ရိုးမ ၃
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးတွင် ပြဌာန်းထားသည့် လူ့အခွင့်အရေးပါ အချက်များကို ကမ္ဘာ့နိုင်ငံအများစုက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ကြေညာစာတမ်းကြီး အတည်ပြုသည့် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သည့် နိုင်ငံအဖြစ် ရောက်ရှိခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခု ဖြစ်လာ၍ အဆိုပါနှစ်မှာပင် လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံဖြစ်သည်။
လူ့အခွင့်အရေး ကြေညာစာတမ်းကြီးသည် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် အနှစ် (၆၀) ပြည့်မြောက်ခဲ့သကဲ့သို့ မြန်မာနိုင်ငံက အဆိုပါ စာတမ်းကြီးတွင် ပြဌာန်းထားသည် အချက် (၃၀) ပါ လူ့အခွင့်အရေးများကို လိုက်နာရန် လက်မှတ်ရေးထိုးခဲ့သည်မှာလည်း အနှစ် (၆၀) တိုင်ခဲ့ပြီဖြစ်သည်။
ထိုအနှစ် (၆၀) အတွင်း မြန်မာနိုင်ငံမှ အုပ်စိုးသူ အစိုးရအဆက်ဆက်နှင့် မြန်မာပြည်သူများ လူ့အခွင့်အရေးကို နားလည်ပြီး ဤအခွင့်အရေးတွေကို တကယ်ပဲ ပြည့်ပြည့်ဝဝ ခံစားနေကြရပါပြီလား၊ လက်ရှိ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ပြည်သူလူထု မည်သို့သော အခြေအနေများနှင့် ရင်ဆိုင်နေကြရပါသလဲ စသည်များကို သိရှိနိုင်ရန် မြန်မာပြည်အတွင်း လူ့အခွင့်အရေးလုပ်ငန်းများကို (၄) နှစ်ကျော်ကြာ လှုပ်ရှားဆောင်ရွက်နေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်မှ ကိုစောဗန်ကူးကို ရိုးမ ၃ က ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါသည်။
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) စတင်ဆောင်ရွက်ခဲ့ပုံနဲ့ ယခု ၂၀၀၈ ခုနှစ်အထိ ကိုစောဗန်ကူး ပါဝင်လုပ်ဆောင်ချက်လေးတွေကို အကျဉ်းချုပ် ပြောပြပေးပါ။
၂၀၀၄ ခုနှစ်၊ မေလ (၃၀) ရက်နေ့မှာ ရန်ကုန်မှာ လူငယ် (၃၅) ဦးနဲ့အတူ ကျနော်တို့ လူ့အခွင့်အရေး ကြေညာစာတမ်းတွေကို ဝေငှခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာ ကျနော်ကိုယ်တိုင်လဲ ဘိုကလေးမြို့ပေါ်ကို သယ်ဆောင်လာပြီးတော့ လူ့အခွင့်အရေးကို စိုက်လိုက်မတ်တပ် ဆောင်ရွက်ခဲ့တယ်၊ (၈.၈.၀၄) နဲ့ (၈.၁၅.၀၄)၊ (၃၀.၈.၀၄) နေ့တွေမှာ ဒီလူ့အခွင့်အရေးတွေကို လူတိုင်းသိရှိနိုင်ဖို့ စာရွက်စာတမ်းတွေကို ဘိုကလေးမြို့နယ်အတွင်းနဲ့ အမာမြို့နယ်ခွဲ၊ ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာတွေမှာ ကျနော်တို့ ပေးဝေခဲ့တယ်။
၂၀၀၅ ဒီဇင်ဘာ (၁၀) ရက်မှာ ကျနော်တို့ အကျဉ်းရုံးပြီး ဘိုကလေးမြို့ မဟာဝိသုဒ္ဒါရာမမှာ လူ့အခွင့်အရေးနေ့ကို “လူ့အခွင့်အရေးဆိုတာ လူသားအားလုံးအတွက် ဖြစ်တယ်၊ မင်းနဲ့ငါ လူဖြစ်တဲ့အတွက် လူ့အခွင့်အရေးကို လေးစားဆိုပြီး ရေးထားတဲ့ ကဗျာလေးတွေပါတဲ့ စာအုပ်တွေကို ကျောင်းက ကိုယ်တော်လေးတွေကို ဝေလိုက်တယ်၊ နောက် ၂၀၀၆ မှာ လူ့အခွင့်အရေးလုပ်ငန်းတွေကို ကျနော်တို့ ကိုမြင့်အေး၊ ကိုမောင်မောင်လေး၊ အခု ထောင်ထဲရောက်နေတဲ့သူတွေက ကိုယ့်ဒေသတွေမှာကိုယ် ဆောင်ရွက်ကြတယ်၊ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့မှာ ဘိုကလေးမြို့မှာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို မြန်မာပြည်တပြည်လုံးအတိုင်းအတာနဲ့ ဖိတ်ကြားပြီး ဆောင်ရွက်နိုင်ခဲ့တယ်၊ (၂၀၀၇) ဒီဇင်ဘာ (၁၀) ရက်နေ့မှာ ရန်ကုန်မြို့မှာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကျနော်တို့ ကျင်းပနိုင်ခဲ့တယ်၊ ၂၀၀၈ ခုနှစ်မှာတော့ အခြေအနေအမျိုးမျိုးအောက်မှာ ဒီဇင်ဘာ (၉) ရက်နေ့ကပဲ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အကြိုပေါ့လေ ကျနော်အပါအဝင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေ စုပြီး မြန်မာပြည်တွင်း လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲလေး လုပ်ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုတာကို မြန်မာပြည်သူတွေကြားမှာ နားလည်သဘောပေါက်လာအောင် (HRDP)အဖွဲ့အနေနဲ့ ဘယ်လိုတွေ လုပ်ဆောင်ခဲ့ပါသလဲ၊ အဲဒီအခြေအနေလည်း သိပါရစေခင်ဗျာ။
လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ ၂၀၀၇ ဖေဖော်ဝါရီလ (၉) ရက်နေ့မှာ ရခိုင်ပြည်နယ်ခရီးစဉ်ကို ထွက်တယ်၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ စစ်တွေ၊ သံတွဲမြို့တွေမှာ လူ့အခွင့်အရေး ပညာပေးဆွေးနွေးမှုတွေကို လုပ်ခဲ့တယ်၊ တောင်ကုတ်ဒေသမှာတော့ ဆားပြင်၊ ထူးရွှေမော်၊ ကျော်ကိုင်း၊ ရန်မျိုး အဲဒီဘက်တွေမှာပါ ဆောင်ရွက်ခဲ့တယ်။
၂၀၀၇ မတ်လ (၁ရ) ရက်နေ့မှာ ပဲခူးတိုင်းအနောက်ခြမ်း ပြည်၊ ဇီးကုန်း၊ နတ္တလင်း၊ မင်းလှဘက်တွေမှာ ကျနော်တို့ သုံးရက်ခရီးနဲ့ ဆောင်ရွက်ခဲ့တယ်၊ အဲနောက် April မှာ ကိုမြင့်အေးတို့သွားတာ ဟင်္သာတမှာ ကိုမောင်မောင်လေးနဲ့ ကိုမြင့်လှိုင်တို့ အရိုက်ခံခဲ့ရတယ်၊ အဲဒီနောက်ပိုင်းမှာ ကျနော်တို့လုပ်ငန်းတွေ နည်းနည်းလေး ရပ်ဆိုင်းလိုက်ရတယ်၊ ရပ်ဆိုင်းလိုက်တာက ဒဏ်ရာရတဲ့သူတွေလောက်ပါပဲ၊ ကျန်တဲ့သူတွေက မေလထဲမှာ ကိုအောင်ကျော်စိုး၊ ကိုမောင်မောင်လေးတို့ ပြည်မှာ (HR)ကိစ္စတွေ သွားရောက်လုပ်ကိုင်တဲ့အခါကျတော့ သူတို့ ပြန်လာပြီးနောက်မှာ ပြည်မြို့က လူ့အခွင့်အရေးအင်အားစုအချို့အဖမ်းခံကြရတယ်၊ ၂၀၀၇ ဒီဇင်ဘာ (၁၀) နေ့မှာ ရန်ကုန်မှာ လူ့အခွင့်အရေးနေ့အခမ်းအနားကို ကျင်းပနိုင်ခဲ့တယ်၊ ကြားကာလတွေမှာက ဒေသန္တရအတွင်းမှာ ရှိနေတဲ့သူတွေက လူ့အခွင့်အရေး ပညာပေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်နေနိုင်တယ်ဆိုတာတော့ သေချာပါတယ်၊ ၂၀၀၇ စက်တင်ဘာနောက်ပိုင်းမှာတော့ လူတွေက နည်းနည်းတော့ အားလျော့သွားတယ်၊ ၂၀၀၈ မေလလောက်မှာ လူအင်အားတွေ တော်တော် ဆုတ်ယုတ်သွားတော့ ကျနော်တို့ ကိုမြင့်အေးတို့က တော်တော်လေးကို တွန်းအားပေးလုပ်ရတယ်။
(HRDP)ရဲ့ လေးနှစ်တာကာလအတွင်း လူအခွင့်အရေးနဲ့ပတ်သက်လို့ အဓိက ဘာတွေ လုပ်ဆောင်နိုင်ခဲ့ပါသလဲ။
လေးနှစ်တာကာလတွင်းမှာ လူ့အခွင့်အရေးဆိုတာ ယခင်က ၂၀၀၃ ခုနှစ်လောက်အထိ လူ့အခွင့်အရေးဆိုတာ လူတွေက မသိကြဘူး၊ နောက်တခုက မြန်မာပြည်ထဲမှာရှိတဲ့ လူတွေ တော်တော်များများက လူ့အခွင့်အရေးဆိုတာ ရှိပါလားဆိုတာကို ပထမဆုံး သိအောင် ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံ ဒေသအတော်များများမှာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက် (၃၀) ကို ပြည်သူတွေသိအောင် ဆွေးနွေး လုပ်ဆောင်ပေးနိုင်ခဲ့တယ်၊ အဲလို လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာတွေကို မီဒီယာကသော်၎င်း၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကနေသော်၎င်း တဆင့် ကမ္ဘာ့ပြည်သူတွေအထိ သိအောင် လုပ်ပေးနိုင်ခဲ့တယ်၊ အဲလို လုပ်ငန်းစဉ်တွေ အမြောက်အများ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ (၂) ရက်နဲ့ (၃) ရက်နေ့တွေမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တယ်၊ အဲဒီမုန်တိုင်းသင့် ဒုက္ခသည်တွေကို (HRDP)အနေနဲ့ ဘယ်လိုကူညီမှုတွေ လုပ်ပေးနိုင်ခဲ့ပါသလဲ။
နာဂစ်မုန်တိုင်းခံရတော့ (HRDP)အနေနဲ့ တော်တော်လေးကို ဆောင်ရွက်နိုင်ခဲ့တယ်။ ကိုမြင့်အေးက သူ့ပတ်ဝန်းကျင်က လူတွေကို ကူညီတောင်းပြီး အကူအညီပေးရေးလုပ်ငန်းတွေကို တော်တော်လေးကို လုပ်ပေးတယ်၊ အဲဒီနောက်ပိုင်းမှာတော့ ဧရာဘက်မှာ ဝမ်းပျက်ဝမ်းလျောတွေဖြစ်လို့ လိုအပ်တဲ့ ဆေးဝါးတွေနဲ့ အိမ်သာ (၅) လုံး ဆောက်လုပ်ပေးခဲ့တယ်၊ ဘိုကလေးမြို့ပေါ်မှာတော့ အဝတ်အထည်တွေ ဝေတယ်၊ ဒေးဒရဲမြို့နယ်မှာဆိုရင် အဝီစိတွင်းတွေ တူးတယ်၊ စာသင်ကျောင်းတွေမှာ ဗလာစာအုပ် ဒါဇင် (၈၀၀) ကျော် ပေးဝေခဲ့တယ်၊ မော်လမြိုင်ကျွန်းမြို့နယ်ထဲမှ ကျေးရွာတရွာမှာ လိုအပ်ချက်အရ လယ်ထွန်စက်လေး (၁) လုံး ကူညီပေးထားတယ်၊ ယာယီ ကူညီပေးထားတယ်၊ ငပုတောမြို့နယ်ထဲက သင်္ဃန်းကုန်းနဲ့ ကညင်ငူကျေးရွာတွေမှာ (HRDP)အနေနဲ့ လယ်ထွန်စက်တွေ ပေးလှူထားတာ ရှိတယ်၊ ဒါတွေအားလုံဟာ ကိုမြင့်အေးဆီမှာ စာရင်းဇယားနဲ့တကွ အားလုံးရှိပါတယ်၊ အဲလို ကူညီတာတွေလုပ်နေရင်းနဲ့ ကိုမြင့်အေးဟာ (၈) လပိုင်းမှာ အဖမ်းခံရတာ၊ အဲတော့ ကျနော်တို့လုပ်ငန်းတွေ ထိခိုက်လာတဲ့အတွက် အလုပ်တွေ တော်တော်အေးလာတယ်၊ ကိုယ့်ဒေသမှာတော့ လုပ်သင့်တာတွေကို မနားဘဲ ဆက်လုပ်နေပါတယ်။
အဲဒီလို လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်တာတွေကို အာဏာပိုင်တွေဘက်က ဘယ်လိုသဘောထားခဲ့သလဲ၊ ဘယ်လိုနားလည်ခဲ့သလဲဆိုတာ သိပါရစေ။
၂၀၀၄ ခုနှစ်မှာ လူ့အခွင့်အရေး ကြေညာစာတမ်းတွေ ဝေခဲ့ပြီးတော့ ကျနော်တို့ ယာယီအားဖြင့် ထိန်းသိမ်းခံခဲ့ရတယ်၊ ခြေချုပ်အနေနဲ့ ထိန်းသိမ်းတာက သုံးရက်၊ အဲဒီတုန်းက မြို့နယ်မှူး ဦးကိုကိုနိုင်လက်ထက်မှာ ဒီဇင်ဘာလ (၅) ရက်နေ့ည၊ သန်းခေါင်ကျော် (၂) နာရီမှာ ကျနော်တို့ကို လာပြီး ဖမ်းဆီးခေါ်ဆောင်တယ်၊ ဟိုရောက်တော့ ကျနော်တို့ (၃၉၀) နဲ့ စွဲတယ်၊ အဲဒီကာလမှာ ကျနော်က အဲဒါနဲ့ ပါဝင်ပတ်သက်မှုမရှိဘူး၊ နောက် ဒီဇင်ဘာလ (၁၀) ရက်နေ့ လူ့အခွင့်အရေးနေ့မှာပဲ ထပ်အဖမ်းခံရတယ်။ အမာက ရဲတပ်ဖွဲ့တာဝန်ရှိသူ ကိုတင်ထွန်း၊ ကဒုံကနိရဲစခန်းက စိုးလှအောင်တို့က ပုံနှိပ်အက် (၁၇) နဲ့ ဖျာပုံအကျဉ်းထောင်မှာ လာပြီး တရားစွဲတယ်၊ (၂၀၀၅) ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ ကျနော် ပြန်လွတ်တယ်၊ အဲဒီမှာပဲ ရှေ့နေတွေရဲ့ မေးမြန်းမှုတွေအရပေါ့လေ ရဲဝန်ထမ်းတွေဟာ လူ့အခွင့်အရေးကို မသိဘူးဆိုတာ ထင်ရှားလာတယ်ပြောရမယ်။
ကိုစောဗန်ကူးပြောသွားတဲ့အထဲမှာ (HRDP)အဖွဲ့ဝင်တွေ ဖမ်းဆီးခံထားရတယ်ဆိုတာပါတော့ ဘာအကြောင်းနဲ့ ဖမ်းတာလဲ၊ ဘယ်နှယောက် အဖမ်းခံရသလဲ၊ သူတို့ကို အခု ဘယ်လိုစီရင်ချက်မျိုးတွေ ချမှတ်ခံထားရတယ်ဆိုတာလဲ ပြောပြပါဦး။
လက်ရှိအခြေအနေမှာ အဖမ်းခံထားရတာ (၂၇) ဦးကနေ (၃၅) ဦး အထိ ရှိနေပါတယ်၊ ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ အမြင့်ဆုံးပြစ်ဒဏ်က တကျွန်းနဲ့ (၈) နှစ်နဲ့ အနည်းဆုံးက (၈) နှစ်အထိ ရှိပါတယ်၊ သူတို့ ဖမ်းဆီးခံရတဲ့အခါကျတော့ (၁၇-၁)၊ (၁၃-၁) ဖောက်ခွဲရေးပုဒ်မတွေနဲ့ အဖမ်းခံရတယ်၊ ဒါဟာ အင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်။ သူတို့ပြောနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို သွားနေတယ်ဆိုရင် လူ့အခွင့်အရေးဆိုတာ ပန်းနဲ့ခေါင်းလိုပဲ ခွဲလို့မရတဲ့ ကိစ္စဖြစ်တယ်၊ လူ့အခွင့်အရေးကို လူတွေသိအောင်လုပ်တာ ဖောက်ခွဲရေးမှမဟုတ်တာ၊ သူတို့က ဖောက်ခွဲရေးအမြင်တွေနဲ့ ဒီလို စွပ်စွဲတယ်လို့ပဲ ပြောရမှာပဲ။
ဒီလူတွေဟာ ကျနော်တို့နဲ့အတူ သွားလာနေတာမှာ ကျနော်တို့အမြင်၊ အသိ၊ အတွေ့ သူတို့အားလုံးဟာ အလွန်သုခုမဆန်တယ်၊ အကြမ်းဖက်ကိစ္စကို ဘယ်တော့မှ ထည့်တောင်မစဉ်းစားမိကြဘူး။ ကျနော်တို့ လူ့အခွင့်အရေးသမားတွေဟာ အာဏာရရှိရေးမဟုတ်ဘူး၊ အာဏာဖြုတ်ချရေးမဟုတ်ဘူး၊ ကျနော်တို့က လူ့အခွင့်အရေးသိအောင်၊ လူ့အခွင့်အရေးသိလာရင် လူတိုင်းလူတိုင်း အပြန်အလှန်လေးစားမှု ရှိလာအောင် ကျနော်တို့က ဆောင်ရွက်တာ၊ နဂိုက ပြောခဲ့ပြီးသား၊ ခင်ဗျားတို့အာဏာကို ထိပါးချင်လို့ လူ့အခွင့်အရေးလုပ်တာမဟုတ်ဘူး၊ ကျနော်တို့ဟာ ပါတီအင်အားစုလဲမဟုတ်ဘူး၊ ဘာကိုစိုးရိမ်တာလဲ၊ ကျနော်တို့က လူ့အခွင့်အရေးဆိုတာကို မနှစ်သက်လို့လားလို့ မေးရမလိုဖြစ်နေပြီ။
လူ့အခွင့်အရေးဆိုတာကို အများပြည်သူက ဘယ်လောက်ထိ နားလည်ထားသလဲ၊ (HRDP)အနေနဲ့ရော ရှေ့ဆက် ဘာလုပ်ဖို့ ပြင်ဆင်ထားပါသလဲ။
အခု ကျနော်တို့ လူ့အခွင့်အရေးဆွေးနွေးပွဲလေး လုပ်တယ်၊ ဒီလိုလုပ်တဲ့အခါမှာ မိမိဒေသအတွင်းမှသည် တနိုင်ငံလုံးအနေအထားအထိ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်လုပ်ဆောင်သွားမယ်ဆိုတာရယ်၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို လူတိုင်းနားလည်ဖို့ဆိုတာ နည်းနည်းလိုသေးတယ်၊ မြန်မာတပြည်လုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် အများကြီး လိုအပ်နေတာ ရှိတယ်၊ အရင်ဆုံး ကျနော်တို့က ကိုယ့်ကိုယ်ကို ပြန်လည်ဝေဖန်စောကြောဖို့ လိုမယ်၊ ယခင်ကထက်ပိုပြီးသိအောင် ယဉ်ကျေးသိမ်မွေ့လာအောင် ကြိုးစားလုပ်ရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ တဖက်က လုပ်ရပ်တွေက ပြင်းထန်လွန်းတယ်၊ ကြမ်းတမ်းရက်စက်လွန်းတယ်၊ ကျနော်တို့ကတော့ လူ့အခွင့်အရေးကို ကိုင်စွဲထားတဲ့အတိုင်း ယဉ်ယဉ်ကျေးကျေးနဲ့ လူတိုင်းက လူ့အခွင့်အရေးကို သိလာပြီး အဲဒီအမြင်တွေနဲ့ လူ့ခွင့်အရေးကို တိုက်ယူဖို့ကို ကြိုးစားသွားမယ်ဆိုတဲ့ အကြောင်းတွေကို အဓိကထား ဆွေးနွေးဖြစ်ခဲ့ပါတယ်။
No comments:
Post a Comment