Saturday, January 31, 2015

ဖိအားပေးမှ လေးပွင့်ဆိုင် တွေ့ဆုံမည်ဆိုခြင်း ဒီမိုကရေစီ စံနှုန်းများနှင့် မညီဟု ဒေါ်စု ပြော

စိုးသန်းလင်း

အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဖေဖော်ဝါရီ ၁ ရက်တွင် လေးပွင့်ဆိုင်တွေ့ဆုံမည့် ကိစ္စအပေါ် ဖိအားပေးမှ၊ မကျေနပ်မှုတွေ အရှိန်တက်လာမှ တွေ့ဆုံခြင်းမှာ ဒီမိုကရေစီစံနှုန်းနှင့် မညီကြောင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံရေးကို စတင်တောင်းဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ဝေန်ပြောကြားခဲ့သည်။

''ဆွေးနွေးညှိနှိုင်းသင့်တဲ့ ကိစ္စတွေကို စောစောစီးစီးလုပ်တာ အကောင်းဆုံးပဲ။ အခုလို ဖိအားပေးမှ၊ မကျေနပ်မှုတွေ တော်တော်အရှိန်တက်လာမှ ညှိနှိုင်းဆွေးနွေးမှုတွေ လက်ခံတယ်ဆိုတာဟာ ဒီမိုကရေစီရဲ့စံချိန် စံနှုန်းနဲ့ မကိုက်ညီဘူးလို့ ဒီလိုပဲမြင်တယ်''ဟု ၎င်းက ဇန်နဝါရီ ၂၉ ရက်က ပြည်သူ့ လွှတ်တော် ၁၂ ကြိမ် မြောက် အစည်းအဝေး နဝမနေ့ အစီအစဉ်မစမီ မဇ္ဈိမကို ပြောသည်။

အမျိုးသား ပညာရေး ဥပဒေ ကိစ္စအတွက် ကျောင်းသားများနှင့် လေးပွင့်ဆိုင်တွေ့ရန် သမ္မတက သဘောတူလိုက်သည့် အနေအထားအရ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ဆွေးနွေးမှုများ ယခုလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးမစတင်မီ ခြောက်ပွင့်ဆိုင် တွေ့ဆုံနိုင်ဖို့ မျှော်လင့်နိုင်ပါသလားဟု မဇ္ဈိမက မေးမြန်းသည်ကို ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၎င်းက "ဒီမိုကရေစီဆိုတာ ညှိနှိုင်းဆွေးနွေးတဲ့ဟာကို လိုလိုလားလားနဲ့ ယဉ်ကျေးမှုရဲ့ အစိတ်အ ပိုင်းတစ်ခုအနေနဲ့ လက်ခံရမှာ။ အတင်းဖိအားပေးလို့ ပြဿနာ တွေ မဖြေရှင်းနိုင်တော့မှ၊ ပြဿနာတွေ ပွားလာတော့မှ ဆွေးနွေးပါမယ်ဆိုတာဟာ ဒီဟာကတော့ ဆွေးနွေးညှိနှိုင်းမှုရဲ့တန်ဖိုးကို တကယ်နားမလည်သေး လို့ပဲလို့ ဒီလိုပဲမြင်တယ်" ဟုလည်း ဖြည့်စွက်ပြောခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များ လွှတ်တော်အတွင်း စတင်တော့မည့် ယခုကာလတွင် ခြောက်ပွင့်ဆိုင် အရင်တွေ့သင့်သည်ဟု ထင်ပါသလားဟု မဇ္ဈိမက မေးသည်ကိုလည်း ''ခြောက်ပွင့်ဆိုင်ကို အရင် လုပ် သင့်တယ်ပေါ့နော်။ လုပ်တာ၊ မလုပ်တာကတော့ အဓိကကတော့ သမ္မတအပေါ်မှာ မူတည်တယ်'' ဟု ဖြေကြားခဲ့သည်။

No comments: