Tuesday, August 30, 2016

UNFC ဦးဆောင်မှုဖြင့် KIO က ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်မည်

ဖနိဒါ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံညီလာခံ) တက်ရောက်ရန် ကချင်ပြည်သူလူထုအား ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၏ ဒုတိယ ဥက္ကဌ (၂) ဗိုလ်ချုပ်ဂွမ်မော်က ကချင်ပြည်သူထူထုအား သြဂုတ်လ ၂၇ ရက်က ပန်ကြားလိုက်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် မရပ်စဲသေးသော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) တွင် ပါဝင်သော KIO သည် နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက် တံခါးဖွင့်နိုင်ရန်အတွက် သြဂုတ်လ ၃၁ ရက်တွင် ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်ရောက်ရန် အပါအဝင် အချက် ၇ ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်လိုက်သည်။

ညီလာခံသို့ UNFC အဖွဲ့ဝင်များမှ ကိုယ်စားလှယ်ပေါင်း ၁၅၈ ဦး တက်ရောက်မည်ဖြစ်ကာ ထိုအထဲတွင် UNFC မှ KIO ကိုယ်စားလှယ် ၂၄ ဦး တက်ရောက်ရန် သတ်မှတ်ပေးထားသည်ဟု ဆိုထားသည်။

ယင်းထုတ်ပြန်ချက်ကို ဗိုလ်ချုပ်ဂွမ်မော်က သူ၏ ဖေ့ဘုတ်တွင် လက်မှတ်ရေးထိုး၍ ကချင်ဘာသာဖြင့် ထုတ်ပြန်ထားသည်။

“UNFC ကနေ သတ်မှတ်ထားတဲ့အတိုင်း UNFC ရဲ့ ဦးဆောင်မှုအောက်မှာ တက်ရောက်ဖို့အတွက် KIO ကလည်း ပြင်ဆင်နေပါပြီ”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIO သည် UNFC ၏ လုပ်ဆောင်ချက်အပေါ် တက်ရောက်ခြင်း ဖြစ်ကြောင်းနှင့် တိုက်ပွဲ ဖြစ်ပွားနေမှုအပေါ် ကြောက်ရွံ့၍ တက်ရောက်ခြင်း မဟုတ်ကြောင်း ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကချင်ပြည်သူလူထုများ အားလုံး သတင်းများ နားထောင်လျက် ကချင်အမျိုးသားရေးအတွက် ကောင်မွန်သည့် လမ်းစဉ် ဖြစ်နိုင်ရန် ဆုတောင်းကြပါစို့ဟု ဗိုလ်ချုပ် ဂွမ်မော်က ပန်ကြားလိုက်သည်။

“ဘယ်နှစ်ဦးတက်မယ်ဆိုတဲ့ လူဦးရေ စာရင်းကတော့ မသိသေးဘူး။ ဒါပေမဲ့ UNFC ကနေ တက်မယ်လို့တော့ ပေါ်လစီကတော့ ရှိတယ်”ဟု KIO မှ ပြန်ကြားရေး တာဝန်ခံ တစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီး နော်ဘူက သြဂုတ်လ ၂၆ ရက်က မဇ္စျိမကို ပြောဆိုထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ ပထမအစည်းအဝေးသည် ညီလာခံ ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပြီး ဆွေးနွေးဆုံးဖြတ်ခြင်းများ ရှိမည် မဟုတ်ကြောင်း သိရသည်။

၂၁ ရာစုပင်လုံ ညီလာခံအတွက် ကျင်းပရေး ပူးတွဲကော်မတီအတွက် UNFC မှ ကိုယ်စားလှယ် ၇ ဦးတွင် ဗိုလ်ချုပ် ဂွမ်မော်ကို ကျင်းပရေး ပူးတွဲကော်မတီ၏ အတွင်းရေးမှူး အဖွဲ့ဝင်အဖြစ် တက်ရောက်ရန် သြဂုတ်လ ၂၄ ရက်နှင့် ၂၅ ရက်များတွင် ပြုလုပ်သော UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ်တိုးချဲ့ အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။

No comments: