Wednesday, December 31, 2008

နေပြည်တော် အာဆီယံကောင်စစ်ဝန်ရုံးဆောက်ဖို့ကြံစိုက်ခင်းတွေသိမ်း

ခိုင်မင်း/ ၃၁ ဒီဇင်ဘာ ၂၀၀၈

နေပြည်တော်ဒေသတွင်း ပါဝင်သော ပြန်ကပြေး၊ တောက်ထိန်နှင့် လက်ပံခါးလှ ကျေးရွာများမှ ကြံစိုက်ခင်းဧက (၁,၀၀၀) ကို အာဏာပိုင်များက သိမ်းယူလိုက်ပြီဖြစ်ကြောင်း သတင်းရရှိ သည်။

ယင်းသို့ သိမ်းယူရခြင်းမှာ အာဆီယံနိုင်ငံများဆိုင်ရာ ကောင်စစ်ဝန်ရုံး တည်ဆောက်ရန် အတွက်ဟု သိရပြီး ဒီဇင်ဘာလလယ်ခန့်က အဆိုပါ ကျေးရွာများမှ ကြံတောင်သူများကို ဆင့်ခေါ်ကာ ကြံစိုက်မြေများကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း၊ အဆိုပါ ကြံစိုက်ခင်းများအတွင်း သို့ ၀င်ရောက်ခြင်း၊ ကြံခုတ်ခြင်းများ မပြုလုပ်ကြရန်လည်း အမိန့်ဖြင့် တားမြစ်ခဲ့သည်ဟု ဆိုသည်။

“အစကတည်းက သတင်းသဲ့သဲ့တော့ ကြားရတယ်။ အခုလောက် မြန်မြန်ကြီး ဖြစ်လာမယ်မထင်ဘူး။ ကျနော်တို့က အခုချိန်ဟာ ကြံရာသီဖြစ်လို့ သိမ်းမယ်ဆိုရင်လည်း ကြံတွေခုတ်ပြီးမှ သိမ်းပါလို့ မေတ္တာရပ်ခံကြည့်သေးတယ်။ ဒါအထက်အမိန့် မရဘူးလို့ ပြောတယ်။ အခုဟာက ကိုယ်စိုက်ခဲ့တဲ့ ကြံတောင် ကိုယ်မပိုင်တော့ဘူး ဖြစ်သွားတယ်။ တဧကကို ကြံစိုက်နိုင်ဖို့ ထယ်ခ၊ ထွန်ခ၊ ပျိုးခတွေ နည်းတာမဟုတ်ဘူး။ ဒီနှစ်အတွက် စရိတ်တွေ ပြန်မရတော့ဘူး” ဟု လက်ပံခါးလှ ကျေးရွာမှ ကြံတောင်သူတဦးက ပြောသည်။

ယခုအခါ အာဏာပိုင်များက သိမ်းယူထားသည့် ကြံစိုက်ခင်းများကို မြေထိုးစက်ဖြင့် ရှင်းလင်းလျက်ရှိရာ ဒေသခံ ကြံတောင်သူများမှာ နှမြောသဖြင့် စိတ်မချမ်းမသာဖြစ်လျက် ရှိကြောင်း သိရသည်။

ယခုတည်ဆောက်မည့် အာဆီယံနိုင်ငံများဆိုင်ရာ ကောင်စစ်ဝန်ရုံးကြီးကို တရုတ်နိုင်ငံ အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီတခုက တာဝန်ယူဆောက်မည်ဟုလည်း သတင်း ရရှိသည်။


No comments: