Friday, January 30, 2015

၂၀၁၅ အတွက် အိုဟောင်းအစားထိုးအပ်နှံ ယာဉ်ပါမစ်ထုတ်ပေးသည့် အစီးရေ ၂၀၀ ကျော်ရှိလာ ၂၀၁၅

ထင်လင်းအောင်

အိုဟောင်း အစားထိုးလဲလှယ်ရန် ဖျက်သိမ်းအပ်နှံသည့် ယာဉ်အစီးရေ ၆ဝဝ ကျော်ရှိလာကာ ပါမစ်ထုတ် ပေးထားသည့် ယာဉ်အစီးရေ ၂ဝဝ ကျော်ရှိထားပြီးဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်ထားသည်။

ယခု ၂ဝ၁၅ ခုနှစ်တွင် အိုဟောင်းယာဉ်အပ်နှံမှု အစီးရေ ၆၁၁ စီးအထိရှိထားပြီး ၎င်းအနက် ဇန်နဝါရီ ၂၂ ရက်အထိ အစီးရေ ၂ဝ၆ စီးအတွက် အစားထိုး တင်သွင်းခွင့် ပါမစ်ကို ထုတ်ပေးခဲ့သည်ဟု ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

သို့ရာတွင် အဆိုပါပါမစ်များနှင့် သက်ဆိုင်သည့် တင်သွင်းအိုဟောင်း အစားထိုးယာဉ်များအတွက် မှတ်ပုံတင် ဆောင်ရွက်ထားသည့် ယာဉ်များ မရှိသေးဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖျက်သိမ်းယာဉ်အပ်နှံမှုများတွင် ၂ဝ၁၅ ခုနှစ်ဇန်နဝါရီ ၁ ရက်မှ ၂၂ ရက်အထိ လူစီးယာဉ် ၅၄၉ စီးရှိခဲ့ကာ ကုန်တင်ယာဉ် ၄၇ စီးနှင့် ခရီးသည်တင်ယာဉ် ၁၅ စီးတို့ ဖျက်သိမ်းထားခဲ့သည်ဟု ဆိုသည်။

ယခုနှစ်မှ စတင်ကာ အိုဟောင်း အစားထိုး ဖျက်သိမ်းယာဉ်များသည် ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာန (ကညန) ကကောက်ခံသည့် ယာဉ်မှတ်ပုံတင် အခွန်နှုန်းထားကို ရာနှုန်းပြည့်ပေးဆောင်ရမည်ဟု ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ၎င်းဌာနက ထုတ်ပြန်ထားခြင်းလည်း ဖြစ်သည်။

ပါမစ်ထုတ်ပေးမှုများတွင် လူစီးယာဉ် ၁၉၂ စီး၊ ကုန်တင်ယာဉ် ခုနစ်စီးနှင့် ခရီးသည်တင်ယာဉ် ခုနစ်စီးတို့အတွက် ပါမစ်ထုတ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး နေရပ်လိပ်စာဖြင့် တင်သွင်းယာဉ်များအတွက် ကားရပ်နားရန် နေရာပြနိုင်မှသာ တင်သွင်းခွင့်ရရှိမည်ဟု ထုတ်ပြန်ချက်ကြောင့် အပ်နှံမှုလျော့နည်းမှု ရှိခဲ့သည်။ ဇန်နဝါရီ ၆ ရက်မှ စတင်ကာ ကားရပ်နားနေရာပြရန် မလိုတော့ဘဲ တင်သွင်းခွင့်ရရှိမည်ဟု ပြန်လည်ထုတ်ပြန်ခဲ့ခြင်းကြောင့် အိုဟောင်းအပ်နှံမှု တိုးတက်လာခဲ့ခြင်းလည်း ဖြစ်သည်။

ကားတင်သွင်းခွင့်စတင်ခဲ့သော ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ တင်သွင်းယာဉ်အစီးရေ ၃၈ဝ,ဝဝဝ ကျော် ရှိခဲ့ခြင်းဖြစ်ကာ အစီးရေ တစ်သိန်းကျော်မှာ အိုဟောင်းယာဉ်များ ဖြစ်သည်။

ကျန်မော်တော်ယာဉ်အစီးရေ နှစ်သိန်းကျော်သည် တစ်ဦးချင်းပါမစ်၊ ကားအရောင်း စင်တာပါမစ်နှင့် အခြား သောပါမစ်များဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

No comments: