Tuesday, December 16, 2008

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေနှင့် ခေတ်ပြိုင်သတင်းထောက် ကိုဝိုင်း ဆက်သွယ်မေးမြန်းချက်

NEJ

(ဦးခင်မောင်ဆွေသည် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် စီအာပီပီ အဖွဲ့ဝင်လည်း ဖြစ်သည်။

၁၉၆၆ ခုတွင် ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒဘွဲ့ရရှိခဲ့ပြီး ၁၉၆၆-၈၈ အထိ ဘူမိဗေဒအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။


၁၉၈၈ ခု ဒီမိုကရေစီအရေးတော်ပုံကာလတွင် မြန်မာ့ရေနံကော်ပိုရေးရှင်းအလုပ်သမားသမဂ္ဂ၌ အတွင်းရေးမှူးတာဝန်ယူခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်လာသည်။

၁၉၉၀ ပြည့်နှစ် နိုဝင်ဘာတွင် ပထမအကြိမ်အဖမ်းခံရပြီး ၁၉၉၁ ခုတွင် ထောင်ဒဏ် (၁၀) နှစ်ချခံရသည်။ ၁၉၉၂ ခု မေလ (၁) ရက်နေ့တွင်ပြန်လွတ်လာသည်။ ၁၉၉၄ ခု သြဂုတ် (၅) ရက်တွင် နိုင်ငံတော်လျှို့ဝှက်ချက်များကို ပေါက်ကြားစေသည်ဟု အစွပ်စွဲခံရပြီး အဖမ်းခံရသူ ဒေါက်တာ ခင်ဇော်ဝင်းနှင့် ဆက်စပ်၍ ထပ်မံအဖမ်းခံရပြီး ထောင်ဒဏ် (၇) နှစ် ချခံရသည်။

၁၉၉၅ ခု ဒီဇင်ဘာ (၁၈) ရက်တွင် ၁၉၉၀ ရွေးကောက်ပွဲကော်မရှင်၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခြင်း၊ အနာဂတ်ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှ ပိတ်ပင်ခြင်းတို့ကိုခံရသည်။ အဖမ်းခံရသည့် နှစ်ကြိမ်အတွင်း ထောင်အတွင်း၌ (၁၄) နှစ်ကျော်နေထိုင်ခဲ့ရပြီး ယခုနှစ် စက်တင်ဘာတွင် လားရှိုးထောင်မှ ပြန်လွတ်လာသည်။

ကုလသမဂ္ဂ၊ ပြည်တွင်းပြည်ပ အတိုက်အခံများနှင့် နိုင်ငံတကာမှ ဒီမိုကရေစီလိုလားသူများက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံရေးအကျဉ်းသားများကို အမြန်လွှတ်ပေးရေး တောင်းဆိုနေသည့်ကြားမှ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်းတို့၏ လုပ်ငန်းစဉ် (၇) ရပ်အတိုင်း ဆက်လက်ချီတက်မည်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ဆောင်မည်ဟု မကြာသေးမီက ပြုလုပ်ခဲ့သော ကြံ့ဖွံ့နှစ်ပတ်လည်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အန်အယ်လ်ဒီ၏ သဘောထားနှင့် ရပ်တည်ချက်ကို သိရှိနိုင်ရန် အန်အယ်လ်ဒီ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဆွေအား ခေတ်ပြိုင်က မေးမြန်းခဲ့သည်။)

မေး။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မကြာသေးခင်က ကျင်းပခဲ့တဲ့ ကြံ့ဖွံ့နှစ်ပတ်လည်အစည်းအဝေးမှာ သတ်မှတ်ထားတဲ့အတိုင်း ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုး ပြောသွားပါတယ်။ စစ်အစိုးရ သတ်မှတ်ထားတဲ့အတိုင်းဆိုရင် ကြားမှာ အချိန် (၁) နှစ်လောက်ပဲ ရတော့တဲ့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေက အန်အယ်လ်ဒီအနေနဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လို သဘောထားရှိလဲဆိုတာ သိချင်နေကြပါတယ်။ ဆရာ့အနေနဲ့ တစုံတရာပြောကြားပေးနိုင်မလားခင်ဗျ။

ဖြေ။ ။ အဖွဲ့ချုပ်ကထုတ်ထားတဲ့ကြေညာချက်ရှိတယ်လေ။ အထူးကြေညာချက် အမှတ် (၁၈) မှာ ထုတ်ထားတဲ့အတိုင်း ကျနော်တို့ကတော့ သက်ဆိုင်ရာအာဏာပိုင်တွေက လွှတ်တော်ခေါ်ပေးပြီးတော့ကာ အခြေခံဥပဒေကိုပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။ အဲဒီတောင်းဆိုထားတာ မပြတ်မချင်းတော့ ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောစရာမရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြေခံဥပဒေ ပြန်လည်သုံးသပ်ခွင့်ရမယ်ဆိုမှသာလျှင် ရမယ် မရဘူး ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ၂၀၁၀ ကို ဖြတ်သန်းဖို့ စဥ်းစားရမှာဖြစ်တဲ့အတွက် ခုချိန်ခါမှာ ဘာကိုမှ ကြိုပြီးတော့ စဉ်းစားလို့ မဖြစ်နိုင်သေးတဲ့ အနေအထားမို့လို့။ တောင်းထားတဲ့ (၆) လ ဆိုတဲ့ကာလလည်း မပြည့်သေးတဲ့အတွက် အန်ကယ်တို့အနေနဲ့ ဘာမှ ပြတ်ပြတ်သား သားပေးလို့မရသေးပါဘူး။

အဲဒီကြေညာချက်အပေါ်မှာလည်း တိုင်းရင်းသားတွေက အားလုံး သဘောတူလက်ခံလိုက်တဲ့အတွက်ကြောင့်မို့လို့ ဒီကြေညာချက်ဟာ ပိုပြီးတော့ အားရှိလာပြီးတော့ကာ သက်ဆိုင်ရာတွေက ဒီကိစ္စအပေါ်မှာ သဘောထားပေးတဲ့ အထိ ကျနော်တို့ စောင့်ရဦးမယ်ဆိုတဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်။ အန်အယ်လ်ဒီ စီအီးစီမှာလည်းပဲ ဒီသဘောထားရှိနေလို့ ဒါကို ထင်ဟပ်ပြီးတော့ အန်ကယ်ပြောတာလည်းဖြစ်ပါတယ်။ နောက်ဆုံး (ယခုနှစ်) ဒီဇင်ဘာလကုန်တဲ့အထိတော့ စောင့်ကြည့်ရဖို့လည်း နိုင်ငံတကာ အခြေအနေတွေက ပေးနေတဲ့အတွက်ကြောင့် မို့လို့ ဒီဇင်ဘာလကုန်အထိတော့ အန်ကယ်တို့ အောက်ထစ်တော့ စောင့်ရလိမ့်မယ်လို့ ယူဆထားတယ်။

မေး။ ။ စက်တင်ဘာမှာ တောင်းဆိုထားတယ် (၆) လအချိန်ပေးထားတယ်ဆိုတော့ နောက်နှစ် မတ်လအထိ deadline သဘောမျိုးပေါ့။ ဆိုတော့ ဒီဇင်ဘာလအထိ အောက်ထစ်စောင့်ကြည့်မယ်ဆိုတာက ဘာကိုဆိုလိုတာ လည်း အန်ကယ်။

ဖြေ။ ။ နိုင်ငံရေးဆိုတာ အသေမဟုတ်ဘူးလေ။ (၆) လအတွင်းတောင်းဆိုထားတာက တောင်းဆိုထားတာပဲလေ။ သက်ဆိုင်ရာတွေနဲ့ အန်ကယ်တို့က သဟဇာတဖြစ်ချင်တဲ့အတွက်ကြောင့်၊ တိုင်းပြည်မှာ အေးအေးဆေးဆေးနဲ့ နိုင်ငံရေး ထွက်ပေါက်တခုကိုရချင်လို့ တောင်းထားတာကိုး။ ဒါပေမယ့် နိုင်ငံတကာအခြေအနေမှာ အခုဖြစ်နေတဲ့အနေအထားတွေက နိုင်ငံတကာက မြန်မာ့အရေးကိစ္စကို ပိုပြီးတော့ စိတ်ဝင်တစားရှိလာတဲ့ အခါကြောင့်မို့လို့ ဒီနှစ်ကုန်တဲ့အထိတော့ ဒီဇင်ဘာ (၃၁) ရက်ကျော်တဲ့အထိတော့ အန်ကယ်တို့ မလွဲမသွေ စောင့်ဖို့လိုတယ်။ စောင့်ပြီးတဲ့အခါမှာ ဖြစ်ပေါ်တိုးတက်မှု အသစ်တွေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးအခြေအနေတွေကို အန်ကယ်တို့ ဖန်တီးခွင့်ရကောင်းရလာနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေထားပြီးတော့ စောင့်ကြည့်ဖို့တော့ လိုနေ သေးတယ်လို့ ယူဆတာပါ။

မေး။ ။ အခုနှစ် ဒီဇင်ဘာလကုန်အထိ စောင့်ကြည့်မယ်ဆိုတာက ယူအန်အထွေထွေအတွင်းရေးမှူးကို မြန်မာနိုင်ငံသွားခိုင်းပြီးတော့ နအဖက နိုင်ငံရေးအကျဉ်းသားတွေအကုန်လုံးလွှတ်ပေးဖို့အတွက် ကြိုးစားပေးဖို့ တောင်းဆိုနေကြတဲ့ကိစ္စတွေနဲ့ရော ဆက်စပ်မှုရှိလား အန်ကယ်။

ဖြေ။ ။ အဲဒါကတော့ ဆက်စပ်ကို ဆက်စပ်ပြီးတော့ ထားရမယ့်သဘောရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနိုင်ငံထဲမှာ ဘယ်လောက်ပဲ ၂၀၁၀ election ကိစ္စကို ပြောနေပြောနေ၊ လက်ရှိလောလောဆယ်မှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်က ရှိနေသေးတယ်။ အစိုးရကနေ တရားဝင် ပစ်ပယ်ပါတယ်ဆိုပြီးတော့ ဥပဒေထုတ်ပြီးတော့ကာ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကို ကျုပ်တို့အစိုးရကနေပြီးတော့ ဖျက်သိမ်းလိုက်ပြီလို့ ကြေညာထားခြင်းမရှိသေးပါဘူး။ နောက်ပြီးတော့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေအရလည်းပဲ ယနေ့အထိ တည်ဆဲရှိနေသေးတယ်။ အဲဒီတော့ ဒီဟာတွေကို ကျော်လွှားပြီးတော့ကာ အန်ကယ်တို့က စဉ်းစားလို့ မဖြစ်ပါဘူး။ တဘက်ကနေပြီးတော့ကာ ၂၀၁၀ ရွေးကောက်ပွဲကို မလွှဲမသွေ လုပ်မယ် ပြောနေပင်ပြောနေညားသော်လည်းပဲ ဒီဘက်မှာ ရှိနေတဲ့ ရွေးကောက်ပွဲရလဒ်ဟာ ပျက်စီးမသွားသေးဘူး။ ရွေး ကောက်ပွဲကထွက်ပေါ်လာတဲ့ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်တွေလည်း ရှိနေတဲ့အခါမှာ၊ ကိုယ့်ကိစ္စကိုယ်လုပ်ဖို့ပဲ ရှိတယ်လေ။ ဆန္ဒစောပြီးတော့ ဟိုဟာဖြစ်မယ်။ ဒီဟာဖြစ်မယ် ပြောစရာမလိုသေးဘဲနဲ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်နေ့ပြီးတဲ့အခါမှာ နိုင်ငံတကာကနေပြီးတော့ လိုလားတဲ့၊ မြန်မာ့နိုင်ငံအရေးကို ပါဝင်ပတ်သက်ချင်တဲ့ ကိစ္စ ၀ိစ္စတွေပြတ်သွားတဲ့အခါမှာ ဖြူသလား မဲသလားဆိုတာ ပေါ်လာလိမ့်မယ်။ ပေါ်လာတဲ့အခါမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့ဆက်ပြီးဘာတွေလုပ်သင့်တယ်၊ ဘာတွေလုပ်မလဲဆိုတဲ့ မေးခွန်းတွေကို အဖွဲ့ထဲမှာစပြီးတော့ ဖြေဖို့ လိုပါလိမ့်မယ်။ ပြီးတဲ့အခါကျမှသာလျင် publicise လုပ်ရမှာဖြစ်တဲ့အတွက် ကြိုပြောလို့မဖြစ်ပါဘူး။

မေး။ ။ ကုလသမဂ္ဂက မြန်မာနိုင်ငံအရေးလုပ်နေတဲ့ နှစ်ပေါင်း (၂၀) လောက်အတွင်းမှာ ဒီနေ့အထိ ထိထိရောက်ရောက် မကူညီနိုင်တာ ကျနော်တို့တွေ့ရပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် ကုလသမဂ္ဂအပေါ်မှာ မျှော်လင့်ချက်အများကြီးထားတဲ့ကိစ္စ လက်တွေ့ကြနိုင်ပါ့မလား။ အန်ကယ် ဘယ်လိုများ မြင်ပါသလည်းခင်ဗျာ။

ဖြေ။ ။ ကုလသမဂ္ဂဆိုတာတော့ အစိုးရအဖွဲ့အစည်းမဟုတ်ပါဘူး။ အစိုးရများက စေလွှတ်ထားတဲ့ သံတမန်များစုပြီးတော့ကာ လုပ်ကိုင်နေရတဲ့အဖွဲ့အစည်းဖြစ်တော့ ကုလသမဂ္ဂဟာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာအတွင်းကို ထိုးဖောက်ဝင်ရောက်ဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ သို့သော်လည်းပဲ ကုလသမဂ္ဂဟာ နိုင်ငံတနိုင်ငံမှာ လုပ်နေတဲ့ လုပ်ဆောင်မှုတွေဟာ မှားတယ် မှန်တယ်ဆိုတာတော့ ထောက်ပြဝေဖန်နိုင်သလို၊ ဒေသအတွင်းမှာ သက်ဆိုင်ရာ နိုင်ငံတွေဟာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်နေပြီဆိုရင်တော့ ၀င်ရောက်စွက်ဖက်ခွင့်ရှိရမှာဖြစ်ပါတယ်။ အဲဒီတော့ ကုလသမဂ္ဂကို အများကြီးမျှော်လင့်လို့မရပါဘူး။ လုံးဝ မမျှော်လင့်ပဲ နေလို့လည်း မရပါဘူး။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ corner stone ဆိုပြီးတော့ အတိအလင်းထုတ်ပြန်ထားတဲ့အတွက် မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်ရဦးမှာဖြစ်ပါတယ်။ အပြည့်အ၀ဆောင်ရွက်သလား၊ တ၀က်တပိုင်းဆောင်ရွက်သလား၊ ဟန်ပြဆောင်ရွက်သလားဆိုတာလည်း ကြည့်ရမှာဖြစ်ပါတယ်။ အပြည့်အ၀ဆောင်ရွက်ပြီဆိုရင် အတော်အတန် မျှော်လင့်ချက် ပြည့်ပြည့်၀၀နဲ့ဖြစ်လာနိုင်စရာအကြောင်းရှိပါတယ်။

နောက်ပြီးတော့ အန်ကယ်တို့အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ good offices ကနေပြီးတော့ကာ အခု ၀င်ရောက်ပြီးတော့ ပါဝင်ပူးပေါင်းဆောင်ရွက်နေတာဟာ အတိုင်းအတာတခုအထိ ရှေ့ကိုမတိုးနိုင်ဘူးဆိုရင် လုံခြုံရေးကောင်စီလိုနေရာမျိုးကနေပြီးတော့ကာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို အမျိုးသားသင့်မြတ်ရေးအခြေခံနဲ့ ရှေ့ကို ဆက်သွားနိုင်အောင်တွန်းအားပေးတဲ့ ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေ ပြတ်ပြတ်သားသား တိတိကျကျနဲ့ good offices ကို ပံ့ပိုးပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ဟာတွေဟာ ပြေလည်သွားစရာရှိတယ်လို့ပဲ မျှော်လင့်နိုင်ပါတယ်။

မေး။ ။ စောစောက ပြောသွားတဲ့ အထူးကြေညာချက်အမှတ် (၁၈) နဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း လက်ခံကြတယ်ဆိုတာ စီအာပီပီ အဖွဲ့ဝင်တိုင်းရင်းသားတွေလို့ ကျနော်တို့နားလည်ပါတယ်။ အခုလ (၄) ရက်နေ့က အန်ကယ်ရယ်၊ ဦးဝင်းတင်ရယ်ကို စီအာပီပီမှာ အဖွဲ့ဝင်အဖြစ် လက်ခံတဲ့နေ့မှာပဲလို့ နားလည်ထားပါတယ်။ ဆိုတော့ နအဖက အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအသစ်ကို ပြန်သုံးသပ်ဖို့ လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုတာက အရင်က အန်အယ်လ်ဒီက တောင်းဆိုတဲ့ ၉၀ ပြည့် ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုတာနဲ့ ကွာခြားမှုရှိပါသလား။

ဖြေ။ ။ ဒါကတော့ ရှင်းပါတယ်။ လွှတ်တော်ခေါ်ပေးဖို့တောင်းဆိုတာဟာ အခြေခံဥပဒေမှာ ပါနေတဲ့ democratic မဖြစ်တဲ့ အပိုဒ်တွေကို ပြန်လည် ညှိနှိုင်းသုံးသပ်ကြဖို့ တပ်မတော် ကိုယ်စားလှယ်များအပါအ၀င်၊ ဥပဒေပညာရှင် များအပါအ၀င်၊ democratic အင်အားစုများအပါအ၀င်ကနေ ၀ိုင်းဝန်းပြီးတော့ လွှတ်တော်ခေါ်ယူပြီးသုံးသပ်ဖို့ တောင်ဆိုထားတာဖြစ်လို့ လွှတ်တော်ခေါ်ယူခြင်းဟာ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့အတွက် ခေါ်ယူပေးဖို့ တောင်းဆိုဖြင်းသာဖြစ်တယ်ဆိုတာ ထင်ရှားနေပြီးဖြစ်ပါတယ်။ အဲဒီလိုခေါ်ယူခြင်းအားဖြင့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိုလည်း ဂုဏ်ပြုရာရောက်ပြီးတော့ကာ တကယ်လို့ ညီညွတ်သွားပြီဆိုရင် ၉၀ ပြည့်နှစ် ရလာကို သိက္ခာရှိစွာ အဆုံးသတ်နိုင်မယ့် သဘောဖြစ်ပြီးတော့ ရှေ့နိုင်ငံရေးခရီးက ပွင့်လင်းသွားမယ်ဆိုတဲ့ မျှော်မှန်းချက်တွေနဲ့ ဒီကြေညာချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်။ ဒါဟာ တဖက်သတ်လုပ်မယ်ဆိုတဲ့ သဘောမဟုတ်ဘဲနဲ့ အစိုးရနဲ့ ပူးတွဲပြီးတော့ သဟာဇာတဖြစ်မယ့်လမ်းကြောင်းတခုကို ရနိုင်လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံပေါ်ကနေ တောင်းဆိုထားတဲ့ ကြေညာချက်ဖြစ်ပါတယ်။

မေး။ ။ တကယ်လို့ နအဖက အန်အယ်လ်ဒီ တောင်းဆိုတာကို လက်မခံဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဦးတည်ပြီး သူတို့လုပ်စရာရှိတာ ဆက်လုပ်သွားမယ်ဆိုရင်ရော ဘာတွေဖြစ်လာနိုင်မယ်လို့ အန်ကယ်ထင်ပါသလဲခင်ဗျာ။

ဖြေ။ ။ ဒါကတော့ ယေဘုယျသဘောထားပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၀င်တုန်းက ပြည်သူတွေကို ဒီမိုကရေစီ အခြေခံကျနစွာ ဒီမိုကရေစီ လူ့ဘောင်တရပ်ကို ဖော်ဆောင်နိုင်မယ်ဆိုတဲ့ ရွေးကောက်ပွဲ ကတိတွေနဲ့ ၀င်ခဲ့တာဖြစ်တယ်။ အဲဒီတော့ ဖြစ်ပေါ်လာတဲ့ အခြေခံဥပဒေတခုဟာ ပြည်သူတွေကို ကတိပေးထားတဲ့ ဒီမိုကရေစီ မကျနဘူးဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အနိုင်ရတဲ့ပါတီအနေနဲ့ ဒီမိုကရေစီ မကျနတဲ့ အခြေခံဥပဒေနဲ့ ပေါ်ပေါက်လာမယ့် ရွေးကောက်ပွဲကို အတူတကွ လိုက်ပါဖို့၊ လက်တွဲဖို့ဆိုတာ အင်မတန်မှ ခက်ခဲတဲ့ အခြေအနေပါ။ ဒါကြောင့်မို့လို့ အဲဒီအနေအထားကို ဖြတ်ကျော်နိုင်အောင် အခြေခံဥပဒေပါအချက်တွေမှာ ဒီမိုကရေစီပုံသဏ္ဌာန်မကျနတဲ့ဟာတွေကို နှစ်ဦးနှစ်ဘက် ကျေကျေလည်လည်နဲ့ အမျိုးသားသင့်မြတ်ရေးအခြေခံနဲ့ ပြင်ချင်ပါတယ်လို့ တောင်းဆိုထားတာဖြစ်တယ်။

မေး။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ကို ပထမဆုံးခြေလှမ်းအဖြစ်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်ဆိုပြီးတော့ နိုင်ငံတကာအသိုင်းအ၀န်း၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂကရော တောင်းဆိုတာတွေရှိပါတယ်။ ဒါပေမယ့် နအဖ က လွှတ်မပေးတဲ့အပြင် ဖမ်းဆီး၊ ထောင်ချ၊ ရပ်ဝေးတွေကို ပို့တာတွေ လုပ်နေပါတယ်။ အန်ကယ့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘယ်လောက်အရေးကြီးတယ်လို့ ယူဆပါသလဲခင်ဗျာ။

ဖြေ။ ။ ဒါကတော့ ဘယ်နိုင်ငံမှာမဆို အခြေခံဥပဒေအသစ်တခုနဲ့ အစိုးရအသစ်အုပ်ချုပ်မှုတရပ်ကို ဖန်တီးတော့မယ်ဆိုရင် အမျိုးသားညီညွတ်ရေးဟာ အင်မတန်ပဲ အရေးကြီးတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ အမျိုးသားညီညွတ်ရေးကြီးကို မတည်ဆောက်ဘဲနဲ့ အဲဒီအခြေခံဥပဒေတရပ်ကို လက်မခံတဲ့သူတွေကို ထောင်ထဲမှာ ဆက်ရှိနေပြီးတော့ အဲဒီရွေးကောက်ပွဲတရပ်ကို ကျင်းပမယ်ဆိုရင် တဖက်သတ်လုပ်တဲ့အလုပ်ပဲဖြစ်မှာပဲ။ အမျိုးသားအားလုံးပါဝင်ပတ်သက်တဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကြီးကို မခေါ်ဆောင်နိုင်ဘဲနဲ့ တဖက်သတ် ဇွတ်ဆွဲခေါ်တဲ့အလုပ်မျိုးကြီး ဖြစ်မှာပဲလို့ ပြောရမှာပဲ။ မြန်မာနိုင်ငံ ရဲ့အနေအထားကိုကြည့်ရင် ၄၈ ခုနှစ်တုန်းကလည်း အခြေခံဥပဒေနဲ့ ဖော်ဆောင်ပြီး ရွေးကောက်ပွဲ ကျင်းပခဲ့တာပဲ။ အဲဒီအချိန်တုန်းကလည်း အမျိုးသားညီညွတ်ရေးကို မရခဲ့လို့ ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေ ပေါ်လာပြီးတော့ ပြည်တွင်းစစ်ဖြစ်ခဲ့တာပဲ။ ၇၄ ခုနှစ် အခြေခံဥပဒေပေါ်လာတဲ့အခါလည်း အမျိုးသားညီညွတ်ရေးကို အပြီးအပိုင်မဖော်ဆောင်နိုင်တဲ့အခါမယ် တောထဲမှာ လက်နက်ကိုင်အဖွဲ့တွေ ဆက်ရှိနေတာပဲ။ အခုနောက်ဆုံးအကြိမ် အခြေခံဥပဒေကို အဲဒီလိုပဲရေးဆွဲဦးမယ်ဆိုရင် ပြည်တွင်းမှာရော၊ နယ်စပ်တွေမှာရော၊ မြေပေါ်မြေအောက်တွေမှာရော သဘောမတူတဲ့လူတွေ ချန်ထားပြီးတော့ကာ အခြေခံဥပဒေကို အသုံးချပြီးတော့ ရွေးကောက်ပွဲကျင်းပဦးမယ်ဆိုရင် နိုင်ငံရေးတည်ငြိမ်မှုရပါ့မလား၊ စီးပွားရေးတိုးတက်မှုတွေကို ဖန်တီးနိုင်ပါ့မလား၊ လူမှုရေးညီမျှမှုတွေကို ဖော်ဆောင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေကို အားလုံးက မိမိကိုယ်မိမိပြန်မေးကြည့်ရင် အဖြေပေါ်လာမှာဖြစ်ပါတယ်။


No comments: