြင်းဖြစ်သည်ဟု ၎င်းက ဝေဖန်ပြောဆိုသည်။

"ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ပယောဂ ဝင်ပူးကပ်နေသူများဦးဆောင်တဲ့ ကော်မရှင်ဟာ ပြည်တွင်းပြဿနာအား နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးခွင့်ရရှိသွားသဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လာနိုင်သည်ဟု ရှုမြင်သုံးသပ်ပါတယ်” ဟု ဦးအောင်ကျော်ဇံက ပြောသည်။

ဦးအောင်ကျော်ဇံ၏ အရေးကြီးအဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေးရန် လွှတ်တော်အမတ်အားလုံးက သဘောတူလိုက်သဖြင့် ယင်းအဆိုကို လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်သည်။ အဆိုနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသည့်အမတ်များအနေဖြင့် စက်တင်ဘာ ၁ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်ရုံးသို့ အမည်စာရင်းပေးပို့ကြရန်လည်း လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေငြာထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်တွင် မစ္စတာ ကိုဖီအာနန်အပါအ၀င် ပြည်ပပညာရှင်သုံးဦး ပါဝင်နေခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အရေးတွင် နိုင်ငံတကာ၏ပါဝင်ပတ်သက်မှုနှင့် ဖိအားကို ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရှင်းလင်းထားသည်။

ထို့ပြင် ယင်းကော်မရှင်သည် အကြံပေးကော်မရှင်သာဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ကော်မ ရှင်၏ အကြံပြုတင်ပြချက်အားလုံးကို လိုက်နာလုပ်ဆောင်ရန် လိုအပ်မည်မဟုတ်ဟုလည်း ဦးဇော်ဌေးက နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

No comments: