Wednesday, December 17, 2008

စစ်တပ်မှ အတင်း ဆွဲစည်းရုံးခံရသော လူငယ် တဦးကို မိဘ ဖြစ်သူများက ကျပ်ငွေ ၉ သိန်းပေး၍ ပြန်ရွေးထုတ်ခဲ့ရ

Narinjara News

ခိုင်မင်းမူ(နိရဉ္စရာ) ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မိသားစု တစုမှာ စစ်တပ်ထဲ အတင်းစည်းရုံး သိမ်းသွင်းခံရသူ သားဖြစ်သူ လူငယ်ကို စစ်သင်တန်းကျောင်းမှ ပြန်ရွေးထုတ်ရာတွင် သက်ဆိုင်ရာ သင်တန်းမှူးနှင့် ကျောင်းအုပ်ကြီးအား ကျပ်ငွေ ၉ သိန်းပေးခဲ့ရသည်ဟု သတင်းရရှိသည်။

စစ်တပ်ထဲ အတင်းစည်းရုံးသိမ်းသွင်းခံရသူမှာ ပေါက်တော မြို့နယ် ပြိုင်းတောင်ကျေးရွာမှ ဦးမြင့်ထွန်းနှင့်ဒေါ်စောနှင်း တို့  ၏သား မောင်ထွန်းဝေ အသက်(၁၉ နှစ်) ဖြစ်သည်။

မောင်ထွန်းဝေမှာ ရန်ကုန် ရွှေပြည်သာမြို့  အမှတ်(၁) စက်မှုဇုံ အထည်စက်ရုံတွင် အလုပ် လုပ်နေသူ ဖြစ်ပြီး ရန်ကုန်မှ ရခိုင်သို့ အလည် ပြန်စဉ်တွင် ပြည်မြို့ အရောက်တွင် စစ်သား အဖြစ် အတင်း စည်းရုံးသိမ်းသွင်းမူကို ခံရခြင်း ဖြစ်သည်။

သူ့အား အတင်း စည်းရုံးသွားသူမှာ တပ်ကြပ်ကြီး ဇော်ဝင်းနိုင် ဖြစ်ပြီး ပြည်မြို့ စစ်သားစုဆောင်းရေးမှ ဖြစ်သည်။

မောင်ထွန်းဝေမှာ ရခိုင်သို့ ပြန်ရန်အတွက် ရန်ကုန်မှ တဆင့် ပြည်မြို့သို့ ညရထားစီးပြီ်း ပြန်ခဲ့ကြောင်း၊ ပြည်သို့ အရောက်တွင် တပ်ကြပ်ကြီး ဇော်ဝင်းနိုင်မှ မောင်ထွန်းဝေအား မည်သည့် အရပ်သို့ ပြန်မလဲဟု မေးကြောင်း၊ မောင်ထွန်းဝေမှ ရခိုင်သို့ ပြန်မည်ဟု ပြောဆိုကြောင်း၊ တပ်ကြပ်ကြီး ဇော်ဝင်းနိုင်မှ မိမိလည်း ရခိုင်သို့ ပြန်မည် ဖြစ်၍ အဖေါ် ရကြောင်း သို့သော်လည်းကားမှာ ညနေမှ စီးရမည် ဖြစ်သဖြင့် မိမိ နေထိုင်ရာ အိမ်သို့ အလည် လိုက်ခဲပါဟု ဖိတ်ကြားကာ စစ်သား စုဆောင်းရေးသို့ အတင်း ပို့ဆောင် ခဲ့သည်ဟု မောင်ထွန်းဝေ၏ ဦးလေးတော်သူက ပြောသည်။


မောင်ထွန်းဝေအား အောက်တိုဘာ လဆန်းပိုင်းတွင် ပြည်စုဆောင်းရေးမှ ရန်ကုန် ဒညှင်းကုန်း စုဆောင်းရေးသို့  လွှဲပြောင်းပေခဲ့ပြီး ထိုမှတဆင့် ဖောင်ကြီး အမှတ်(၁) စစ်အခြေခံလေ့ ကျင့်ရေးကျောင်းသို့ အောက်တိုဘာလ ဒုတိယပတ်တွင် ပို့ပေးခဲ့သည်။

မောင်ထွန်းဝေ တက်ရောက်ခဲ့သည့် စစ်သင်တန်း အမှတ်စဉ်မှာ (၁၂/၂၀၀၈) ဖြစ်ပြီး သင်တန်းတက်ပြီး တလခန့် အကြာတွင် မိဘများထံသို့ ဆက်သွယ်ခွင့်ရခဲ့သည်ဟု သိရသည်။


မောင်ထွန်းဝေ၏ မိဘများမှာ သတင်းရလျှင် ရချင်း ဖေါင်ကြီ သင်တန်းကျောင်းသို့ သွားခဲ့ပြီး မောင်ထွန်းဝေအား စစ်တပ်ထဲမှ ပြန်လည် ခေါ်ယူခွင့် ပြုရန် သင်တန်းမှူးအား အကြောင်းကြားခဲ့ကြောင်း၊ သင်တန်းမှူးမှ မောင်ထွန်းဝေမှာ ၎င်း၏ စိတ်ဆန္ဒအရ စစ်တပ်ထဲသို့ ၀င်လာသူ ဖြစ်၍ မိဘများထံသို့ ပြန်လည် ပေးအပ်ရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

နောက်ပိုင်းတွင် စစ်တပ်နှင့် နီးစပ်သူ ပွဲစား တဦး၏ အကူအညီဖြင့် သင်တန်းမှူးအား ကျပ်ငွေ ၃ သိန်းပေးလိုက် ပြီးမှ သူကိုယ်တိုင် မောင်ထွန်းဝေအား သင်တန်းမှ ထုတ်ယူရန် နည်းလမ်း အမျိုးမျိုးဖြင့် စီစဉ်ပေးခဲ့သည်ဟု သိရသည်။

ဖေါင်ကြီး စစ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ထောက်ခံချက် ရရှိရန် ကျပ်ငွေ ၄ သိန်းပေးခဲ့ရကာ တခြား အရာရှိများအား ကျပ်ငွေ ၂ သိန်းပေးခဲ့ရပြီး စုစုပေါင်း ကျပ်ငွေ ၉သိန်း ကုန်ကျခဲ့သည်။


တပ်မတော်လေ့ကျင့်ရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ အရ အခြေခံ စစ်သင်တန်း တက်ရောက်နေသော သင်တန်းသား တစ်ဦးအား သင်တန်းမှ ထုတ်ပယ်လိုပါက ဆက်လက် သင်တန်း တက်နိုင်သည့် ကျန်းမာသန်စွမ်းမှု မရှိကြောင်း သင်တန်းကျောင်းအုပ်ကြီးမှ ထောက်ခံချက် ပြုပါက ထိုသင်တန်းသားကို ဆေးအဆင့် နိမ့်ဖြင့် သင်တန်းမှ ထုတ်ပယ်နိုင်ကြောင်း အငြိမ်းစား စစ်သား တဦးက ပြောဆိုသည်။

ယခုကဲ့သို့ ဖြစ်စဉ်များမှာ မြန်မာ တနိုင်ငံလုံးရှိ စစ်အခြေခံ လေ့ကျင့်ရေးကျောင်း (၁၀)ကျောင်း တွင် မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး သင်တန်းသားများကို မိဘများက စစ်တပ်ထဲ မသွင်းလိုပါက ယခုကဲ့သို့ ငွေကြေး အမြှောက်အမြားကို ပေးပြီး ပြန်လည် ရွှေးထုတ်ရသည်ဟု သိရှိရသည်။


No comments: