Thursday, December 25, 2008

သန်းရွှေ နိုင်ငံခြားရေး မူဝါဒ

အောင်ဇော်

မြန်မာပြည်ကို ဗိုလ်ချုပ်ကြီး နေဝင်း စတင် အုပ်စိုးသည့် ၁၉၆၂ ခုနှစ်မှစ၍ ဘက်မလိုက် နိုင်ငံခြားရေး ဝါဒကို ကျင့်သုံးလာခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် တွင်လည်း “တက်ကြွ လွတ်လပ်သည့် နိုင်ငံခြားရေး ဝါဒကို” ချမှတ် ကျင့်သုံးနေသည်ဟု ဖော်ပြလေ့ရှိသည်။

အမေရိကန်နှင့် အနောက်နိုင်ငံများက စစ်ဗိုလ်ချုပ် အကြီးအကဲများ ၎င်းနိုင်ငံများသို့ သွားရောက်ခွင့်၊ ပြည်ဝင်ခွင့်များ အပါအဝင် တဦးခြင်း ပစ်မှတ်ထားကာ စီးပွားရေး ပိတ်ဆို့မှုများ လုပ်ခဲ့ချိန်တွင် စစ်အစိုးရကအိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး ပိုမို ဖော်ရွေ ပျူငှာလာသည်ကို တွေ့မြင်ရသည်။ ၎င်းအခြေအနေကို ကြည့်ခြင်းဖြင့် စစ်အစိုးရ၏ ကြားနေ နိုင်ငံခြားရေး မူဝါဒ၌ အကန့် အသတ်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ မြန်မာပြည်သို့ လာရောက်တိုင်း တွေ့ဆုံရန် ငြင်းဆိုခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ယခုလဆန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျဲချိ လာရောက်စဉ်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြောင်း မြင်တွေ့ကြရသည်။ ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံ အပြီးကလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို တရုတ်ပြည်သို့ အထူးကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့သေးသည်။

ဤသည်ကိုကြည့်ခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရသည် ၎င်း၏ မိတ်ဆွေ ပေါက်ဖော်ကြီးကို မည်မျှအားကိုးကြောင်း တွေ့ရှိနိုင်သည်။

မြန်မာ့စစ်ခေါင်းဆောင်များနှင့် ပေါက်ဖော်ကြီးတို့ ဆက်ဆံရေးမှာ အဆင်ပြေသည်ဟု ထင်စရာ ရှိသော်လည်း တောက်လျှောက်ချောမွေ့ခဲ့သည်တော့ မဟုတ်ပေ။ အတိအကျ ဆိုရလျှင် ၁၉၆၀ မှ ၇၀ ဝန်းကျင်ကာလ များအထိ တရုတ်နိုင်ငံအစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ကူညီထောက်ပံ့ခဲ့ဖူးသည်။

ထိုစဉ်က တိုင်းပြည်ကို ချယ်လှယ်နေသော ဦးနေဝင်းကို “ဖက်ဆစ်ကြီး” ဟု အမည်ပေးကာ ရေဒီယိုပေကျင်း အသံလွှင့်ဌာနမှ တကြော်ကြော်အော်၍ ဖြုတ်ချရန် ကြိုးပမ်းနေသည့်တိုင် ၎င်းမှာ တရုတ်နိုင်ငံသို့ အကြိမ် ကြိမ်သွား၍ တရုတ်ခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံ၍ ဆက်ဆံရေးကို ကြိုးပမ်း တည်ဆောက် ယူခဲ့သည်။

၁၉၇၀ မှ ၈၀ ဝန်းကျင်အချိန်များတွင် ဦးနေဝင်းက နောက်တန်းမှ တရုတ်နှင့် ဆက်ဆံရေး ပြေပြစ် အဆင်ပြေရေးအတွက် အားသွန် ကြိုးပမ်းနေစဉ် တဘက် ရှေ့တန်းစစ်မျက်နှာ၌ ဗိုလ်သန်းရွှေနှင့် တခြားသော စစ်ဗိုလ်များက တရုတ်အစိုးရ ထောက်ပံ့ပေးထားသော ဗမာပြည်ကွန်မြူနစ်ပါတီကို အကြီးအကျယ် တိုက်ခိုက်ချေမှုန်းလျှက် ရှိသည်။

ယနေ့အချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီလည်း မရှိတော့။ တရုတ် အစိုးရသည်လည်း ၁၉၈၈ ခုနှစ် စက်တင်ဘာမှစ၍ ကမ္ဘာ့အရက်စက်ဆုံး အစိုးရကို စီးပွားရေးအကူအညီများ ထောက်ပံ့ပေးနေခဲ့ရာ တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်မှုပမာဏမှာ ယခုဆိုလျှင် အမေရိကန်ဒေါ်လာ ၁. ၅ ဘီလျံထိ တိုးတက် များပြားလာပြီဖြစ်ကြောင်း တွေ့ရသည်။

ယခုအခါ တရုတ်အစိုးရက ၂၀၀၉ ခုနှစ်အတွင်း စစ်တွေနှင့် ယူနန်ကို ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် အထိ စီစဉ်ပြီး ဖြစ်နေပြီ။ ၎င်းဓာတ်ငွေ့ပိုက်လိုင်းအတွက် တရုတ်အစိုးရ၏ CNPC ရေနံကုမ္ပဏီက အမေရိကန် ဒေါ်လာ ၂. ၅ ဘီလျံ အကုန်အကျခံ စိုက်ထုတ်ပြီး ရှယ်ယာ ၅၀. ၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကာ မြန်မာပိုင် ရေနံကုမ္ပဏီ MOGE က ကျန်သည့် ရာခိုင်နှုန်းရှယ်ယာ ပါဝင်မည်ဖြစ်သည်။

တရုတ်အစိုးရသည် မြန်မာပြည်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သည်နှင့် တပြိုင်နက်တည်း နယ်စပ်ဒေသရှိ လက်နက်ကိုင်ထကြွမှုများကိုလည်း ငြိမ်ဝပ်စေချင်သည့် အနေအထားရှိသည်။

ယခင်က တရုတ်ပြည်ဖြစ် စစ်လက်နက်ပစ္စည်းများ အရည်အသွေး ညံ့ဖျင်းသည်ဟု ညည်းညူခဲ့ကြသော မြန်မာစစ်ခေါင်းဆောင်များသည် ယခုအခါ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မိသားစု၏ တောင်းဆို မှုများကို ဗီတိုအာဏာ သုံးကာ ပယ်ချပေးနေသည့် တရုတ်အစိုးရကို ကျေးဇူး အထပ်ထပ် တင်နေပြီ ဖြစ်သည်။

မြန်မာစစ်အစိုးရကို စီးပွားရေးအရ ကူညီမှုများပေးနေသည့်တိုင်အောင် တိုးတက်မှု ရှိမလာသည့် အပေါ် တရုတ်အစိုးရက သံသယဝင်လျှက်ရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မရှိတော့သည့်နောက်ပိုင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်အခြေအနေကို လေ့လာ စောင့်ကြည့် နေခြင်းသာဖြစ်သည်။

တရုတ်အစိုးရက နှစ်ပေါင်း ၂၀ ခန့် ကူညီမှုများ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုခဲ့သော်လည်း မြန်မာပြည်ကြီးမှာ ချွတ်ခြုံကျနေပေရာ ၎င်းတို့အနေနှင့် စစ်အစိုးရ သက်ဆိုးရှည်ရေးအတွက် အလုပ်အကြွေး ပြုနေသကဲ့သို့ ဖြစ်နေ၏။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် မြန်မာပြည် နိုင်ငံခြားရေး မူဝါဒကို ပြန်လည်လေ့လာမည် ဆိုပါလျှင် အလျဉ်းသင့်သလို ရွေးချယ်ပေါင်းသင်းရေး မူဝါဒ ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကြာခဏ ပြောဖူးသည့် စကား ရှိပါသည်။ ၎င်း၏ဘက်တွင် တရုတ်၊ ရုရှားနှင့် အိန္ဒိယ ကြီးသုံးကြီးတို့ကသာ ထောက်ပံ့ပေးနေပါက စစ်အစိုးရရပ်တည်နိုင်မည်ဟု ယုံကြည်သည် ဟူ၍ဖြစ်၏။ ထို ကြီးသုံးကြီး တွင် တရုတ်က အရေးအကြီးဆုံးဟု ဆိုရမည်ဖြစ်သည်။

လတ်တလောကာလတွင် စစ်ဗိုလ်ချုပ်ကြီးများက မိတ်သစ် ဆွေသစ်များ၊ ဈေးကွက်သစ်များနှင့် စီးပွားရေး အရ ပူးပေါင်းဆောင်ရွက်မှု အသစ်များ ရှာဖွေလာသည်ကိုတွေ့ရသည်။

ယခုလအတွင်း ကူဝိတ်တွင် သံရုံးဖွင့်လိုက်ပြီ။ ကူဝိတ်ဝန်ကြီးချုပ်က သြဂုတ်လအတွင်း မြန်မာပြည်သို့ လာကာ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုး လိုက်ပြီဖြစ်သည်။ ထို့ပြင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မောင်မြင့်ကို ကူဝိတ်သို့ အလည်အပတ် စေလွှတ်ကာ ကူဝိတ်တွင် အခြေချဆောင်ရွက်နိုင်မည့် စီးပွားရေးအခြေအနေများကို လေ့လာစေခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ ယခုတကြိမ်က မြန်မာပြည်အတွက် ပထမဆုံး မဟုတ်ပေ။ ၂၀၀၆ ခုနှစ်ကလည်း အီရန်နိုင်ငံ၏ စွမ်းအင် ဒုဝန်ကြီးက မြန်မာပြည်သို့ လာလည်သွားခဲ့ သေး၏။

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းကတော့ မြန်မာပြည်စစ်အစိုးရနှင့် မြောက်ကိုရီးယားတို့၏ သံတမန် ဆက်ဆံရေးကို ပြန်လည်မြင်တွေ့ကြရသည်။ တောင်ကိုရီးယားသမ္မတနှင့်အဖွဲ့ ရန်ကုန် အာဇာနည် ကုန်းတွင် ဗုံးခွဲတိုက်ခိုက် ခံရပြီး နောက်ပိုင်း ၂ နိုင်ငံအစိုးရတို့ ဆက်ဆံရေး အခြေအနေ တန်းသွားခဲ့ရာ ယခုကဲ့သို့ နှစ်ပေါင်း ၂၀ ကျော်ကြာမှ ဆက်ဆံရေး ပြန်လည် စတင်လာခြင်းဖြစ်သည်။

၎င်း ၂ နိုင်ငံ တရားမဝင်လျှို့ဝှက်စွာ ပြန်လည်ဆက်ဆံခဲ့သည်မှာတော့ ကြာခဲ့ပြီဖြစ်သည်။ မြန်မာအစိုးရက မြောက်ကိုရီးယားမှ လက်နက်များ ဝယ်ယူခဲ့သည့်ပြင် တခြားအတည်ပြုချက် မရနိုင်သေးသည့် စစ်ရေးဆိုင်ရာ ပူးပေါင်းမှုများကြောင့် “ဝင်ရိုးစွန်း” ၂ နိုင်ငံ၏ ဆက်ဆံရေးကို စောင့်ကြည့်သည့်နိုင်ငံများ ရှိခဲ့သည်မှာ ယခုထိပင်ဖြစ်သည်။

အထက်ပါအချက်များကို ပြန်လည်သုံးသပ်မည် ဆိုပါလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် နိုင်ငံတကာ၌ ပါးနပ်စွာ မိတ်ဆွေသစ်များ ရှာဖွေနေသည်ကို တွေ့နိုင်သည်။

စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ ဦးနေဝင်း အစိုးရလက်ထက်က တိုင်းပြည်ကို တံခါးပိတ်ဝါဒ ကျင့်သုံးစေခဲ့သော်လည်း ၎င်း၏ မိသားစုများ၊ ဝန်ကြီးများမှာ အနောက်နိုင်ငံများသို့ အတွင်သွားနေခဲ့ခြင်း ဖြစ်သည်။ အနောက်နိုင်ငံများမှ အထောက်အပံ့များစွာ ရရှိခဲ့သည်။ ပြည်သူလူထုနှင့် တိုင်းပြည်ကို တံခါးပိတ် ထားခြင်းဖြစ်ပြီး ၎င်းမိသားစုနှင့် အစိုးရအဖွဲ့က အနောက် နိုင်ငံများနှင့် ကူးလူးဆက်ဆံရေးများ ကောင်းခဲ့ပြီး အကူအညီများစွာ ရခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ဦးနေဝင်း၏ လက်အောက်မှ စစ်ဗိုလ်ချုပ် အတော်များများ အမေရိကားနှင့် အင်္ဂလန်တို့တွင် စစ်ရေးနှင့်ပတ်သက်၍ ပညာသင်ကြားဖူးသည်ချည်း ဖြစ်သည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက်ဟု ဆိုကာ အမေရိကန်က ထောက်ပံ့သော ရဟတ်ယာဉ်များ၊ အမ် ၁၆ အော်တိုမက်တစ် ရိုင်ဖယ် သေနတ်များ ပံ့ပိုးပေးခဲ့ရာတွင် ဦးနေဝင်းအစိုးရက ၎င်း အထောက်အပံ့ ပစ္စည်းများ ကို မူးယစ် နှိမ်နင်းရာတွင်သာမကဘဲ တိုင်းရင်းသားများကို နှိမ်နင်းရာတွင်ပါ သုံးခဲ့သည်။

ထိုကဲ့သို့သော အနောက်နိုင်ငံများ၏ ကူညီထောက်ပံ့မှုကြောင့်ပင်လျှင် စစ်အစိုးရ သက်ဆိုးရှည်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာပြည်သို့ လာလည်ကြသော နိုင်ငံခြားတိုင်းပြည်များမှ ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်သည့် မြင်ကွင်းကို မြင်ရတိုင်း ပြည်သူလူထုကို နှိပ်စက်ညှဉ်းပန်းသော ဆိုးရွားလှသည့် အစိုးရကို အာဏာမြဲအောင် လိုလိုလားလား ကူညီနေခြင်းသာ ဖြစ်ပြီး ပြည်သူလူထုကို ဆင်းရဲမြဲ ဆင်းရဲနေအောင် ဝိုင်းဝန်းဖိနှိပ်နေခြင်းဖြစ်သည်ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

တချို့သော မြန်မာ့နိုင်ငံရေး လေ့လာသူတို့က စစ်အစိုးရကို အနောက်နိုင်ငံများက ပူးပေါင်း ဆောင်ရွက် သင့်သည်၊ စီးပွားရေးပိတ်ဆို့မှု ရပ်တန့်သင့်သည်ဟု ပြောကြသည်။ စစ်အစိုးရနှင့် ပူးပေါင်းမည်ဆိုလျှင်တော့ မြန်မာပြည်သူ လူထုက ချွတ်ခြုံကျမြဲကျကာ စစ်အစိုးရက ၎င်းဆက်ဆံရေးများအကြား အကျိုးဖြစ်ထွန်း လာမှာ သေချာလှသည်။


No comments: