Tuesday, December 30, 2008

အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက်ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆို

NEJ/ ၃၀ ဒီဇင်ဘာ ၂၀၀၈


ယနေ့  နေ့လယ် (၂) နာရီခွဲခန့်က ရန်ကုန် မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၇) ဦးခန့် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြကြောင်း မျက်မြင်သက်သေများက ပြောသည်။

“ဘာ့ကြောင့် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေထဲမှာ ယောက်ျားတွေက တိုက်ပုံတွေ ကိုယ်စီဝတ်ထားတာတွေ့ပါတယ်။ အမျိုးသမီးက များတယ်။ (၃) နာရီလောက်လဲကျရော သူတို့ကို ရဲတွေက လာဖမ်းသွားတော့တာပဲ” ဟု မြေနီကုန်း မီးပွိုင့်အနီးနေသူတဦးက ပြောသည်။ သို့သော် လမ်းလျှောက်ဆန္ဒပြသူများ အဖမ်းခံရခြင်း ရှိမရှိ ယခုအချိန်ထိ သီးခြားအတည်ပြုချက် မရရှိသေးပေ။

အန်အယ်လ်ဒီ ပြောခွင်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများထဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ကိုထွန်းထွန်းဝင်းတို့လည်း ပါဝင်သည်ဟုကြားရကြောင်း ခေတ်ပြိုင်ကို ပြောသည်။

မျက်မြင်သက်သေအချို့၏ ပြောဆိုချက်အရ အဆိုပါလမ်းလျှောက်ဆန္ဒပြသူများသည် အန်အယ်လ်ဒီရုံးရှေ့မှ စတင်ထွက်ခွာပြီး ဒဂုံစင်တာရှေ့မှ ဖြတ်ကာ နောက်ပိုင်းလွှတ်တော်သို့ အသွား အဖမ်းခံရခြင်းဖြစ်သည်။ လမ်းလျှောက်ဆန္ဒပြသူဦးရေကို အချို့ကလည်း (၉) ဦးရှိသည်ဟု ပြောဆိုသည်။


No comments: