Friday, December 12, 2008

သူဟာလည်း အလင်းတန်းတစ်ခုလား

ဒေလီထက်၊

သာယာအေးချမ်းလှတဲ့ ဆောင်းနံနက်ခင်းရဲ့ ရှစ်နာရီခွဲအချိန်လောက်မှာပေါ့ လူဦးရေ တစ်သောင်းပတ်ဝန်းကျင်လောက် ၀င်ဆံ့တဲ့ ဘော်လုံးကွင်းပြင်ကြီးတစ်ခု အလယ်ကိုရောက်သွားတဲ့အခါ ထိုင်းဘုရင်မင်းမြတ် ဘူမီဘောအဒူလ်လျာဒက်ဂ်ျရဲ့ ၈၁ နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပဖို့ပြင်ဆင်ထားတာ တွေ့လိုက်ရပါတယ်။ ပထမဆုံးမြင်တွေ့လိုက်ရတာက ထိုင်းဘုရင်မင်းမြတ်ရဲ့ ဓါတ်ပုံနဲ့ ဇာတ်စင်လေးကို အ၀ါရောင်ပိတ်တွေ၊ အ၀ါရောင်ဖဲကြိုးလေးတွေ၊ အ၀ါရောင် ပူစီပေါင်းလေးတွေနဲ့ အလှဆင်ထားတာကို တွေ့လိုက်ရပါတယ်။

နောက်ပြီး ဇာတ်စင်လေးရဲ့ အရှေ့မှာ သစ်ပင်ငယ်လေးတွေလည်း တင်ထားတာ တွေ့လိုက်ရပါတယ်။ ဒီလိုမြင်လိုက်ရတဲ့အခါမှာ ထိုင်းလူမျိုးတွေက အ၀ါရောင်ဟာ ငြိမ်းချမ်းမှုလို့ ဖော်ညွန်းထားသလိုပဲ ကျမရဲ့ရင်ထဲကို ငြိမ်းချမ်းခြင်းတွေ ရောက်ရှိလာနေသလို ခံစားလိုက်ရပါတယ်။ ဆောင်းမနက်ခင်းအချိန် ဖြစ်တဲ့အတွက်ကြောင့် နံနက်ခင်း ထိုးဆင်းလာတဲ့ နေရောင်ပျောက်ကျားတွေရဲ့ အောက်မှာ ပုံဖော်လို့ မပြတတ်အောင်ကို လှပလို့ နေတယ်။ မျက်စိကလေးကို မိတ်လိုက်ရင်တောင်မှ စွဲထင်ကျန်ရစ်လောက်တယ်။ နောက်ထပ်နာရီဝက်လောက်အကြာမှာ ပရိသတ် သုံးထောင်နီးပါး တဖွဲဖွဲရောက်ရှိလို့ လာပါတော့တယ်။

ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှာ နေထိုင်ကြတဲ့ စခန်းသူ/သားတွေ၊ ကျန်းမာရေးလုပ်သား၊ ပညာရေးလုပ်သား၊ မသန်းမစွမ်းအဖွဲ့၊ CBO, NGOs အဖွဲ့အစည်းအသီးသီးက ထိုင်းဘုရင်မင်းမြတ်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ပွဲကို လာရောက်ပြီး ဂုဏ်ပြုကြတာပါ။ သူတို့တွေ ၀တ်စားလာတဲ့ ၀တ်စုံလေးတွေကြောင့် ရောင်စုံပန်းပေါင်းစုံကို မြေမှာကျဲချထားသလားလို့ ထင်ရောင်ထင်မှားတောင် ဖြစ်ခဲ့ရပြီး အံ့သြမှင်သက်ရလောက်အောင် ဖြစ်သွားရပါတယ်။ ကရင်နီဒုက္ခသည်စခန်း စခန်းသူ/သားတွေက သူတို့တတွေရဲ့ ရိုးရာဝတ်စုံများနဲ့ ထိုင်းဘုရင်မင်းမြတ်ကို ဂုဏ်ပြုတာပါလို့ ပြောကြတယ်။

ရိုးရာဝတ်စုံလေးတွေနဲ့ အသွင်တစ်မျိုးစီ ရှု့မညီးအောင်လှကြတဲ့ အထဲမှာ ပန်းနုရောင်ရိုးရာဝတ်စုံကို ၀တ်ထားတဲ့ ကယောလူမျိုးတစ်ယောက်ဖြစ်တဲ့ ဦးတီဖိုးအီကို တွေ့လိုက်တဲ့အချိန်မှာ သူ့နဲ့စကားပြောဖို့ စိတ်ကောဦးနှောက်ပါ အသိပေးလျှက်သားဖြစ်နေလို့ စကားပြောဖြစ်ခဲ့ကြပါတယ်။

သူအခုလိုကယောတို့ရဲ့ ရိုးရာယဉ်ကျေးမှု ၀တ်စုံကိုဝတ်လာတာနဲ့ ပတ်သက်ပြီး "ကျနော်က ကယောအမျိုးသားတစ်ယောက်ဖြစ်တယ်။ အဲဒီတော့ ဘုရင်ရဲ့ကြည့်ရှု့မှုအောက်မှာ ကျနော်တို့ ကယောအမျိုးသားလဲ ပါဝင်ပြီးတော့မှ ကြည့်ရှု့ခံရတယ်ဆိုတဲ့ သဘောမျိုးပါ" လို့ ပြောပါတယ်။

အသက် အားဖြင့် ၅၂ နှစ်ရှိပြီး ထိုင်းဘုရင်မင်းမြတ်အုပ်စိုးနေတဲ့ ထိုင်းနိုင်ငံကို လာရောက် နေထိုင်လာခဲ့သည်မှာ ၁၄ နှစ်တိုင်တိုင် ရှိသွားပြီလို့ ပြောပါတယ်။ သူဟာ ကရင်နီပြည် ဖရူဆိုမြို့နယ် ဟိုယာကျေးရွာမှာ နေထိုင်လာခဲ့တဲ့သူဖြစ်တယ်။ ကျေးရွာတွင် နေထိုင်ချိန်မှာ ကက်သလစ်ဓမ္မဆရာအဖြစ် တာဝန်ထမ်းဆောင်တဲ့ အတွက်ကြောင့် လူအ၀င်အထွက် ဧည့်သည်အမျိုးပေါင်းစုံကို လက်ခံနေရပါတယ်။ မြန်မာစစ်သားနဲ့ အပစ်ခတ်ရပ်စဲရေးယူထားတဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) တွေသာမကပဲ တဖက်မှာ စစ်အစိုးရကို ပြန်တော်လှန်တဲ့ ကရင်နီ တပ်သားတို့ကိုလည်း လက်ခံပြန်ရာ မြန်မာ စစ်သားတွေက သူပုန်နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲတဲ့အတွက်ကြောင့် ထိုင်းနိုင်ငံအတွင်းကို လာရောက်ခိုလှုံဖို့ ရှောင်ထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီးသူက "ကရင်နီအလှည့်ကျမှပဲ ဗမာက ကျနော်ကို ကရင်နီနဲ့ ဆက်သွယ်တယ်ဆိုပြီးတော့မှ စွပ်စွဲထားတယ်။ စွပ်စွဲတော့ ကျနော့်ကိုခေါ်တယ်၊ ဒီမှာလာ ဆွေးနွေးစရာရှိတယ်ပြောတော့ ကျနော်က မသွားရဲတော့ဘူး။ မသွားဖို့လဲ သူကြီးတွေကပြောတယ် သွားရင်လဲ သေမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် အကိုတစ်ယောက်က အဲလိုမျိုးအခေါ်ခံရလို့ပဲ အခုထက်ထိပြန်မတွေ့လာဘူး အဲဒါနဲ့ ကျနော်က ရှောင်ထွက်သွားတယ်" လို့ ပြောပါတယ်။

ထိုင်းဘုရင်မင်းမြတ်ဟာ လူမှုရေး စာနာထောက်ထားတဲ့ အနေနဲ့ ထိုင်းနိုင်ငံအတွင်းမှာ နယ်မြေ ခိုလှုံခွင့်ပေးခဲ့ပါတယ်။ အဲဒါကြောင့် ထိုင်းဘုရင်မင်းမြတ်ကို လေးစားကြည့်ညိုတဲ့ အနေနဲ့ ၂၀၀၃ ခုနှစ်ကစပြီး ကရင်နီဒုက္ခစခန်းမှာ ဒီဇင်ဘာလ ၅ ရက်နေ့ရောက်တိုင်း ထိုင်းဘုရင်မင်းမြတ် မွေးနေ့ပွဲရောက်တိုင်း ပြုလုပ်ပေးနေတဲ့ အခမ်းအနားတစ်ရပ်ကို ဆက်တိုက်ဆိုသလို တက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းအုပ်ချုပ်ရေးမှူး ဆရာမ ဒေးဒေးဖောက အခုလို ထိုင်းဘုရင်မင်းမြတ်ရဲ့ မွေးနေ့ပွဲကို ပြုလုပ်တာနဲ့ပတ်သက်ပြီး "ထိုင်းဘုရင်က ကျမတို့အပေါ်မှာ ထားတဲ့ အကြင်နာသနားစိတ်က တကယ်ပြည့်ဝတယ်။ ကျမတို့ ပြည်သူတွေ တတိယနိုင်ငံကို သွားနိုင်တာလည်း သူကပဲ အခွင့်အရေးပေးခဲ့တယ်လေ။ ကျမတို့ကို ဒုက္ခသည်ဘ၀မှ လွတ်မြောက်သွားနိုင်ပါစေ ဆိုပြီးတော့ လမ်းဖွင့်ပေးထားတာ" လို့ပြောသွားပါတယ်။

ထိုင်းဘုရင်မင်းမြတ်ရဲ့ မွေးနေ့ပွဲအခမ်းအနားမှာ မျက်မမြင်တွေရဲ့ လက်ရာအရုပ်ကလေးနဲ့ ကရင်နီရိုးရာဝတ်စုံလေးကို ရောင်းချတာတွေ၊ ပြဇာတ်၊ ၀တ်ပြုဆုတောင်းခြင်း၊ ဘုရင်မင်းမြတ်အတွက် အမှတ်တရ သစ်ပင်စိုက်ပျိုးတာတွေနဲ့ ညအချိန်မှာ ဖရောင်းတိုင်မီးထွန်းတာလေးတွေကို ပြုလုပ်ပေးကြပါတယ်။

"ဒီဘုရင်က အသက်ကြီးတယ်ဆိုပေမယ့်လို့ သူ့ရဲ့စိတ်မြင့်မြတ်မှုကြောင့်ပေါ့လေ၊ လူတကာရဲ့မေတ္တာကြောင့်လဲ အသက်ရှည်တယ်။ ဒီထက်လဲရှည်ဖို့ ကျနော့်အနေနဲ့ ဆုတောင်းပေးချင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့်ပဲ ကရင်နီဒုက္ခသည်မကဘူး၊ ကရင်ဒုက္ခသည်၊ အခြားဒုက္ခသည်တွေလဲ နယ်မြေခိုလှုံခွင့်ရှိတာပေါ့။ အဲဒီတော့ ဒီဘုရင်လိုမျိုးမှ တစ်ခုခုသော ဘ၀တစ်ခုပြောင်းလို့ရှိရင် ကျနော်တို့လဲ ဒုက္ခပြန်ရောက်နိုင်တယ်။ ဒါကြောင့်မလို့သူ့ကို အသက်ရှည်ချင်တာပေါ့" လို့ ဦးတီဖိုးအီက ပြောကြားသွားပါတယ်။

ထိုင်းဘုရင်မင်းမြတ် ဘူမီဘော အဒူလ်လျာဒက်ဂ်ျဟာ (၁၉၄၆)ခုနှစ်မှာ နန်းတက်ခဲ့ပြီးနောက် ကမ္ဘာ့နန်းစံသက်တမ်း အရှည်ဆုံးဘုရင်အဖြစ် မှတ်တမ်းတင်ထားခြင်းခံရသူ ဖြစ်ပါတယ်။ ထိုင်းပြည်သူတွေကလဲ သူတို့ ဘုရင်အပေါ် သူတို့ရဲ့ သဘောထားကြောင့် ထိုင်းမှာ ဆိုရိုးတစ်ခုတောင် တွင်ယူရပါတယ်။ အဲဒါကတော့ "ထိုင်းတစ်ယောက် သေလို့သာ ထိုင်းဘုရင် အသက်တစ်ရက် ပိုရှည်မယ်ဆိုရင် တစ်နိုင်ငံလုံးက ထိုင်းတွေ အားလုံးက လိုလိုချင်ချင် ကျေကျေနပ်နပ်နဲ့ သေပေးကြမယ်" ဆိုတာပါပဲလို့ ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ GP Business Group အဖွဲ့ရဲ့ online စာမျက်နှာမှာ ရေးသားထားပါတယ်။

No comments: